### အချစ်ဦးမဟုတ်ပါ သို့သော်... ###
အခန်း(၁၁)"ကျွန်တော့်ဘက်ကတော့ အထွေအထူးပြောစရာမရှိပါဘူး..."
"ကောင်းပြီ တူတော်..."
"ဒါပေမယ့် ချာတိတ်နဲ့ကျွန်တော် တိုင်ပင်ရဦးမယ်… ကျွန်တော့်သဘောကတော့ ချာတိတ်သဘောပါပဲ…"
"ချာတိတ်… ဟုတ်လား တူတော် အဲ့ဒါဘာအခေါ်အဝေါ်လဲ…"
ဦးရီးတော် စဝ်ခွန်ဖက သူ့ကိုသေချာကြည့်ကာ မေးလာသဖြင့် သူ ဘာပြန်ပြောလိုက်ရမလဲဆိုတာ အခက်အခဲဖြစ်သွားလေသည်။
"မိန်းကလေး ကိုအသင်္ချေကို တူတော်က အဲ့လိုခေါ်ဝေါ်တယ် အကိုတော်… "
သူ ဒွေးတော်နဲ့ ဦးရီးတော်တို့ရဲ့ မျက်နှာကိုမကြည့်တော့ဘဲ အကြည့်တွေကို လွှဲလိုက်လေသည်။
"တူတော်..."
"ဟုတ်ကဲ့ ကျွန်တော် နားထောင်နေပါတယ် ဦးရီးတော်… "
"တူတော်… အခေါ်အဝေါ်ဆိုတာ ဦးရီးတော်တို့ အသိုင်းအဝိုင်းမှာ အရမ်းကိုအရေးကြီးတဲ့အရာတစ်ခုပဲ… အဲ့ဒါကြောင့် တူတော့်အနေနဲ့ ဆင်ခြင်ပါ… "
"အခေါ်အဝေါ်ဆိုတာ အဲ့လောက်တောင်အရေးကြီးလို့လား ဦးရီးတော်… ကျွန်တော် စံအိမ်တော်ကလူတွေအပါအဝင် အနွယ်တော်တွေအားလုံးအပေါ်မှာ အဲ့လိုအခေါ်အဝေါ်သုံးရင်ပဲ ရပြီမဟုတ်ဘူးလား…"
ဦးစဝ်ခွန်ဖ ခါးထောက်မတ်တပ်ရပ်နေရာကနေ ခေါင်းရမ်းရင်းနဲ့ ကျွန်းထိုင်ခုံမှာ ၀င်ထိုင်လိုက်လေသည်။
"မဟုတ်သေးဘူး တူတော်…"
ဒေါ်နန်းခမ်းမာလာ တူဝရီးနှစ်ယောက်ကို ကြည့်လိုက်ကာ စားပွဲပေါ်မှာရှိနေတဲ့ ပန်းအိုးထဲက ကျောက်ခဲလေးတွေကို သေချာစွာ ပြန်ထည့်နေလေသည်။
"ဘယ်နေရာမှာပဲဖြစ်ဖြစ် အခေါ်အဝေါ်ဆိုတာ အရေးကြီးတယ် တူတော်… အဲ့ဒါကြောင့် တူတော်နဲ့ထိမ်းမြားပေးမယ့်မိန်းကလေးကို တူတော့်အနေနဲ့ ကြင်ယာတော်လို့ပဲ ခေါ်ရမယ်…"
"ကျွတ်..."
အမှတ်မထင် ထွက်လာတဲ့အသံကြောင့် ဒေါ်နန်းခမ်းမာလာရဲ့ မျက်ဝန်းအစုံဟာ ပြူးကျယ်သွားပြီး လက်ထဲက ကျောက်ခဲတစ်ခဲက အောက်သို့ပြုတ်ကျသွားတော့မလို ဖြစ်သွားလေသည်။
"တူတော်..."
ဦးစဝ်ခွန်ဖရဲ့မျက်နှာဟာလည်း သိသိသာသာပျက်ယွင်းသွားကာ ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး
"တော်ပြီ စဝ်ဘုန်းရိပ်ခေါင်… မင်းကို လိုရင်းပဲပြောတော့မယ်… ထိမ်းမြားဖို့ကိစ္စကို ဟိုမိန်းကလေးနဲ့ အမြန်ဆုံးတိုင်ပင်ပါ…"
ဦးရီးတော်ရဲ့မျက်နှာကတင်းမာနေသလို လေသံနဲ့အခေါ်အဝေါ်သည်လည်း ပြောင်းလဲသွားသဖြင့် သူ ခေါင်းငြိမ့်လိုက်ကာ
"ဟုတ်ကဲ့ ဦးရီးတော်…"
"နောက်ပြီး မင်းရဲ့အပြုအမူနဲ့ အပြောအဆိုလည်း ဆင်ခြင်ထားပါ တူတော်…"
သူ ဘာမှပြန်မပြောတော့ဘဲ ငြိမ်နေလိုက်တော့သည်။ ဦးရီးတော်ရဲ့ပုံစံက သူ့ရဲ့ "ကျွတ်" ဆိုတဲ့အသံအပေါ်မှာ စိတ်ဆိုးသွားတာဖြစ်သည်။ ဦးရီးတော်လည်းထွက်သွားရော ဒွေးတော်က သူ့အနားသို့ အမြန်ရောက်လာပြီး
"တူတော်ရယ်… အဲ့ဒါကြောင့် အရင်ကတည်းက ဒွေးတော်ပြောတာပေါ့… အခုတော့ အကိုတော်က တူတော့်ကို စိတ်ဆိုးသွားပြီ…"
"စိတ်ဆိုးလည်းမတတ်နိုင်ဘူး ဒွေးတော်… အခေါ်အဝေါ်က အဲ့လောက်အရေးမကြီးပါဘူး… နောက်ပြီး ကျွန်တော်နဲ့ထိမ်းမြားမယ့်မိန်းကလေးက သာမန်မိန်းကလေးတစ်ယောက်… ဒီအခေါ်အဝေါ်တွေကြားမှာ သူမ နစ်မွန်းသွားရင် ကျွန်တော်လည်း နေနိုင်မှာမဟုတ်ဘူး… "
"ဟင်..."
