အခန်း(၄)

131 3 0
                                    

💜အချစ်ဦးမဟုတ်ပါ သို့သော်…💜
💜အခန်း(၄)💜

“တီ… တီ… တီ…”
ကုမ္ပဏီမှာစာရင်းတွေစစ်နေရင်းကနေ ဖုန်းဝင်လာသဖြင့် ဖုန်းကိုမကြည့်ဘဲသူကိုင်လိုက်လေသည်။
“ဟယ်လို…”
“မင်္ဂလာပါ မြေးတော်…”
“ဟာဖိုးဖိုး…”
ဘုန်းရိပ် အ့ံသြသွားကာချက်ချင်းပဲစာရင်းစစ်နေတာကိုရပ်လိုက်လေသည်။
“နေကောင်းသွားပြီလားဖိုးဖိုး…”
“အိမ်း… ဖိုးဖိုးကောင်းသွားပြီမြေးတော်…”
ဖိုးဖိုးရဲ့အသံက ကြည်လင်ပြတ်သားနေသဖြင့် သူလည်းစိတ်ချမ်းသာသွားရသည်။
“ဖိုးဖိုးအကြောင်းထူးရှိလို့များလား…”
“အကြောင်းထူးဆိုတာထက် မြေးတော်ရဲ့ ထိမ်းမြားမှုနဲ့ပတ်သက်လို့ပဲဆိုပါတော့…”
ထိမ်းမြားမှုဆိုတဲ့စကားလုံးကိုကြားလိုက်တိုင်းသူ့ရင်ထဲမှာဘယ်လိုခံစားလိုက်ရတယ်မသိခံစားနေရသည်။တစ်ခါတစ်လေအလုပ်လုပ်ရင်းနဲ့ ခေါင်းထဲရောက်လာရင်တောင်မှ သူမနည်းဖျောက်ဖျက်ပစ်လိုက်ရတဲ့အခါလည်းမနည်းတော့။ “မြေးတော် ဘာတွေစဉ်းစားနေသလဲ…”
“ဗျာ… ဘာမှမစဉ်းစားပါဘူးဖိုးဖိုး…” “ဒါဆိုဖိုးဖိုးမြေးတော်ကိုပြောစရာရှိတယ်…”
“ဟုတ်ကဲ့ ပြောပါ ဖိုးဖိုး…”
“ထိမ်းမြားမှုနဲ့ပတ်သက်ပြီးတွေ့ဆုံပွဲတစ်ပွဲကိုနောက်လကျောင်းပိတ်ချိန်ရောက်ရင် လုပ်ဖြစ်မယ် မြေးတော်… တစ်ဖက်ကမိန်းကလေးမှာချစ်သူသညာမရှိသလိုမြေးတော်မှာလည်းမရှိဘူးမို့လား…”
ချစ်သူသညာ… သူသံယောင်လိုက်ပြီးမှတစ်ချက်ပြံုးလိုက်မိလေသည်။
“မရှိပါဘူးဖိုးဖိုး…”
ချစ်သူမပြောနဲ့ သူ့မှာ စိတ်ဝင်စားရမယ့်လူတောင်မှ မရှိတာဖိုးဖိုးတို့မသိဘူးလား။အဲ့လိုလူမျိုးကိုထိမ်းမြားပေးမယ်ဆိုရင် တစ်ဖက်မိန်းကလေးအနေနဲ့ ပျော်ရွှင်ရမှာမဟုတ်ဘူးဆိုတာကိုရောဖိုးဖိုးမသိလေရော့သလား။ ဒါပေမယ့် သူဘာမှတော့မပြောဖြစ်ခဲ့။
“အိမ်းကောင်းပြီမြေးတော်…တွေ့ဆုံပွဲကိုဟော်နန်းမှာလုပ်မှာမဟုတ်တဲ့အတွက်မြေးတော်အနေနဲ့ ဘာအတွက်မှ ပူပန်နေစရာမလိုပါဘူး…”
“ဟုတ်ကဲ့ပါ ဖိုးဖိုး…”
“ဖိုးဖိုးပြောချင်တာတစ်ခုကတော့ မြေးတော် ဖိုးဖိုးတို့ကိုမျက်နှာပျက်အောင်မလုပ်ဖို့ပါပဲ…”
တကယ်တမ်းစိုးရိမ်နေတာကဖိုးဖိုးဖြစ်နေတာကိုသူသိလိုက်ရသဖြင့်အနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားမိလေသည်။ တွေ့ဆုံပွဲကိုဟော်နန်းမှာမဟုတ်ဘဲစံနန်းတော်မှာလုပ်မယ့်အတွက်တော့ သူကျေနပ်မိပါတယ်။ ဟော်နန်းဆိုတဲ့နေရာက မျိုးနွယ်ရဲ့အထွဋ်အမြတ်နေရာတစ်ခုဖြစ်ပေမယ့် သူ့အတွက်တော့ ကျဉ်းကြပ်လွန်းတဲ့နေရာတစ်ခုဖြစ်သည်။ “စိတ်ချပါ ဖိုးဖိုး… ကျွန်တော် ဖိုးဖိုးတို့ကိုမျက်နှာပျက်အောင်မလုပ်ပါဘူး…”
“တွေ့ဆုံပွဲလုပ်တဲ့အခါ မြေးတော်ရဲ့ခမည်းတော်နဲ့မယ််တော်ကတော့ ပါမှာမဟုတ်သေးဘူး ဒါပေမယ့် ဦးရီးတော်တွေနဲ့ ဒွေးတော်တွေတော့ ပါကြမယ် မြေးတော်…”
“ဟုတ်ကဲ့ပါ ဖိုးဖိုး…”