"ဟုတ်တယ် ဒွေးတော်… ချာတိတ် စိတ်ချမ်းသာဖို့က ပိုအရေးကြီးတယ်… အဲ့ဒါ ကျွန်တော် ချာတိတ်ကို ချစ်လို့ပဲ… "
အချစ်ဆိုတဲ့စကားတွေထွက်လာတဲ့ တူတော့်ကို ဒေါ်နန်းခမ်းမာလာ အံ့သြတကြီး ကြည့်လိုက်မိလေတော့သည်။ တူတော်ကတော့ ရင်ထဲမှာရှိတဲ့အတိုင်း ပြောနေတာဖြစ်သဖြင့် အပြုအမူနဲ့ ဟန်ပန်ကတော့ တည်ငြိမ်နေသည်။ တူတော် အဲ့ဒီ့မိန်းကလေးအပေါ် တကယ်မေတ္တာသက်ဝင်သွားပြီပဲ။
"ဟုတ်ပါပြီ… ဒဆိုလည်း တူတော် ထိမ်းမြားဖို့ကို ဘယ်လိုစဉ်းစားထားလဲ… "
"အဓိကက ချာတိတ်ရဲ့သဘောပဲ… ကျွန်တော် ချာတိတ်နဲ့မျက်နှာချင်းဆိုင်တွေ့ပြီး တိုင်ပင်မှာပါ…"
"အင်း… ကောင်းပြီ တူတော်… ဒါဆိုလည်း မြန်မြန်တိုင်ပင်ပါကွယ်… အကိုတော်က အရမ်းကို စိတ်လောနေတယ်…"
"ဟုတ်ကဲ့… ကျွန်တော် ချာတိတ်ကို ဖုန်းဆက်လိုက်ပါ့မယ်…"
"အင်း… အင်း… အဲ့ဒါဆို ဒွေးတော် မီးဖိုဆောင်ထဲသွားစီမံလိုက်ဦးမယ်… တူတော် ဘာဟင်းစားချင်လဲ…."
"ရပါတယ် ကျွန်တော့်အတွက် ကိစ္စမရှိပါဘူး ဒွေးတော်… အဆင်ပြေသလိုသာ ချက်ပါ… "
"အင်း..."
ဒွေးတော် မီးဖိုဆောင်ထဲဝင်သွားတော့မှ သူ ဖုန်းကိုထုတ်လိုက်ပြီး ချာတိတ်ကိုဆက်ဖို့လုပ်လိုက်လေသည်။ ကြင်ယာတော်… အင်း ဟုတ်တယ်… သူ ချာတိတ်ကို ကြင်ယာတော်လို့ပဲ ခေါ်ရမယ်။
"တီ... တီ... တီ..."
"ဟယ်လို..."
"ကြင်ယာတော်..."
"ဟင်... ဦးစဝ်ဘုန်းရိပ်ခေါင်…"
"ဟုတ်ပါတယ် ချာတိတ်… ကိုယ်ပါ… "
ကိုး မေမေတို့ကိုကြည့်လိုက်တော့ မေမေတို့က ကိုးကိုကြည့်ကာ ပြံုးနေလေသည်။ ဖြစ်နိုင်ရင် မေမေတို့ရဲ့စကားတွေကြောင့် ကိုး တစ်နေရာရာကို ပြေးထွက်သွားလိုက်ချင်သည်။ ကိုး မေမေတို့ရှေ့ကနေထွက်လာလိုက်ပြီး အခန်းထဲကို ၀င်ခဲ့လိုက်သည်။
"ဟယ်လို ဦး..."
"ချာတိတ်..."
"ဟုတ်ကဲ့ ကိုး နားထောင်နေပါတယ် ဦး..."
"ကိုယ် ချာတိတ်နဲ့ အေးအေးဆေးဆေးစကားပြောချင်တယ် ချာတိတ်..."
"ဟို ကိုး ဒီနေ့တော့ မအားသေးဘူး ဦး..."
"ဟင်... ဟုတ်လား..."
သူ့အသံက စိတ်မကောင်းတဲ့အသံဖြစ်သွားတာကို ကိုး သတိထားလိုက်မိသည်။ ခဏခဏငြင်းနေမိတော့ ကိုးစိတ်ထဲမှာလည်း အံ့သြလာမိတော့သည်။
"ဒီလိုလုပ်ပါလား ဦး..."
"ဟင်... အင်း ပြောလေ ချာတိတ်..."
"မနကြ်ဖန် ကိုး ကျောင်းပိတ်တယ်… မနက်ဖြန်တွေ့မယ်လေ… "
"ချာတိတ် တကယ်ပြောတာနော်…"
"ဟုတ်..."
"ကျေးဇူးတင်ပါတယ် ချာတိတ်…"
"ဟုတ်ကဲ့... ကိုးလည်း ဦးကိုပြောစရာရှိပါတယ်…"
"ဟုတ်ပါပြီ… ကိုယ်တို့ တွေ့တဲ့အခါ အေးအေးဆေးဆေးပြောကြမယ်လေ နော်… "
"ဟုတ်ကဲ့..."
"ဒါဆို ကိုယ် မနက်ဖြန် ချာတိတ်ကို လာခေါ်မယ်နော် ချာတိတ်…"
"ဟုတ်ကဲ့ပါ ဦး..."
"ဒူ..."
ဟင်... ဦးနဲ့ဖုန်းပြောနေရင်း ၀င်လာတဲ့ဖုန်းကို ကိုး ကြည့်လိုက်ကာ မျက်လုံးပြူးသွားလေသည်။ ဟင် ကိုကိုပဲ…
"ဟယ်လို ဦး... ကိုး ဖုန်းချလိုက်တော့မယ်နော်..."
"သြော်... အင်း အင်း ချာတိတ်…"
ကိုး ဦးရဲ့ဖုန်းကို အမြန်ချလိုက်ပြီး ကိုကို့ဖုန်းကို ကိုင်လိုက်လေသည်။
"ဟယ်လို ကိုကို..."
"ကိုးရယ် ဘယ်သူနဲ့ဖုန်းပြောနေတာလဲ..."
"ဟို... စိမ်းနဲ့ပြောနေတာပါ ကိုကို..."
"ဟုတ်လား... အင်းပါ..."
"ကိုကို ကိုးကို ဘာပြောစရာရှိလို့လဲ..."
"ကိုယ် ၀မ်းသာစရာသတင်းပြောစရာရှိလို့ ကိုးကို ဖုန်းဆက်လိုက်တာ "
"ဟုတ်ကဲ့ ပြောပါ ကိုကို..."