“ဖိုးဖိုးတို့ဘက်ကပိုပြီးဂရုစိုက်ရမှာမို့လို့မြေးတော်အနေနဲ့လည်းဂရုစိုက်ပြီးအလေးထားပေးပါ မြေးတော်… ဘယ်လိုပဲကတိစကားကြောင့်ဆိုဆိုဖိုးဖိုးတို့ဟာမျိုးနွယ်ရဲ့ဂုဏ်ကိုစောင့်ထိန်းသူတွေမို့လို့ မြင့်မြတ်သူတွေဆိုတာတခြားလူတွေကိုလည်းသိစေချင်တယ်…”
ဖိုးဖိုးရဲ့စိုးရိမ်စိတ်ကိုသူဖျောက်ဖျက်ပေးချင်သဖြင့်ဘာမှပြန်မပြောဘဲဖိုးဖိုးပြောသမျှတွေကိုအလေးထားကာနားထောင်ပေးနေမိလေသည်။
“မျိုးနွယ်ဆိုတဲ့စကားလုံးဟာ နှစ်လုံးထဲဆိုပေမယ့် အင်မတန်ကြီးကျယ်ခမ်းနားတဲ့စကားလုံးဆိုတာမြေးနားလည်မှာပါ…”
“ဟုတ်ကဲ့ပါ ဖိုးဖိုး…”
“ပြောသာပြောရတာပါ မြေးကစဉ်းစားချင့်ချိန်နိုင်တဲ့အရွယ်ရောက်နေပြီပဲ… ဖိုးဖိုးအခုလိုမျိုးစိုးရိမ်ဖို့တောင် မလိုတော့ပါဘူး… ဟုတ်တယ် မဟုတ်လားမြေးတော်…”
မြေးလို့ခေါ်လိုက် မြေးတော်လို့ခေါ်လိုက်နဲ့ ဖိုးဖိုးသည်လည်းဖွားဖွားလိုပါပဲလား။ သူ့ကိုချစ်တဲ့ ဖိုးဖိုးရဲ့အချစ်က ဖွားဖွားထက်တော့လျော့မယ်မထင်ပါ။
“ဟုတ်ပါတယ် ဖိုးဖိုး… အဲ့ဒါကြောင့် ဖိုးဖိုးမစိုးရိမ်ပါနဲ့…”
“အေးကွယ်… ဒါဆိုလည်းဖိုးဖိုးပြောချင်တာတွေကိုမြေးတော် နားလည်ပြီးသားလို့ပဲယုံကြည်ပြီးတော့ ဖိုးဖိုးဆက်ပြီးမှာတမ်းမခြွေတော့ဘူးမြေးတော်…”
“ဟုတ်ကဲ့ပါ ဖိုးဖိုး…”
“ဒါဆိုဖိုးဖိုးပြောချင်တာဒါပဲမြေးတော်… ကျန်းမာရေးကိုအထူးဂရုစိုက်ပါ…”
“ဟုတ်ကဲ့ပါ ဖိုးဖိုးလည်းကျန်းမာရေးဂရုစိုက်ပါ…”
သူလည်းစကားဆုံးသွားရောဖိုးဖိုးကဖုန်းချသွားပြီဖြစ်သည်။ သူလည်းဖုန်းကိုစားပွဲပေါ်တင်လိုက်ပြီးတော့မှ စာရင်းစစ်ဖို့ စိတ်မပါတော့သဖြင့်ရုံးခန်းထဲကထွက်လာလိုက်သည်။ရုံးခန်းရှေ့မှာသူ့ရဲ့အတွင်းရေးမှူး ကိုသက်ကစောင့်နေလေသည်။
“သခင်လေး ဘယ်သွားမလို့လဲ…”
“အပြင် ခဏသွားချင်လို့…”
“ကျွန်တော် လိုက်ခဲ့ရမလား…”
“ရတယ် မလိုက်ခဲ့နဲ့ ကိုသက်…”
“ဟုတ်ကဲ့ပါ သခင်လေး…”
သူလွတ်လပ်ပေါ့ပါးစွာဖြင့် ကုမ္ပဏီထဲကထွက်လာလိုက်သည်။ စိတ်တွေရှုပ်နေလို့သာအပြင်ကိုသွားရမှာ။သူ့မှာကားကမပါ။ ဒီအတိုင်းခြေလျင်လျှောက်သွားလို့ကလည်းမဖြစ်။သူနောက်ကြောင်းပြန်လှည့်လိုက်ကာကုမ္ပဏီထဲသို့ ပြန်ဝင်လိုက်လေသည်။ ကိုသက်မှာကားပါတော့ ကိုသက်ဆီကငှားသွားရမယ်။ ကိုသက်ကသူ့ရဲ့အတွင်းရေးမှူးဆိုပေမယ့်လည်းငယ်ငယ်လေးကတည်းကသူငယ်ချင်းလိုပေါင်းလာတဲ့သူ။မပြည့်စုံလို့ မဟုတ်ဘဲဝါသနာပါလို့အလုပ်လုပ်နေသူဆိုတော့ ညီအကိုကဲ့သို့ ရင်းနှီးကြသည်။ ကုမ္ပဏီကိုလာတော့လည်းသူ့ကားနဲ့သူဆိုတော့ ကိုသက်ကမှ သူ့ထက်လွတ်လပ်သေးတယ်လို့ သူတွေးလိုက်မိသည်။
“ဟာ သခင်လေး… ဘာဖြစ်လို့လဲ…”
သူ ပြန်လာတာကိုတွေ့တော့ ကိုသက်ကစိုးရိမ်သွားသည့်ပုံဖြင့် မေးလာတော့ သူခေါင်းရမ်းပြလိုက်ကာ
“ကိုသက်… မင်းရဲ့ကားခဏငှားလို့ရမလား…” ကိုသက်ကအဲ့တော့မှပဲတစ်ခုခုကိုသတိရသွားပုံဖြင့်
“ဟာဟုတ်သားပဲ… သခင်လေးမှာကားမှ မပါတာ… ကျွန်တော် မေ့နေတာ… ယူသွားလေသခင်လေး..”
ပြောလည်းပြောအိတ်ကပ်ထဲကနေကားသော့ကိုထုတ်ပေးလာသဖြင့် သူယူလိုက်ကာ
“အင်းကျေးဇူးပဲ…”
“ရပါတယ် သခင်လေး…”
သူ ပြံုးပဲပြံုးလိုက်ပြီးကိုသက်ရှေ့ကနေထွက်လာလိုက်တော့သည်။ ကားသော့ရပြီဆိုတော့ ဘယ်ကိုသွားရမလဲ။ ခဏလေးပဲဖြစ်ဖြစ် မွန်းကြပ်နေတဲ့စိတ်ကိုဖြေဖျောက်ဖို့ တစ်နေရာရာကိုတော့ သွားမှဖြစ်မယ်။ အနည်းဆုံး ထိမ်းမြားမှုဆိုတဲ့အရာကြီးကို ခဏလေးပဲဖြစ်ဖြစ် မေ့ထားလို့ရမယ့် နေရာတစ်ခုကို သူသွားချင်တယ်။
#####
“ကိုး… ကိုးတကယ်ပြောတာနော်…”
သူမကရှက်ရွံ့စွာဖြင့် သူ့ကိုခေါင်းငြိမ့်ပြနေလေသည်။ခညောင်းကိုးရဲ့လက်ဝါးနုနုလေးတစ်ဖက်ကိုဆုပ်ကိုင်လိုက်ကာသူ့ရဲ့ဘယ်ဘက်ရင်အုံမှာအပ်ထားလိုက်ပြီး “နောက်တစ်ခေါက်လောက် ထပ်ပြောပေးပါလားကိုးရယ်… နော်…” သူမမျက်နှာကအပြံုးဟာသူ့အတွက် အသက်ရှည်ဆေးလို့ ထင်ခဲ့မိတာသူမမှားပါ။တကယ်ပဲသူ့စိတ်တွေ ပျော်ရွှင်မြူးထူးလို့နေလေတော့သည်။
“ကိုး… ကိုး ရှင့်ကိုချစ်ပါတယ် ကင်း….”
ကိုးကသူ့ကိုအကြည့်ချင်းမဆုံအောင်ရှောင်ပြီးပြောနေပေမယ့် သူကတော့ကိုးရဲ့မျက်နှာကိုပဲအတင်းလိုက်ကြည့်နေလေတော့သည်။ သူ့ရင်မှာကပ်ထားတဲ့ ကိုးရဲ့လက်ကိုလည်းသူမလွှတ်သေး။ ကိုးကတော့ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ကာနေနေမိတော့သည်။
“ကိုယ် ဘာလို့ ကိုးကိုအရမ်းချစ်မိသွားခဲ့တာလဲဟင်…”
သူမကိုသေချာကြည့်ကာမေးနေတဲ့ သူ့ကိုကြည့်ပြီးကိုးရှက်သွားကာမျက်စောင်းထိုးလိုက်မိလေသည်။
“အို… အဲ့ဒါ ကိုးဘယ်လိုသိမလဲ…”
သူမအဖြေကြောင့် ခညောင်းသဘောကျသွားကာ ပြံုးလိုက်မိပြီး
“အရမ်းချစ်တယ် ကိုးရယ်…”
“ဟေး…”
အော်သံနဲ့အတူအနားသို့ ရောက်လာတဲ့ သူတို့ကိုကြည့်ကာကိုးလန့်သွားလေသည်။
“ဟင် မဒီ…”
“ဟာ ရာဇာ…”
ရာဇာ၊ မဒီနဲ့ စိမ်းတို့ကရောက်လာကာအော်ပြီးလက်ခုပ်တီးနေသဖြင့် သူတို့နှစ်ယောက်လည်းအ့ံသြသွားကြသည်။ “ကဲအခုတော့ မင်းဖြစ်ချင်တာလည်းဖြစ်ပြီဆိုတော့ အထိမ်းအမှတ်အနေနဲ့ ငါတို့ကိုတစ်ခုခုလိုက်ကျွေးတော့…”
ခညောင်းကိုးရဲ့လက်ကိုဆုပ်ကိုင်ထားရင်းကနေရယ်လိုက်ကာ
“အေးပါကွာ… လိုက်ကျွေးပါ့မယ်…”
“ဟေး… ဒါမှပေါ့…”
“ကိုး… ကိုယ်တို့တွေချစ်သူဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ အပြင်ကိုသွားရအောင်နော်…”
“ဟင်…”
ကိုးအဲ့လောက်တော့သတ္တိမရှိသေးပေ။ ဖေဖေနဲ့မေမေဒါမှမဟုတ်မမသာတွေ့သွားရင် ကိုး… ကိုး…။ ကိုးတကယ်ကိုပင် ဆက်မတွေးရဲတော့သဖြင့် ခေါင်းရမ်းမိလိုက်လေသည်။
“ဘာလို့လဲကိုးရဲ့…”
“ကိုးကသူ့မိသားစုတွေ မြင်သွားမှာကြောက်နေတာကင်းရဲ့…”
ကြားထဲကနေ မဒီကဝင်ပြောလာသဖြင့် ကိုး ခေါင်းငုံ့နေမိလေသည်။
“ကိုယ်တစ်ယောက်လုံးပါတာပဲကိုးရယ်…”
“ဟုတ်သားပဲကိုးကလည်းသူငယ်ချင်းတွေနဲ့သွားတာလို့ပြောလိုက်ရင်ရတာပဲကို…”
မဒီကဘေးကနေအကြံတွေပေးနေပေမယ့် ကိုးကတော့ မလုပ်ရဲပါ။
“ဟင့်အင်း… ကိုးဖေဖေတို့ကိုမလိမ်ချင်ဘူး…”