"ကိုယ် နန်းမဟာမြိုင်ကုမ္ပဏီရဲ့ ပင်တိုင်မော်ဒယ်ဖြစ်သွားပြီ..."
"ဟင် တကယ်လား ကိုကို... ကိုး... ကိုး ၀မ်သာလိုက်တာ ကိုကိုရယ်..."
ဖုန်းထဲက ကိုကို့အသံက တော်တော်လေးဝမ်းသာနေသည့်ပုံပင်။ ကိုးဆီသို့လည်း ကိုကို့ရဲ့အပျော်တွေ ကူးစက်လာခဲ့လေသည်။
"ဟုတ်တယ် ကိုးရဲ့... ၀မ်းသာစရာသတင်းမို့လို့ ကိုးကိုသိစေချင်တာနဲ့ ဖုန်းဆက်လိုက်တာ… ကိုယ် မေမေ့ကိုတောင်မပြောရသေးဘူး..."
"ကိုးလည်း ကိုကိုနဲ့ထပ်တူ ဝမ်းသာပါတယ် ကိုကိုရယ်..."
"ကျေးဇူးတင်ပါတယ် ကိုး… ဒါဆို မနက်ဖြန်ကျောင်းပိတ်တယ်ဆိုတော့ တွေ့ကြရအောင်လေ ..."
"ဟင်... မနက်ဖြန် ကိုး မအားဘူးကိုကိုရဲ့..."
"ဟုတ်လား ကိုး ဘယ်သွားစရာရှိလို့လဲ..."
"အိမ်မှာ လုပ်စရာလေးတွေရှိနေလို့…"
"အင်းပါ အဲ့ဒါဆိုလည်း နောက်တော့တွေ့မယ်လေ ကိုး…"
"ဟုတ်ကဲ့ ကိုကို..."
"ဒေါက်... ဒေါက်... သမီး ကိုး..."
"ဟင်... ကိုကို ကိုးဖုန်းချလိုက်တော့မယ် မေမေခေါ်နေလို့..."
"အင်း... ချစ်တယ် ကိုး..."
"အို..."
ကိုးရင်ထဲမှာ နွေးထွေးသွားကာ ချက်ချင်းပဲ ဖုန်းကိုချလိုက်မိလေသည်။ ကိုကို့ဆီက ခဏခဏကြားနေရတဲ့ စကားတစ်ခွန်းဆိုပေမယ့်လည်း ကြားလိုက်ရတဲ့ အချိန်တိုင်း ကိုးရင်ထဲမှာ အမြဲတမ်းနွေးထွေးသွားခဲ့တာဖြစ်သည်။
"ကိုးရေ ကိုး..."
"ရှင် မေမေ..."
ကိုး တံခါးပေါက်နားကို အမြန်လေးပြေးသွားလိုက်ကာ တံခါးဖွင့်လိုက်တော့ မေမေက ကိုးကို ပြံုးကာကြည့်နေလေသည်။
"မောင်စဝ်ဘုန်းရိပ်ခေါင်က သမီးကို ဘာပြောတာလဲ သမီး..."
"သမီးကို တွေ့ချင်လို့တဲ့…"
"သြော် လက်ထပ်မယ့်ကိစ္စပြောမလို့ထင်တယ်… "
"ဟုတ်... မနက်ဖြန် သမီးတို့တွေ့မှာပါ…"
"အေးကွယ်… မေမေ့သမီးလေးက အရမ်းကံကောင်းတဲ့သူတစ်ယောက်ပါ..."
မေမေက ကိုးရဲ့ခေါင်းလေးကို အသာကိုင်ရင်းနဲ့ ပြောလာလေသည်။
ကံကောင်းတဲ့လူမဟုတ်ပါဘူး ကံဆိုးသူတစ်ယောက်ပါမေမေလို့ စိတ်ထဲကနေပြောလိုက်မိပေမယ့်လည်း ကိုး နှုတ်ကနေတော့ မေမေ့ကို ဘာမှပြန်မပြောမိပါ။
"မေမေ ထမင်းချက်လိုက်ဦးမယ် သမီး..."
"ဟုတ်... မမက နေ့လည်စာ ပြန်မစားဘူးလား မေမေ..."
"ဒီနေ့ သမီးရှိတော့ ပြန်လာစားမယ်ထင်တယ်…"
ကိုး ကျေနပ်စွာ ပြံုးလိုက်မိလေသည်။ ဟုတ်တယ် မမက ကိုးကိုချစ်တယ်။
"မေမေသွားတော့မယ် သမီး… စာကျက်တော့နော်…"
"ဟုတ်ကဲ့ မေမေ..."
မေမေထွက်သွားတာနဲ့ ကိုး အခန်းထဲပြန်ဝင်လိုက်ကာ တံခါးကိုပိတ်လိုက်လေသည်။ ဘယ်လိုလုပ်ရမလဲ… ဒီပုံစံအတိုင်းသာဆိုရင် မင်္ဂလာပွဲက သိပ်ကြာတော့မယ်ပုံမပေါ်ဘူး။ ငါ ကိုကို့ကို ဘယ်လိုပြောရမလဲ။ ဦးကလည်း ငါ့ကိုတကယ်ချစ်တယ်… ဒါပေမယ့် ငါ ကိုကို့ကိုပဲချစ်တာ… ဘယ်လိုလုပ်ရမလဲ… ငြင်းလို့မရတဲ့မင်္ဂလာပွဲနဲ့ ချစ်ရတဲ့သူ။ ငါ ဘယ်လိုလုပ်သင့်လဲ… ကိုကို့ကို ရွေးချယ်လိုက်ရင် ငါ့မိသားစုနဲ့ ဦးဝစ်ဘုန်းရိပ်ခေါင်ရဲ့အသိုင်းအဝိုင်း နစ်နာရမယ်။ တကယ်လို့ ငါသာ ဦးစဝ်ဘုန်းရိပ်ခေါင်ကို ရွေးချယ်လိုက်ရင် ငါ ဆုံးရှုံးရမှာက ငါချစ်ရတဲ့သူတစ်ယောက်… ဟူး… ဘယ်လိုလုပ်ရမလဲ…။
#######
"ဘာ..."