“ဟာမရဘူးနော်… ကိုး… ကျွန်တော်ကတော့ လက်မခံဘူး… နောက်ပြီးခညောင်းက ကျွန်တော့်ကိုကတိပေးထားတယ်… ကိုးဆီကအဖြေရတဲ့နေ့ရောက်ရင် ကျွန်တော့်ကို အဝကျွေးမယ်လို့ ပြောထားတာ…”
“ဟုတ်တယ် ကိုးရဲ့… ကိုယ် ကတိပေးထားလို့ပါ…”
ကင်းရဲ့သူငယ်ချင်းတွေကလည်း ဝင်ပြောလာတော့ ကိုး ဘယ်လိုလုပ်ရမှန်းမသိဖြစ်သွားလေသည်။
“ကိုးကလည်းနင့်အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ငါနဲ့စိမ်းလည်းပါတာပဲကို…”
မဒီကသူငယ်ချင်းအတွက် ၀မ်းသာစွာဖြင့် ၀င်ပြောပေးနေပေမယ့် စိမ်းကတော့ သိသာစွာငြိမ်သက်နေမိသည်။ ဟင့်အင်း… စိမ်းစိတ်ထဲမှာဘယ်လိုခံစားနေရတယ်ဆိုတာမပြောတတ်ဘူး။ ဘယ်တုန်းကမှလည်းထင်မထားခဲ့ဘူးကိုးနဲ့ ကင်းချစ်သူတွေဖြစ်လာလိမ့်မယ်ဆိုတာ။ကိုးဘယ်တော့မှ ရည်းစားထားမှာမဟုတ်ဘူးလို့ပဲထင်ထားခဲ့တာ… တကယ်လို့ ရည်းစားထားခဲ့မယ်ဆိုရင်တောင်မှ ကင်းနဲ့တော့မဟုတ်လောက်ဘူးလို့ တွေးထားခဲ့တာ။ အခုတော့ ထင်ထားတာတွေဟာတလွဲတွေပါလား။ စိမ်းဘယ်လိုလုပ်ရမလဲ။အသည်းကွဲတယ်လို့ပြောရအောင်လည်းသူနဲ့ကိုယ်ကချစ်သူတွေမှမဟုတ်တာ။ကိုယ့်ဘက်ကတစ်ဖက်သတ်ချစ်နေခဲ့ရုံနဲ့လည်းအသည်းကွဲရတာပဲလား။ မတရားလိုက်တာ…
“လုပ်ပါ ကိုးရယ်… နော်… ကိုးရဲ့မိသားစုနဲ့မတွေ့အောင် ကိုယ်တို့တွေ ရှောင်မှာပေါ့…ကိုးဘေးမှာကိုယ်တစ်ယောက်လုံးရှိနေတာပဲကိုးကဘာလို့ကြောက်နေတာလဲ… ကိုယ်တို့တွေကချစ်သူတွေလေကိုးရဲ့… တစ်ယောက်ကိုတစ်ယောက်အားကိုးရမှာပေါ့… မဟုတ်ဘူးလား… ကိုယ်တို့ကြားမှာဘယ်လိုအန္တရာယ်..အခက်အခဲ... အတားအဆီးပဲရှိရှိကိုယ်တို့အချစ်တွေနဲ့ ကျော်ဖြတ်သွားကြမယ်လေ…”
သူ့စကားလုံးတွေကြားမှာကိုးနစ်မျောသွားမိကာခေါင်းကိုအသာပဲငြိမ့်လိုက်မိ၏။
“ဟုတ်ကဲ့…” “ဟေး… ဒါမှ ကိုးကွ…”
ရာဇာကထအော်လိုက်တော့ သူတို့တွေ အတူတူရယ်လိုက်မိပြန်၏။ ကိုးကတော့ ကင်းရဲ့လက်ကိုကိုင်ထားရင်းနဲ့ ကြောက်စိတ်ကြောင့် ချွေးပျံနေမိတော့သည်။
"ကိုး... မကြောက်နဲ့နော်... ပိုးရဲ့ဘေးမှာ ကိုယ်ရှိနေတယ်လေ..."
သူ့ရဲ့အားပေးစကားက သူ့အပြံုးနဲ့အတူ ကိုးရဲ့ရင်ထဲမှာ လုံခြံုနွေးထွေးသွားမိလေသည်။ အားပေးစကားနဲ့အတူ သူက ကိုးရဲ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်နဲ့ ကိုးရဲ့ခေါင်းကို သူ့ခေါင်းနဲ့အသာတိုက်ကာ ပြံုးပြလာသဖြင့် ကိုးလည်း ပြန်ပြံုးပြလိုက်လေသည်။ ပိုးရင်ထဲမှာ တကယ်ပဲလုံခြံုသွားသလို ခံစားလိုက်ရမိသည်။ ထို့နောက် စိမ်းကလွဲလို့ သူတို့အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းထဲကနေထွက်လာကြတော့သည်။
#####
လွတ်လပ်မှုကဒီလောက်တောင်မှ အရသာရှိတာလား။ ဒီနေ့ရဲ့ သူ့ရဲ့လုပ်ရပ်တွေကဘယ်တော့မှ မှားမှာမဟုတ်တဲ့လုပ်ရပ်တွေပဲဖြစ်မှာပါ။တစ်နေ့တစ်နေ့ စံအိမ်တော်နဲ့ ကုမ္ပဏီ… ကုမ္ပဏီနဲ့ စံအိမ်တော်… ဒီနှစ်နေရာကိုပဲသွားလာနေရတာ ကြာတော့ ငြီးငွေ့လာပြီဖြစ်သည်။ တစ်ခါလောက်တော့ ဘာအပူအပင် ဘာအနှောင်အဖွဲ့မှမရှိတဲ့ လူတစ်ယောက်လို သူ ဘဝကို ဖြတ်သန်းသွားချင်သည်။
“ဟူး…”
လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီးမှ စိတ်ကလက်ရှိရောက်ရှိနေတဲ့ မားကတ်ဆီသို့ ပြန်လည်ရောက်ရှိလာလေသည်။ သူကားပေါ်ကနေမဆင်းသေးဘဲမားကတ်ထဲကကားပါကင်ထဲသို့ ကြည့်လိုက်မိသည်။ သွားလာလှုပ်ရှားနေတဲ့လူတွေကိုကြည့်ပြီးသူ့စိတ်ထဲမှာအလိုလိုပျော်လာသလိုလို။
ရုတ်တရက် သူ့အကြည့်တွေကမားကတ်ထဲကနေထွက်လာကြတဲ့ လူငယ်တစ်သိုက်ဆီသို့ ရောက်ရှိသွားလေသည်။ အထူးသဖြင့်အနက်ရောင်အပွင့်နုတ်နုတ်လေးတွေပါတဲ့ ရင်စေ့လက်ရှည်အကျႌဝမ်းဆက်ဝတ်ထားတဲ့ ကောင်မလေးဆီသို့ ရောက်ရှိသွားခြင်းဖြစ်သည်။မျက်နှာမှာဖုံးအုပ်ထားတဲ့ မျက်မှန်လေးကပဲသူမကိုချစ်စဖွယ်ကောင်းအောင် ဖန်တီးနေသလိုလို။တည်ငြိမ်တဲ့ရုပ်သွင်က အဝတ်အစားနဲ့လိုက်ဖက် လွန်းလှတယ်လို့ သူထင်လိုက်မိသည်။ သူမဘေးမှာကောင်မလေးနှစ်ယောက်နဲ့ ကောင်လေးတစ်ယောက်။ ကြည့်ရတာသူငယ်ချင်းတွေဖြစ်ဖို့များသည်။ ကားပါကင်ကိုကြည့်ကာတစ်ယောက်ယောက်ိုစောင့်နေသလိုလို။ သူငယ်ချင်းကိုစောင့်နေတာနဲ့တူတယ်။
သူမပုံရိပ်ကိုသူ့မျက်လုံးထဲကနေဘယ်လိုမှ ဖျောက်ဖျက်ပစ်လို့မရ။အဆက်မပြတ်လှုပ်ခါနေတဲ့ ရင်ဘတ်ထဲကအရာကဘာများလဲ။ ဟင်… အဲ့ဒါ နှလုံးသားဆိုတဲ့အရာလား။ဘာလဲ… ဒါကိုအချစ်လို့များခေါ်တာလား။အသက်သုံးဆယ်အရွယ်ထိရောက်လာပေမယ့် အချစ်ဆိုတာကိုသူမသိခဲ့ဘူး။ ဒီကောင်မလေးနဲ့တွေ့မှများသူရင်ခုန်တတ်လာခဲ့ပြီ။
သူမကိုကြည့်နေတဲ့အချိန်မှာပင် သူမတို့ရှေ့မှာကားတစ်စီးကလာပြီးရပ်လာလေသည်။ သူမအပါအဝင် အားလုံးကားပေါ်တက်သွားတဲ့အထိသူမျက်တောင်မခတ်ဘဲလိုက်ကြည့်နေမိ၏။ သေချာပါတယ်။ သူဒီကောင်မလေးကိုချစ်မိသွားခဲ့ပြီ။သူမမှာယောက်ျားလေးသူငယ်ချင်းတွေရှိတယ်ဆိုတော့ ချစ်သူရည်းစားမရှိရင် ဘယ်လောက်တောင်ကောင်းမလဲ။ကျေးဇူးပြုပြီးကိုယ့်ကို ပြန်ချစ်ပေးပါလားကောင်မလေးရယ်။ဘာရယ်မဟုတ်ဘဲသူမပုံရိပ်လေးနဲ့အတူသူမလိုက်ပါသွားတဲ့ကားနံပါတ်လေးကိုသူသေချာစွာမှတ်သားထားလိုက်မိသည်။ သူကားပေါ်ကဆင်းလိုက်ကာမားကတ်ထဲကို ၀င်လာလိုက်သည်။ မားကတ်အပေါက်ဝရောက်တော့ သူမရပ်နေခဲ့တဲ့နေရာလေးမှာသူမတ်တပ်ရပ်လိုက်မိတယ်ဆိုရင်ပဲသူ့ရဲ့ ဘယ်ဘက်ရင်အုံထဲကနေအရာတစ်ခုဟာလှုပ်ရှားလာခဲ့တော့သည်။သူသူ့ရင်ဘတ်သူဖိထားလိုက်ကာ ပြံုးလိုက်မိရင်းကနေအကြည့်တွေကသူမခြေလှမ်းချခဲ့ရာနေရာလေးဆီသို့ ငုံ့ကြည့်မိသွားလေသည်။
“ဟင်…”
ရင်ထိုးလေးတစ်ခု။လိပ်ပြာပုံရင်ထိုးလေးကိုသူကောက်ယူလိုက်ကာသေချာစူးစိုက်ပြီး ကြည့်လိုက်မိလေသည်။ “ဒါ သူမပစ္စည်းလား…”
သူရင်ထိုးလေးကိုယုယမြတ်နိုးစွာဆုပ်ကိုင်လိုက်ပြီးသူ့နှလုံးသားနဲ့အနီးဆုံးရပ်ဝန်းဖြစ်တဲ့ အကျႌအိတ်ကပ်ထဲမှာထည့်လိုက်လေသည်။အဲ့ဒီ့အချိန်မှာသူ့နှလုံးသားလေးကပိုပိုပြီးလှုပ်ခတ်လာသလိုလို။ “ကိုယ်တို့တွေ နောက်ထပ်ပြန်ဆုံမယ်လို့ ကိုယ်ယုံကြည်တယ် ချာတိတ်…”