လက်ထဲကဖုန်းက အောက်သို့လွတ်ကျသွားမလိုဖြစ်သွားသဖြင့် သူ ထိန်းရင်းနဲ့ မတ်တပ်ရပ်လိုက်လေသည်။
"ဟုတ်တယ် သခင်လေး... သခင်မလေးမှာ ချစ်သူရှိတယ်… သခင်လေးရဲ့မေးလ်ကို ကျွန်တော် ဓာတ်ပုံတစ်ချို့ပို့ထားတယ် သခင်လေး ကြည့်လိုက်ပါ…"
"ကိုးချစ်သူဆိုတဲ့လူရဲ့ပုံလား..."
"ဟုတ်ပါတယ် သခင်လေး... အဲ့ဒီ့လူငယ်ကိုမြင်ရင် သခင်လေး ဒီထက်ပိုပြီး အံ့သြလိမ့်မယ်…..."
"ခဏလေး ငါ အခုပဲကြည့်လိုက်မယ်… မင်း ဖုန်းမချလိုက်နဲ့…"
"ဟုတ်ကဲ့ပါ သခင်လေး..."
သူ ဖုန်းမချဘဲ စားပွဲပေါ်က လက်တော့ပ်ကိုဖွင့်ကာ မေးလ်ထဲဝင်ကြည့်လိုက်လေသည်။
"ဟင်..."
ဓာတ်ပုံက သူတစ်ယောက်ထဲရဲ့ပုံမဟုတ်ဘဲ ကိုးနဲ့အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံတွေအပါအဝင်… ကိုးရဲ့သူငယ်ချင်းတွေနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံတွေလည်းပါနေ၏။ အဲ့ဒီ့လူငယ်ရဲ့မျက်နှာကို သေချာကြည့်လိုက်တော့ လက်တော့ပ်ပေါ်တင်ထားတဲ့ သူ့လက်အစုံဟာ တုန်လှုပ်လာလေတော့သည်။
"သခင်လေး... သူက ကျွန်တော်တို့ကုမ္ပဏီရဲ့ ပင်တိုင်မော်ဒယ် ခညောင်းရှင်ပါ… "
"ဘယ်လိုဖြစ်လို့..."
ပြောစရာစကားမရှိတော့လောက်အောင်ကို သူ ဆွံ့အသွားလေတော့သည်။ လက်တော့ပ်ထဲက သူမပုံရိပ်လေးတွေကို မြတ်နိုးစွာငေးကြည့်ရင်းနဲ့ ရင်ထဲမှာ တဆတ်ဆတ်တုန်လာသလို စို့နင့်လာခဲ့သည်။
"ချစ်သူတွေဖြစ်တာ သိပ်မကြာသေးဘူး သခင်လေး…"
"ဒါဆို ချာတိတ်က သူ့မှာချစ်သူရှိရဲ့သားနဲ့ ထိမ်းမြားမှုကို လက်ခံခဲ့တာလား…"
"အဲ့လိုလည်း မဟုတ်ဘူး သခင်လေး..."
"ဒါဆို..."
"သူ့ သူငယ်ချင်းပြောပုံအရဆိုရင်တော့ သခင်မလေးက သခင်လေးနဲ့ စေ့စပ်ခါနီးမှာမှ ခညောင်းရှင်ကို အဖြေပေးခဲ့တာလို့ပြောတယ်..."
"သူ့သူငယ်ချင်းဟုတ်လား..."
"ဟုတ်ပါတယ်… သူ့နာမည်က သစ်ရွက်စိမ်းတဲ့… သူပြောတာတော့ သခင်မလေးက ခညောင်းရှင်ကို တကယ်ချစ်တယ်လို့ပြောတယ်…"
အဲ့ဒါကြောင့် ချာတိတ်ရဲ့အစ်မ မဏိရတနာက သူ့ကိုပြောခဲ့တာလား… ချာတိတ်မှာ ချစ်သူရှိမှန်းသိလို့ တားခဲ့တာလား…
"ဒါပေမယ့် သခင်လေးနဲ့ သခင်မလေးတို့က မိဘချင်းသဘောတူထားခဲ့ပြီးတဲ့လူတွေပါ သခင်လေး…"
"မဟုတ်ဘူး ကိုသက်... တကယ်လို့ ချာတိတ်မှာ ချစ်သူရှိမှန်း အစကတည်းက ငါသိခဲ့ရင် ငါလည်း ဦးရီးတော်တို့စကားကို လက်ခံခဲ့မှာမဟုတ်ဘူး… ဒါပေမယ့် ဘာလို့ အခုမှလဲ… ဘာလို့ အခုမှ ချာတိတ်မှာ ချစ်သူရှိရတာလဲ… ကျွတ်…"
"သခင်လေး စိတ်ညစ်သွားပြီလား… စိတ်မညစ်ပါနဲ့ သခင်လေးရယ်… သခင်မလေးက သခင်လေးရဲ့ ကြင်ယာတော်ဆိုတာ နှစ်ဖက်အသိုင်းအဝိုင်းအားလုံးက သိခဲ့ပြီးသားပါ…"
သူ လက်တော့ပ်ကိုပိတ်လိုက်ပြီး ပြတင်းပေါက်နားမှာ မတ်တပ်သွားရပ်လိုက်ကာ နီညိုရောင် လိုက်ကာစကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်လေသည်။
"အခုချိန်မှာတော့ ငါ နောက်မဆုတ်နိုင်တော့ဘူး.. ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ငါ ချာတိတ်ကို အဆုံးရှုံးခံမှာ မဟုတ်တော့ဘူး ကိုသက်…"
"ဟုတ်ပါတယ် သခင်လေး… အဲ့လိုပဲလုပ်ပါ…"
ကိုသက်ကလည်း သူ့ဘက်လိုက်ကာ ပြောနေလေသည်။ ဟုတ်တယ် ချာတိတ်ကြောင့် နာကျင်ရမယ်ဆိုတာကို အခုမှ ပိုပိုပြီးသိလာခဲ့တာ။
"ကိုသက်... ငါ ဖုန်းချလိုက်တော့မယ်…"
"ဟုတ်ကဲ့ပါ သခင်လေး..."