#####
တကယ်လို့များ မမပြောသလိုသာဆိုရင် ငါ ကိုကို့ကို ဘယ်လိုပြောရမှာလဲ။ ဒါပေမယ့်လည်း မမက စ တာပါလို့ ပြောနေတာပဲ မဟုတ်လောက်ပါဘူး။ ဒါဆို ဘာဖြစ်လို့ မေမေက င့ါကို ပွင့်ပွင့်လင်းလင်းမပြောတာလဲ။
“ကိုးရေ… ကိုး…”
မမရဲ့အသံကြောင့် ကိုး စာလုပ်နေရင်းကနေ ခေါင်းလေးထောင်လိုက်မိလေသည်။
“မမ… အခန်းထဲဝင်ခဲ့လေ… ကိုး တံခါးဖွင့်ထားတယ်…”
“အင်း…” မမက အခန်းထဲဝင်လာကာ ကိုးရဲ့ဘေးမှာ ၀င်ထိုင်လိုက်ပြီး
“စာလုပ်နေတာလား…”
“ဟုတ်… ဘာဖြစ်လို့လဲ မမ…”
“ဖေဖေနဲ့မေမေ ဧည့်ခန်းထဲမှာစောင့်နေတယ်… ကိုးကိုပြောစရာရှိလို့တဲ့… နောက်ပြီး ဧည့်သည်တစ်ယောက်လည်းရောက်နေတယ် ကိုး…”
“ဟင်… ဟုတ်လား…”
မမစကားကြောင့် ကိုး အံ့သြသွားမိလေသည်။ ဧည့်သည်လည်းရောက်နေတယ်ဆိုတော့ အဲ့ဒီ့ဧည့်သည်က ကိုးနဲ့ပတ်သက်နေလို့များလား။
“ကဲ သွားတော့ ကိုး… ဘာမှအတွေးတွေလွန်မနေနဲ့…”
ကိုး မမကို ခေါင်းငြိမ့်ပြလိုက်ပြီး အခန်းထဲက ထွက်လာလိုက်လေသည်။ ဧည့်ခန်းထဲရောက်တော့ ဖေဖေနဲ့စကားပြောနေတဲ့ ဦးလေးကြီးတစ်ယောက်က ကိုးနဲ့မျက်နှာချင်းဆိုင်ဖြစ်နေသဖြင့် သူ့ရဲ့မျက်နှာကို ကိုး သေချာမြင်နေရသည်။ အသံကလည်း သြဇာအာဏာပါသလို ဥပဓိရုပ်သည်လည်း ခန့်ညားသောအသွင်ဖြင့် အသက်ကလည်း ဖေဖေနဲ့ရွယ်တူလောက်ပင် ရှိဦးမည်ဖြစ်သည်။
“ဟော… သမီး လာလေ…”
မေမေက ကိုးကို လှမ်းမြင်သွားကာ ခေါ်လိုက်သဖြင့် ကိုး ခေါင်းငြိမ့်လိုက်ပြီး မေမေ့အနားမှာ ၀င်ထိုင်လိုက်၏။
“ကိုမြတ်အာကာရဲ့သမီးက ချောမောတာပဲ…”
ချောမောတာပဲ ဆိုတဲ့စကားက ကိုးရဲ့နားထဲမှာ တစ်မျိုးကြီးဖြစ်သွားမိသည်။ ချောတယ်ဖြင့်ချောတယ် လှတယ်ဖြင့်လှတယ်လို့ပြောတာမဟုတ်ဘဲ ချောမောတယ်ဆိုတဲ့စကားက တစ်မျိုးပါလား။
“ညီအစ်မနှစ်ယောက်ရှိတယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် နည်းနည်းတော့ကွာတယ် ကိုစိုင်းရဲ့…”
“ဟုတ်လား…”
အသက်ငါးဆယ်အရွယ်ခန့်သာ ရှိသေးသော်လည်း ငယ်ရွယ်နုပျိုပုံပေါက်သော ဦးလေးကြီးက ဖော်ရွေစွာဖြင့် ကိုးကို ပြံုးပြနေလေသည်။
“သမီး… ဒီဦးဦးနာမည်က ဦးစိုင်းမောက်လို့ခေါ်တယ်… သမီး မဖြစ်မနေသိထားရမယ့်လူတစ်ယောက်…”
“ကိုမြတ်ကလည်း သမီးစိတ်ထဲမှာ တစ်မျိုးဖြစ်ပါဦးမယ်… ကဲ သမီး.. ဦးလေးက သမီးဖေဖေနဲ့ သူငယ်ချင်းတွေလည်းဟုတ်တယ်… သမီးဖိုးဖိုးဖွားဖွားတွေနဲ့ ဦးရဲ့မိဘတွေဆိုရင် ပိုပြီးတောင်မှ ရင်းနှီးကြသေးတယ်…”
“ဟုတ်ကဲ့ပါ ဦး…”
ဦးစိုင်းမောက်ရဲ့မျက်နှာကအပြံုးတွေက နွေးထွေးဖော်ရွေလိုက်တာလို့ ကိုး တွေးနေမိလေသည်။
“ကိုစိုင်း ဒါက သမီးအငယ် ကိုးအသင်္ချေ… စောစောက ကိုစိုင်းမြင်လိုက်ရတာကတော့ သမီးကြီး မဏိရတနာ…”
ကိုးရဲ့အကြည့်တွေက စူးစမ်းစွာဖြင့် သူ့ဆီမှာပဲ ရှိနေသလို သူ့အကြည့်တွေကလည်း ရင်းနှီးဖော်ရွေပုံဖြင့် ကိုးဆီမှာသာ ရှိနေလေသည်။ “သမီးကို ဖေဖေတို့ပြောချင်တဲ့စကားကတော့….”
“တီ… တီ… တီ…”
ရုတ်တရက် ဖုန်း လာသဖြင့် ဖေဖေက ဖုန်းကိုကိုင်လိုက်လေသည်။
“ဟယ်လို…”
“ ….. ”
တစ်ဖက်က ဘာပြန်ပြောလိုက်တယ်မသိ ဖေဖေ့မျက်နှာက ချက်ချင်းဆိုသလို မျက်လုံးပြူးသွားကာ ၀မ်းသာသွားသည့်ပုံဖြင့်
“မင်္ဂလာပါ ဒွေးတော်…”
ဖေဖေ့အသံကြောင့် ဦးစိုင်းမောက်ရဲ့အကြည့်တွေကလည်း ဖေဖေ့ဆီသို့ရောက်သွား၏။
“ …... ”
“ဗျာ ဟုတ်ကဲ့…”
ဖေဖေ့လက်ထဲကဖုန်းက ဦးစိုင်းမောက်ဆီသို့ရောက်သွားကာ
“ကိုစိုင်း… ဒွေးတော် ဒေါ်နန်းမဟာမြိုင်…”
“ဟင်…”
ဦးစိုင်းမောက်ဖုန်းကိုကိုင်ထားရင်းကနေ အံ့သြသွား၏။ “ဟယ်လို မယ်တော်…”
“သားတော်… အခုချက်ချင်း ဟော်နန်းကိုပြန်လာခဲ့ဦး…”
“ဘယ်လိုအကြောင်းထူးများရှိလို့လဲ မယ်တော်…”
“မင်းခမည်းတော် မူးလဲသွားတယ်…”
“ဟင်… ဟုတ်ကဲ့ပါ မယ်တော်… သားတော် အခုချက်ချင်းပြန်လာခဲ့ပါ့မယ်…”
“ကောင်းပြီ သားတော်…”
ဦးစိုင်းမောက် ဖုန်းကိုချလိုက်ပြီး ဦးမြတ်အာကာကိုကြည့်လိုက်ကာ
“ကိုမြတ်အာကာ… ကျွန်တော့် ခမည်းတော် မူးလဲသွားလို့ ဟော်နန်းကိုချက်ချင်းပြန်မှဖြစ်မယ်…”
“ဟင်… ဘယ်လိုဖြစ်တာလဲ ကိုစိုင်း…”
“ဟုတ်တယ်… ကျွန်တော် အားနာလိုက်တာဗျာ… နောက်မှပဲ ပြန်လာခဲ့ပါတော့မယ်…”
“အားနာဖို့ မလိုပါဘူး ကိုစိုင်း… မြန်မြန်သာ သွားလိုက်ပါ…”
“အင်း…”
ဦးစိုင်းမောက်ရဲ့အကြည့်တွေက ကိုးဆီသို့ ရောက်လာကာ
“သမီး… ဦး တောင်းပန်ပါတယ်နော်… နောက်မှ ပြန်လာခဲ့ပါ့မယ်…”
“ဟုတ်ကဲ့ တောင်းပန်ဖို့မလိုပါဘူး ဦး…”
ဦးစိုင်းမောက်ရဲ့မျက်နှာမှာ အပြံုးတစ်ခုက ရုတ်ချည်းဖြတ်သန်းသွားကာ ခေါင်းငြိမ့်ပြပြီး ဧည့်ခန်းထဲကနေ ထွက်သွားလေတော့သည်။ ကိုး ဖေဖေနဲ့ မေမေကိုကြည့်လိုက်ကာ
“ဖေဖေနဲ့မေမေ ကိုးကို ဘာပြောချင်လို့လဲ…”
ဦးစိုင်းမောက်ထွက်သွားရာဘက်ကိုကြည့်နေရင်းနဲ့ ဖေဖေမေမေတို့လည်း မျက်နှာမကောင်းကြတောာ့ပေ။ ဘာဖြစ်လို့များပါလဲ… ခမည်းတော်ဆိုတာက ဦးစိုင်းမောက်ရဲ့အဖေလား။ အခေါ်အဝေါ်တွေကလည်း နန်းဆန်လိုက်တာ။ ဘယ်လိုမျိုးတွေမို့လို့လဲ။
“သမီး… သမီးကို နောက်မှပဲပြောပြတော့မယ်… ကိုစိုင်း ရှေ့မှာပြောမှ အဆင်ပြေမှာမို့လို့…”
“ဪ… ဟုတ် ဒါဆို ကိုး အိမ်ပေါ်ပြန်တက်တော့မယ်နော်…”
“အင်း…”
ဘာစကားမို့လို့ အဲ့ဒီ့လူရှေ့မှာပြောပြလဲဆိုတာ ကိုး စဉ်းစားလို့မရခဲ့ပေ။ အင်း… အကြောင်းရှိလို့နေမှာပါလေ။ ကိုး အိမ်ပေါ်ပြန်တက်လာလိုက်ပြီး အခန်းထဲသို့ ၀င်လိုက်လေသည်။
“ကလေးမ ဒါဘယ်သူလဲ…”
မမလက်ထဲက ဓာတ်ပုံလေးကိုမြင်သွားကာ ကိုး မျက်လုံးပြူးသွားလေတော့သည်။
“ဟင်… မမ…”
ကိုး မမနားသို့ အပြေးလေးသွားလိုက်ကာ မမလက်ထဲက ဓာတ်ပုံလေးကိုယူလိုက်တော့ မမက ရယ်နေရင်းနဲ့ မပေးဘဲ လက်ကိုနောက်ပစ်ထားကာ
“ပြောလေ… ဘယ်သူလဲ…”
ကိုး မမကို ဘယ်လိုပြောပြရင်ကောင်းမလဲလို့ အပြေးအလွှားစဉ်းစားလိုက်မိလေသည်။ ကိုကိုနဲ့ နှစ်ယောက်ထဲ ရိုက်ထားတဲ့ပုံဆိုတော့ သူငယ်ချင်းလို့ပြောလည်း မမကယုံမှာမဟုတ်။ မမ ဒီဓာတ်ပုံကို ဘယ်လိုများ တွေ့သွားတာလဲ။ ကိုကို လက်ဆောင်ပေးတဲ့စာအုပ်ထဲမှာ ကိုး ညှပ်ထားတာဆိုတော့ မမ အဲ့စာအုပ်ကို ဖတ်နေရင်းနဲ့ တွေ့သွားတာဖြစ်ရမယ်။
“မမ သူက…”
“သူက ဘယ်သူလဲ ဆက်ပြောလေ ကိုးရဲ့…”
“ကိုးရဲ့ချစ်သူပါ…”