"ပြီးတော့ ချာတိတ်ရဲ့သူငယ်ချင်းနဲ့ ငါတွေ့ချင်တယ်… ဒါပေမယ့် ချာတိတ်ကိုတော့ မသိစေချင်ဘူး…"
"ဟုတ်ကဲ့ပါ သခင်လေး… ကျွန်တော် စီစဉ်လိုက်ပါ့မယ်…"
"ကောင်းပြီ..."
သူဖုန်းချလိုက်ကာ လက်တော့ပ်ရှိရာခုံအနားသို့ ပြန်လာလိုက်လေသည်။ ခုံမှာဝင်ထိုင်လိုက်ပြီး လက်တော့ပ်ကိုဖွင့်လိုက်ကာ သူမရဲ့ပုံလေးတွေကို down လိုက်၏။ သူမတစ်ယောက်ထဲပုံအများစုကိုသိမ်းလိုက်ကာ ခညောင်းရှင်နဲ့တွဲရိုက်ထားတဲ့ ပုံတစ်ပုံကိုလည်း သိမ်းထားလိုက်သည်။
ချာတိတ်ရယ်… ကိုယ် ဘာတွေဆက်လုပ်ရမလဲ… ကိုယ့်မှာ ချာတိတ်နဲ့ပတ်သက်ပြီး ရှေ့ဆက်လမ်းတွေအများကြီး စဉ်းစားထားခဲ့တာ အရူးတစ်ယောက်လိုပဲ။ အခုမှ ကိုယ် ဘာလို့သိရတာလဲ… ကိုယ် ဘယ်လိုလုပ်ပြီး ချာတိတ်ကို အဆုံးရှုံးခံနိုင်မှာလဲ ချာတိတ်ရယ်…။
#######
သူ့မျက်နှာကိုကြည့်ပြီး ကိုးစိတ်ထဲမှာ တစ်မျိုးခံစားနေရလေသည်။ သူ့မျက်နှာက ဘာလို့ မကောင်းဖြစ်နေရတာလဲ။ အိမ်မှာလာခေါ်တော့ ဒီလိုမျက်နှာမဟုတ်ပါဘူး… ဘယ်လိုဖြစ်လို့ ပြောင်းသွားတာလဲ…။
"ချာတိတ်..."
"ဟုတ်ကဲ့ ဦး..."
"ဘာစားမလဲ..."
"ရပါတယ် ဦး..."
"ဒါဆို ရှေ့နားက BBQ မှာ တစ်ခုခုစားရအောင်နော်…"
"ဟုတ်ကဲ့ ဦး..."
ဦးစဝ်ဘုန်းရိပ်ခေါင်က ကိုးကို တစ်ချက်မှ လှည့်မကြည့်ဘဲ ကားကိုသာ ဂရုတစိုက်မောင်းနေ၏။ BBQ ဆိုင်ကို ရောက်တဲ့အထိတောင်မှ အမူအရာကမပြောင်း။ ဒါပေမယ့် ကားပါးကင်ရောက်တော့ သူပဲ အရင်ဆင်းသွားပြီး ကိုး ဆင်းမယ့်ဘက်ကိုရောက်လာကာ တံခါးကိုလာဖွင့်ပေးလေသည်။
"ချာတိတ် ဆင်းပါ..."
"ဟုတ်ကဲ့ ဦး..."
သူက ကိုးရဲ့လက်ကိုတစ်ချက်ကြည့်လိုက်ပြီးမှ
"ကိုယ် ချာတိတ်ရဲ့လက်ကို တွဲလို့ရမလား ချာတိတ်…"
"ရှင်..."
ကိုး အံ့သြတကြီး သူ့မျက်နှာကိုကြည့်လိုက်တော့ သူ့အကြည့်တွေက ကားပါကင်မှာရပ်ထားတဲ့ ကားတစ်ချို့ဆီသို့ အကြည့်တွေရောက်သွားကာ
"ဒီဆိုင်ထဲမှာ ဦးရီးတော်ရဲ့မိတ်ဆွေတွေရောက်နေတယ်… ကိုယ်နဲ့မင်းက မိဘချင်းသဘောတူထားတဲ့လူဆိုတာ ကိုယ့်အမျိုးအနွယ်အားလုံးသိထားကြတယ်…"
"ရှင်..."
"အဲ့ဒါကြောင့် ကိုယ် မင်းလက်ကို ဆုပ်ကိုင်ထားလို့ရမလား ချာတိတ်…"
ကိုး ဦးရဲ့မျက်နှာကို သေချာကြည့်လိုက်တော့ ဦးရဲ့မျက်နှာကလည်း တည်ငြိမ်နေလေသည်။ ကိုး သူ့ကို ငေးကြည့်နေတုန်းမှာပဲ သူက ကိုးရဲ့လက်ကို ဆုပ်ကိုင်လာလေသည်။ ကိုး ဆတ်ကနဲတုန်သွားမိပေမယ့် ဘာမှပြန်မပြောဘဲ ဦးနဲ့အတူ ဆိုင်ထဲကို ၀င်လာလိုက်သည်။
"ဟာ... ဘုန်းရိပ်..."
စားပွဲဝိုင်းတစ်ဝိုင်းကနေ လူကြီးတစ်ယောက်ထလာပြီး ဦးရဲ့အနားကိုရောက်လာလေသည်။
"သြော် ဦးစိုင်း…"
ဦးစိုင်းဆိုတဲ့လူကြီးက ဦးကိုလက်ကမ်းပေးလိုက်ရင်းနဲ့ပြံုးလိုက်ကာ
"ဦးစိုင်းလည်း ကုမ္ပဏီကိုမရောက်ဖြစ်တာကြာသွားပြီ ဘုန်းရိပ်… အခုနောက်ပိုင်း အလုပ်တွေကလည်း ဦးကိုယ်တိုင် ဦးဆောင်နေရတယ်… သားတော်မောင်ကလည်း အားကိုးလို့မရ…"
"ဦးစိုင်းရဲ့ သားအငယ်တစ်ယောက်ရှိသေးတယ်ဆို…"
ဦးစိုင်းဆိုတဲ့လူရဲ့မျက်နှာက ချက်ချင်းဆိုသလို တည်တံ့သွားကာ ခေါင်းရမ်းလိုက်ပြီး
"သားငယ်က အိမ်ထောင်ကျသွားပြီ ဘုန်းရိပ်ရဲ့… အိမ်ထောင်မပြုခင်တုန်းကတော့ အားကိုးလို့ရတာပေါ့ကွယ်… အိမ်ထောင်လည်းကျပြီးရော သူ့မိန်းမရဲ့အလုပ်တွေကို ၀ိုင်းကူလုပ်နေတာနဲ့ ဦးဆီကို ရောက်မလာတော့ပါဘူးကွယ်…"
"သြော်..."