ကိုးဖြေတာကိုနားထောင်ပြီး မမက ပြံုးပဲပြံုးနေ၏။ ကိုးကတော့ မမမျက်နှာကို မော့မကြည့်ရဲဘဲ ခေါင်းကို အောက်သို့သာ ငုံ့ထားမိတော့သည်။ မမဆီက ဘာအသံမှ မကြားရတော့ ကိုး စိုးရိမ်သွားမိသည်။ ကိုး ရည်းစားထားလို့ မမ စိတ်ဆိုးသွားတာများလား။
“ချောသားပဲ…”
“ဟင်…”
မမဆီက အသံကြားရတော့မှပဲ ကိုး ခေါင်းကိုမော့ရဲကာ မမရဲ့ဘေးမှာ ၀င်ထိုင်လိုက်ပြီး မမကို ကြည့်လိုက်လေသည်။
“မမ… မမလည်း သဘောတူတယ်ပေါ့နော်…”
မမက ဓာတ်ပုံလေးကို ကိုးလက်ထဲသို့ ထည့်ပေးလိုက်ပြီး ကိုးရဲ့ခေါင်းကို အသာလေးပုတ်လိုက်ကာ “သူက လူကောင်းဖြစ်မယ့်ပုံပဲ… မမက သဘောမတူဘဲ နေမလား ကလေးရဲ့… ဒါပေမယ့် မမကို သူ့အကြောင်းတွေပြောပြပါဦး…”
တစ်ခါတစ်လေ မမ ကလေးလို့ခေါ်လိုက်တိုင်း ကိုးရဲ့ရင်ထဲမှာ အရမ်းကို ကြည်နူးသွားတတ်သည်။ ကိုးက အငယ်ဆိုပေမယ့် မမက ကိုးအပေါ် ညီမတစ်ယောက်လိုဆိုတာထက် မိခင်တစ်ယောက်က သမီးတစ်ယောက်ကိုချစ်သလိုမျိုး မမအချစ်တွေက နွေးထွေးတယ်လို့ ကိုးထင်မိသည်။
“ဟုတ်ကဲ့ မမ… သူ့နာမည်က ကိုခညောင်းရှင်တဲ့ ကိုးထက်တော့ အသက်နည်းနည်းကြီးတယ်… သူက နိုင်ငံခြားကနေ တစ်ခြားဘွဲ့တစ်ဘွဲ့ယူလာခဲ့ပြီးမှ ဒီမှာ ကျောင်းဆက်တက်တာ… ကိုးနဲ့ တစ်မေဂျာထဲပဲ… နောက်ပြီး ကိုးတို့မေဂျာကကင်း… ပိုက်ဆံလည်းအရမ်းချမ်းသာသလို စိတ်သဘောထားလည်း ပြည့်ဝတယ်မမ…”
မမက ကိုးကို မျက်စောင်းထိုးလိုက်ပြီး
“ညွှန်းလိုက်တာ ကလေးရာ… သူကရော ကလေးကို တကယ်ချစ်တာဟုတ်ရဲ့လား…”
“ကိုး သူ့အချစ်ကိုယုံတယ် မမ…”
ကိုးရဲ့စကားကြောင့် မမက ပြံုးနေရင်းနဲ့ ခေါင်းငြိမ့်ပြနေလေသည်။
“အင်းပါ ဟုတ်ပါပြီ… အချိန်ရတဲ့တစ်နေ့ မမကို သူနဲ့ပေးတွေ့ပေးမလား…”
“ဟုတ်ကဲ့မမ…”
“ဒါနဲ့ ဧည့်သည်ရောက်နေတာက ဘယ်သူလဲ ကိုး… ဖေဖေတို့ကရော ကိုးကို ဘာပြောကြတာလဲ…”
“ဟင့်အင်း… ဘာမှမပြောဘူး မမ…”
“ဘာလို့လဲ…”
“အဲ့ဒီ့ဦးလေးကြီးရဲ့ ခမည်းတော်မူးလဲသွားလို့ဆိုပြီး ချက်ချင်းပဲ အဲ့ဒီ့လူကြီးပြန်သွားတာ… ဖေဖေတို့ကလည်း အဲ့ဒီ့ဦးလေးကြီး ပြန်လာမှပဲ ပြောတော့မယ်တဲ့…”
“ထူးဆန်းလိုက်တာ…”
“ဟုတ်တယ် မမ… ကိုးလည်း နားမလည်ဘူး…”
“ကဲပါ… ဘာမှတွေးမနေနဲ့တော့… စာကိုပဲကြိုးစား…”
“ဟုတ်ကဲ့ မမ…”
မမက ဘာမှဆက်မပြောတော့ဘဲ ကိုးရဲ့အခန်းထဲကနေ ထွက်သွားလေတော့သည်။ အခုရက်ပိုင်း မမရဲ့အပြုအမူတွေ ပြောင်းလဲလာတာကိုတော့ ကိုး ခံစားမိသည်။ မမ ကိုးအပေါ် အရင်ထက်ပိုပြီး ဖော်ရွေလာသလို ကိုးရဲ့ ရင်ဖွင့်တိုင်ပင်မှုတွေကိုလည်း အလေးထားလာသဖြင့် ကိုး ပျော်နေမိတာအမှန်ပါပဲ။ အထူးသဖြင့် ကိုကိုနဲ့ကိစ္စမှာ မမ ဘာမှမပြောတာကို ကိုး ပိုပြီးပျော်မိသည်။ ဟုတ်တယ် ကိုး ယုံကြည်သလိုပဲ ကိုကိုရဲ့အချစ်တွေက ကိုးအတွက်တော့ ယုံမှားသံသယဖြစ်ဖွယ်မရှိ။ ကိုကိုချစ်သလို ကိုးလည်းချစ်သည်။ မမတောင်မှ သဘောတူတာပဲ ဖေဖေနဲ့မေမေလည်း သဘောတူမှာပါ။ ဒါပေမယ့် ဒီနေ့ရောက်လာတဲ့ဧည့်သည်က ဘယ်သူလဲ… ဘာမို့လို့ ဖေဖေတို့က ကိုးကိုပြောချင်တဲ့စကားကို သူ့ရှေ့မှာပြောမှရမှာလဲ…။ ကိုးနဲ့ ဘယ်လိုတွေများပတ်သက်နေလို့လဲ… ဘာရယ်မဟုတ်ဘဲ ကိုး ရင်တွေပူလာမိလေတော့သည်။ ကိုး ဒါမျိုး တစ်ခါမှမခံစားဖူးခဲ့။ စိတ်ပူတယ်ဆိုတာထက် ကိုး ရင်ထဲမှာ လေးနေသလိုလိုပင်။

ဆက်ရန် - အခန်း(၅)
💜 အိပ်မက်ကြယ်

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Wo Geschichten leben. Entdecke jetzt