"ဒါနဲ့ ဒီမိန်းကလေးက ဘုန်းရိပ်ရဲ့ကြင်ယာတော်ဆိုတာလား…"
ကိုး ဦးရဲ့မျက်နှာကိုကြည့်လိုက်တော့ ဦးရဲ့အကြည့်တွေက ကိုးဆီသို့ရောက်လာကာ ခေါင်းငြိမ့်လိုက်ပြီး
"ဟုတ်ပါတယ် ဦးစိုင်း…"
"သြော် ဒါနဲ့ ကြံုတုန်းလေး ဦးစိုင်း ဧည့်ခံပါရစေ…"
"ဟာ မလုပ်ပါနဲ့ ဦးစိုင်း…"
"လုပ်ပါ ဘုန်းရိပ်ရယ်… နန်းမဟာမြိုင်ကုမ္ပဏီအပေါ်မှာ ဦးက ကျေးဇူးကြွေးတွေ အများကြီးတင်နေတာမို့လို့ပါ…"
နန်းမဟာမြိုင်ကုမ္ပဏီ… ဟင်… ဒါဆို ကိုကို့ကို ပင်တိုင်မော်ဒယ်အဖြစ် စာချုပ်ချုပ်ထားတဲ့ကုမ္ပဏီက ဦးရဲ့ကုမ္ပဏီပေါ့…။
"ဒီနေ့တော့ ကျွန်တော်နဲ့ကြင်ယာတော် စကားအေးအေးဆေးဆေးပြောချင်လို့ အပြင်ထွက်လာတာပါ ဦးစိုင်း… နောက်ပြီးတော့ ကြင်ယာတော်က ကျောင်းတစ်ဖက်နဲ့ဆိုတော့ ကျောင်းစာတွေလည်းလုပ်စရာရှိသေးလို့ပါ..."
ဦးစိုင်းဆိုတဲ့လူရဲ့အကြည့်က ကိုးဆီသို့ နားလည်စွာရောက်လာကာ
"ဒီလိုဆိုရင်ဖြင့်လည်း နောက်တစ်ခေါက်မှပေါ့ ဘုန်းရိပ်ရယ်... နောက်တစ်ခါဆိုရင်တော့ လုံးဝငြင်းလို့မရဘူးနော်..."
"ကောင်းပါပြီဗျာ... ဒီတစ်ခါတော့ နားလည်ပေးပါနော်..."
“ဟုတ်ပါပြီ…”
"ဟုတ်ကဲ့ ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး..."
"ကောင်းပါပြီ..."
ကိုးတို့နှစ်ယောက် ဆိုင်ရဲ့အတွင်းပိုင်းထဲအထိ ဝင်လိုက်ကာ ထောင့်အစွန်က စားပွဲမှာ ဝင်ထိုင်လိုက်ကြလေသည်။
"ချာတိတ် ဘာစားမလဲ... ဒီက အကင်ကောင်းတယ်လို့ပြောတယ်..."
"ဟင့်အင်း ကိုး အပြင်စာ မစားချင်ဘူး ဦး..."
"ကိုယ်နဲ့တူတာပဲ... ဒါဆို ဖျော်ရည်ပဲသောက်ရအောင်နော်..."
"ဟုတ်ကဲ့..."
ဦးက ဝိတ်တာကိုခေါ်ကာ အအေးမှာနေပေမယ့် ကိုးကတော့ ဦးကိုပဲအကဲခတ်နေမိသည်။ ကိုးစိတ်ထဲမှာ သိချင်တာတွေများနေသဖြင့် အစားအသောက်ထက် စကားပြောဖို့အတွက်သာ စိတ်စောနေမိတော့သည်။
"ချာတိတ် ကိုယ့်ကိုပြောစရာရှိနေတယ်ထင်တယ်..."
ကိုး ခေါင်းငြိမ့်ပြလိုက်ကာ အောက်သို့ အနည်းငယ် လျှောကျနေတဲ့မျက်မှန်ကို ပင့်တင်လိုက်လေသည်။
"နန်းမဟာမြိုင်ကုမ္ပဏီဆိုတာ ဦးရဲ့ကုမ္ပဏီလား..."
"အင်း ဟုတ်တယ်လေ ဘာလို့လဲ ချာတိတ်..."
"မဟုတ်ပါဘူး... ဟို ကိုးရဲ့သူငယ်ချင်းက နန်းမဟာမြိုင်ကုမ္ပဏီရဲ့ ပင်တိုင်မော်ဒယ်ဖြစ်သွားပြီဆိုတော့ ဦးရဲ့ကုမ္ပဏီမှန်း ကိုးမသိခဲ့ဘူး..."
"ခညောင်းရှင်ကို ပြောတာလား..."
"ဟင်... ဦး ဘယ်လိုလုပ်ပြီး သိလဲ..."
ကိုး အ့ံသြစွာမေးလိုက်ပေမယ့် ဦးရဲ့မျက်နှာကတော့ သာမန် မထူးဆန်းသည့်ပုံပင်။
"သူက တကယ်ပဲ ချာတိတ်ရဲ့သူငယ်ချင်းလား..."
"ဦး..."
"ကိုယ် ချာတိတ်ကိုချစ်တယ်လို့ ဝန်ခံခဲ့ပြီးပြီနော် ချာတိတ်..."
ဦး ဘာကိုဆိုလိုချင်တယ်ဆိုတာ ကိုး နားမလည်မိသေးပေ။ ဦးကတော့ ကိုးကို သေချာမကြည့်ဘဲ တစ်ချက်တစ်ချက်မှ အကြည့်တွေက ကိုးဆီသို့ရောက်လာလေသည်။
"ချာတိတ်နဲ့ပတ်သက်ပြီး ကိုယ်သိထားတဲ့အရာတွေက အမှန်တရားတွေဆိုတာ ကိုယ်ယုံကြည်တယ်... အထူးသဖြင့် ချာတိတ်မှာချစ်သူမရှိဘူးဆိုတာကိုပေါ့..."
"ဟင်..."
စကားပြောနေရင်းနဲ့ ဦးရဲ့အကြည့်တွေက ကိုးဆီသို့ ရောက်လာသဖြင့် ကိုး စိုးထိတ်သွားမိလေသည်။ ဦးက ကိုးနဲ့ကိုကို့အကြောင်းကို သိနေတာများလား...။ ဟင့်အင်း မဖြစ်နိုင်ပါဘူး...
"ဦးရီးတော်တို့က ကိုယ်တို့ကို မြန်မြန်ထိမ်းမြားစေချင်နေပြီ ချာတိတ်..."
မေမေပြောထားသဖြင့် ကိုးလည်း သိထားပြီးပြီဖြစ်သည်။
"ချာတိတ် ဘယ်လိုသဘောရလဲ..."
"ကိုး..."
ကိုး ဦးမျက်နှာကိုမော့ကြည့်လိုက်တော့ ဦးက ကိုးကို သေချာကြည့်နေလေသည်။
"ကိုး... ကိုးမှာ..."
ကိုး ကြည့်နေရင်းမှာပင် ဦးရဲ့မျက်နှာက ချက်ချင်းပဲတင်းမာသွားလေသည်။ ကိုးဆီကနေ အကြည့်တွေကို လွှဲသွား၏။
"ကိုယ်တို့ရဲ့ထိမ်းမြားမှုကို အားလုံးက အရမ်းမျှော်လင့်ထားကြတာ... အထူးသဖြင့် နာမကျန်းဖြစ်နေတဲ့ ကိုယ့်ရဲ့ဖိုးဖိုးပေါ့..."
"ဟင်..."
ကိုးမှာချစ်သူရှိတဲ့အကြောင်း ပြောဖို့အတွက်တောင်မှ ကိုး ဆွ့ံအသွားမိလေတော့သည်။
"ဟုတ်တယ် ကိုး... အဲ့ဒါကြောင့်လည်း ကိုယ် ဖိုးဖိုးရဲ့ဆန္ဒကို အမြန်ဆုံးဖြည့်ဆည်းပေးချင်ခဲ့တာ... ဒါပေမယ့် ကိုယ်အဲ့လိုပြောလိုက်လို့ ချာတိတ်ကိုမချစ်ဘူးလို့မထင်လိုက်ပါနဲ့ ချာတိတ်... ကိုယ် ချာတိတ်ကို စတွေ့တဲ့အချိန်ကတည်းက ချစ်ခဲ့မိတယ်ဆိုတာ ကိုယ် ကျိန်ရဲပါတယ်..."
ကိုး ပြောချင်တဲ့ စကားတွေပြောဖို့အတွက် ဆွ့ံအနေမိတော့သည်။
"ခညောင်းရှင်နဲ့ချာတိတ်ရဲ့ပတ်သက်မှုကို ကိုယ်သိပါတယ်..."
"ဟင်..."
ကိုး သူ့ကို အ့ံသြစွာကြည့်လိုက်မိပေမယ့်လည်း သူ့ရဲ့အကြည့်တွေက ကိုးဆီမှာရှိမနေခဲ့ပါ။
"ဟုတ်တယ် ကိုး... အဲ့ဒါကြောင့်လည်း ခညောင်းရှင်ဖြစ်ချင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် ကိုယ်တို့ကုမ္ပဏီနဲ့စာချုပ်ချုပ်ဖို့အတွက် ကိုယ် ကမ်းလှမ်းလိုက်တာ..."
မတတ်နိုင်ပေ... ချာတိတ်ရဲ့နှုတ်ဖျားကနေ ခညောင်းရှင်က ချာတိတ်ရဲ့ချစ်သူပါဆိုတဲ့စကားလုံးထွက်မလာဖို့ သူ မုသားသုံးရတော့မှာပဲ။ တကယ်ဆိုရင် ခညောင်းရှင်က ကုမ္ပဏီရဲ့ပင်တိုင်မော်ဒယ်အဖြစ် စာချုပ်ချုပ်ပြီးမှ ကိုးရဲ့ချစ်သူဆိုတာကို သူသိခဲ့တာဖြစ်သည်။ အခုတော့ ကံကြမ္မာက အခုလိုဖန်လာပြီဖြစ်သည်။
"ကိုးကြောင့် ဦးက သူ့ကိုကူညီခဲ့တာလို့ပြောချင်တာလား ဦး..."
"အဲ့ဒါလည်းပါတယ်... နောက်ပြီး သူ့သရုပ်ဆောင်ပုံနဲ့ရုပ်ရည်ကလည်း ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့အရည်အချင်းလည်းရှိတယ်လို့ထင်တယ်... အဲ့ဒါကြောင့်ပါ..."
"ဘာပဲဖြစ်ဖြစ် ကင်းရဲ့ကိုယ်စား ကိုးကပဲကျေးဇူးတင်ပါတယ် ဦး..."
"ကိုယ် ကျေးဇူးတင်ခံချင်လို့ပြောတာမဟုတ်ဘူး ချာတိတ်... ချာတိတ်ကို နားလည်စေချင်လို့ပါ... အထူးသဖြင့် ထိမ်းမြားမှုကို ကြည်ကြည်ဖြူဖြူ လက်ခံစေချင်တယ်... ဒီထိမိးမြားမှုက ငြင်းလို့မရဘူးဆိုတာ ကိုယ်တို့နှစ်ယောက်လုံး နားလည်ထားပြီးသားပါပဲ..."
"ကိုး သိပါတယ် ဦး... ဒါပေမယ့်..."
"ချာတိတ်... ကိုယ့်ကိုမယုံလို့လား... ဒါမှမဟုတ် ကိုယ့်ကိုပြန်မချစ်နိုင်လို့လား..."
"မလိမ်ဘဲပြောရမယ်ဆိုရင် ကိုး ဦးကို ပြန်ချစ်နိုင်မယ်မထင်ဘူး ဦး..."
ဦးရဲ့မျက်နှာက ချက်ချင်းပဲပျက်ယွင်းသွားတာကို ကိုး သတိထားလိုက်မိသည်။
"ဒါပေမယ့် ကိုယ် ချာတိတ်ကို အဆုံးရှုံးခံမှာမဟုတ်ဘူး ချာတိတ်..."
"ဟင်..."
ကိုး မယုံကြည်နိုင်စွာကြည့်လိုက်တော့ ဦးရဲ့မျက်နှာက ကိုးကိုမကြည့်ဘဲ ငြိမ်ကာ တစ်ခုခုကို စဉ်းစားနေသလို ငြိမ်နေလေသည်။
"တကယ်လို့ ကိုးက ဦးကိုပြန်မချစ်နိုင်ရင်တောင်မှ ဦးက ကိုးကို လက်ထပ်မှာလား..."
"ဟုတ်တယ် ချာတိတ်... ကိုယ် ချာတိတ်ကို လက်ထပ်မယ်... ဘယ်လိုအကြောင်းကြောင့်နဲ့ပဲဖြစ်ဖြစ်ပေါ့... ချာတိတ်မှာချစ်သူရှိနေတယ်ဆိုရင်တောင်မှ ကိုယ် နောက်မဆုတ်ဘူး..."
ဦးရဲ့အကြည့်တွေထဲမှာ တစ်ခုခုကိုသေချာသိနေတယ်လို့ ကိုး ထင်နေမိသည်။ သေချာပါတယ်... ဦး ကိုးနဲ့ကိုကို့အကြောင်းကို သိနေလို့ပဲဖြစ်ရမယ်။ အဲ့ဒါကြောင့် ကိုကို့ကို ကူညီခဲ့တာလား။ ကိုကိုသာ နန်းမဟာမြိုင်ကုမ္ပဏီရဲ့ ပင်တိုင်မော်ဒယ်ဖြစ်ပြီဆိုရင် တခြားဒါရိုက်တာတွေကလည်း ရုပ်ရှင်တွေ ဗွီဒီယိုတွေရိုက်ဖို့အတွက် ကိုကို့ကို လာကမ်းလှမ်းတော့မှာ။ အဲ့ဒီလိုသာဆိုရင် ကိုကိုဖြစ်ချင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီပဲ ကိုး ကျေနပ်ရမှာပေါ့။ ဟုတ်တယ် ကိုကို့အတွက် ကိုး ဦးကိုလက်ထပ်မယ်။ ဒါကို ကိုကို တစ်ချိန်ချိန်မှာ နားလည်လာမှာပါ...။
"ချာတိတ်... ထိမ်းမြားမှုနဲ့ပတ်သက်ပြီး ချာတိတ်ဖြစ်ချင်တာကိုပြောပါ... ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ကိုယ်ဖြစ်အောင်လုပ်ပေးမယ်..."
သူမမျက်နှာက အောက်သို့ငုံ့သွားလေသည်။ ဘာလို့လဲ... သူမ တကယ်ပဲ သူ့ကိုမချစ်နိုင်ဘူးလား... ခညောင်းရှင်ကလွဲပြီး တခြားလူကို လုံးဝမချစ်နိုင်တာလား...။
"ကိုယ်တို့ရိုးရာဓလေ့ထုံးစံအတိုင်း မလုပ်ချင်ဘူးဆိုရင်လည်းပြောပါ... ကိုယ် ကိုယ့်အမျိုးအနွယ်အားလုံးကိုဆန့်ကျင်ပြီး ချာတိတ်ဆန္ဒအတိုင်း ဖြည့်ဆည်းပေးမယ်..."
"ကိုး... ကိုး..."
စကားပြောနေရင်းနဲ့ ရှိုက်သံပါလာတဲ့သံ သူမကိုကြည့်လိုက်ကာ သူ့ရင်ထဲမှာ စူးနင့်သွားသလို ခံစားလိုက်ရလေသည်။
"ချာတိတ်... ကိုယ့်ကို လုံးဝမချစ်နိုင်ဘူးလား... ဟုတ်လား ချာတိတ်... အဲ့ဒါကြောင့် ထိမ်းမြားဖို့အတွက် ချာတိတ် အခုလိုဖြစ်နေတာလားဟင်..."
ကိုး စကားဆက်ပြောဖို့အတွက် အားယူလိုက်ကာ ဦးကိုမော့ကြည့်လိုက်တော့ အားနာစိတ်နဲ့ဂရုဏာစိတ်တို့ ပြည့်လျှံနေတဲ့ ဦးရဲ့မျက်ဝန်းတွေကို ကိုးတွေ့လိုက်ရလေသည်။
"လက်ထပ်မှာပါ... ကိုး ဦးကိုမချစ်ပေမယ့် လက်ထပ်မယ် ဦး..."
သူမစကားကြောင့် သူ သဘောကျစွာ ပြံုးလိုက်လေသည်။ သူမကတော့ သူ့ကိုကြည့်နေတာမဟုတ်သဖြင့် မသိပေ။ ဘာပဲဖြစ်ဖြစ် သူမဆီက ဒီစကားတစ်ခွန်းနဲ့တင် သူမကို သူ ပိုင်ဆိုင်ရမယ်ဆိုတာ ၉၉ ရာခိုင်နှုန်းသေချာနေပြီ။ ကျန်တာ သူ့အတွက် အရေးမကြီးဘူး။ ခညောင်းရှင်လည်း ရှေ့ဆက်တိုးလို့ရတော့မှာမဟုတ်သလို သူလည်း နောက်ဆုတ်စရာမလိုတော့ဘူး။ သေချာတာတစ်ခုကတော့ သူ ချာတိတ်ကို လုံးဝမစွန့်လွှတ်ရတော့ဘူးဆိုတာပဲ... ကျေနပ်တယ်... ဘယ်သူတွေ ဘာပဲပြောလာပြောလာ သူ့ဘေးမှာ ချာတိတ်သာရှိနေမယ်ဆိုရင် သူ ကျေနပ်တယ်...။
#######
ဆက်ရန် - အခန်း(၁၂)
Eain Mat Kyal
YOU ARE READING
အချစ်ဦးမဟုတ်ပါ သို့သော် (Completed)
Romance💜 အချစ်ဦးမဟုတ်ပါ သို့သော်...💜 လူတိုင်းလူတိုင်းမှာ အချစ်ဦးဆိုတာ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အချစ်ဦးတိုင်းကတော့ ကိုယ့်ဘဝရဲ့လက်တွဲဖော် ဖြစ်ခဲ့ကြမှာမဟုတ်ပါဘူး။ ဒီဝတ္ထုလေးမှာဆိုရင် အမိန့်တွေကြားမှာ ငယ်စဥ်ကတည်းက ကြီးပြင်းခဲ့ရပြီး ဟော်နန်းဆိုသော ...