### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၂၅)"ဘီလူး..."
"ပြောပါ သခင်လေး..."
"မင်းဆီက အကူအညီလိုချင်တယ်..."
ဘီလူးရဲ့အကြည့်တွေက သူ့ဆီသို့ စူးရဲစွာရောက်လာကာ ခေါင်းရမ်းလိုက်ရင်းနဲ့
"တောင်းပန်ပါတယ် သခင်လေး ကျွန်တော် မကူညီနိုင်ပါဘူး..."
"ဘာ..."
အိုက်မော်ရဲ့မျက်နှာက အလိုမကျစွာ ပျက်ယွင်းသွားလေတော့သည်။ ထို့နောက် ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး ဘီလူးကိုကျောခိုင်းလိုက်ကာ
"ငါ မင်းကို အကြပ်ကိုင်တာမဟုတ်ပါဘူး... ဒါပေမယ့် မင်းအဖေအတွက် မင်း ငါ့ကို ကူညီရလိမ့်မယ် ဘီလူး..."
"တီ... တီ... တီ..."
သူ့စကားလည်းဆုံးရော ဘီလူးရဲ့ဖုန်းကနေ ဖုန်းဝင်လာလေသည်။ ဘီလူးက ဖုန်းကိုကြည့်လိုက်ပြီးမှ သူ့ကိုမျက်မှောင်ကုတ်ပြီးကြည့်လာကာ ဖုန်းကိုကိုင်လိုက်၏။
"ဟယ်လို ဖေဖေ..."
"သား အခု ဘယ်မှာလဲ..."
"သခင်လေးစိုင်းအိုက်မော်နဲ့ စကားပြောနေတာပါ ဖေဖေ..."
"သား... ဖေဖေပြောတာသေချာနားထောင်... သခင်လေးတောင်းတဲ့အကူအညီကို သားလက်ခံလိုက်နော်..."
"သားမကူညီနိုင်ဘူး ဖေဖေ..."
"သား... ဖေဖေပြောတာကို နားထောင်ပါကွယ်..."
"သား သခင်ကြီး စဝ်ခွန်ဖနဲ့ သခင်ကြီး စိုင်းမောက် တို့ကို သစ္စာမဖောက်နိုင်ဘူး..."
"သား... ဒီတစ်ခေါက်က နောက်ဆုံးပါဘဲ သားရယ်... ဖေဖေ သူ့ဆီကယူခဲ့တဲ့အကူအညီတွေအတွက် ဒါကနောက်ဆုံးပါပဲ..."
"ဖေဖေ့အကြောင်းကို ဟော်နန်းကသာသိသွားခဲ့ရင် သခင်ကြီးတို့အနွယ်တော်တွေအားလုံး အရှက်ရကြမှာဆိုတာကို ဖေဖေမတွေးမိဘူးလား..."
"ဖေဖေ..."
ဘီလူး မပြတ်သားတဲ့ဖခင်ကြောင့် ခေါင်းကိုအသာရမ်းလိုက်ပြီး အိုက်မော်ကိုလှမ်းကြည့်လိုက်ကာ
"သား မကူညီနိုင်ဘူး ဖေဖေ..."
"သားရယ်... ဒီတစ်ခါနောက်ဆုံးပါကွာ... ဒီတစ်ခါသာမကူညီရင် အရင်တစ်ခါက ကူညီခဲ့တဲ့အတွက် စိုင်းအိုက်မော်က ဖေဖေတို့ကို ဒုက္ခပြန်ပေးလိမ့်မယ်..."
"ဟင်..."
ဖုန်းပြောနေရင်းကနေ ဘီလူးရဲ့အကြည့်တွေက သူ့ဆီသို့ ရောက်လာကာ မျက်မှောင်ကုတ်သွားကာ ဖုန်းကိုချလိုက်၏။
"သခင်လေး ကျွန်တော်ဘာလုပ်ပေးရမှာလဲ..."
ဘီလူးရဲ့စကားကြောင့် သူ ကျေနပ်စွာပြံုးလိုက်ပြီး အံဆွဲထဲကနေ စက္ကူအိတ်တစ်အိတ်ကိုဆွဲထုတ်လိုက်ပြီး ဘီလူးရဲ့ရှေ့မှာချပေးလိုက်ကာ
"ဒီပစ္စည်းလေးကို အစ်ကိုတော်ဘုန်းရိပ်ရဲ့စံအိမ်တော်ကို အစ်ကိုတော်မရှိတဲ့အချိန် ရောက်အောင်ပို့ပေးရုံပဲ..."
ဘီလူးက သူပေးတဲ့စာအိတ်ကို သေချာစိုက်ကြည့်လိုက်ပြီးမှ သူ့ဆီသို့ အကြည့်တွေရောက်လာလေသည်။
"သခင်လေး ကျွန်တော့် ဖေဖေ့ကိုဒုက္ခပေးတာ ဒါနောက်ဆုံးဖြစ်ပါစေ..."
"အဲဒါကတော့ အခု မင်းလုပ်မယ့် လုပ်ရပ်ပေါ်မှာပဲ မူတည်တာပါ..."
ဘီလူး စာအိတ်ကိုယူကာ စိုင်းအိုက်မော်ရှေ့ကနေ ထွက်သွားလေတော့သည်။ အိုက်မော် ဘီလူးရဲ့ကျောပြင်ကိုကြည့်ရင်းနဲ့ သဘောကျစွာပြံုးရင်း ကျန်ခဲ့တော့၏။ အခုတော့ သူဖြစ်စေချင်တဲ့အရာတွေ ဖြစ်လာတော့မည်ဖြစ်သည်။ အစ်ကိုတော်နဲ့ ကိုးအသင်္ချေတို့ဝေးဖို့အတွက် သူလုပ်ရမည်။
မျိုးရိုးဂုဏ်ကိုမစောင့်တဲ့အစ်ကိုတော့်ကို ဘာလို့ အားလုံးကနားလည်ပေးကြတာလဲ။ စော်ဘွားအနွယ်ဝင်တွေဖြစ်တဲ့အတွက် စော်ဘွားအနွယ်ဝင်အချင်းချင်းသာ လက်ဆက်ရမယ်လို့ သတ်မှတ်ခဲ့တာဘယ်သူလဲ... ဖိုးဖိုးစဝ်ဆိုင်းပီပဲမဟုတ်ဘူလား... အခုတော့ အရင်ဆုံးဖောက်ဖျက်ခဲ့သူကလည်း ဖိုးဖိုးစဝ်ဆိုင်းပီပဲဖြစ်နေပြန်သည်။ သူ မတရားဘူးလို့တွေးလိုက်မိကာ အံကြိတ်မိတော့သည်။ အစ်ကိုတော်လည်း ကိုးအသင်္ချေကို ဘယ်လောက်ပဲချစ်ချစ် လက်မဆက်ရပါဘူး... မဖြစ်ဖြစ်တဲ့နည်းနဲ့ ဝေးသွားအောင် သူလုပ်ပြမယ်...။
#######
ချာတိတ်မရှိတဲ့ သုံးရက်ဆိုတဲ့အချိန်က သူ့အတွက်တော့ ဖြတ်သန်းရအခက်ခဲဆုံးသော အချိန်တွေဖြစ်ခဲ့သည်။ ဘာပဲပြောပြော မနက်ဖြန်ဆိုရင်တော့ ချာတိတ်ပြန်လာတော့မှာဖြစ်သည်။ စာကြည့်ခန်းထဲက စာအုပ်တွေကိုကြည့်ကာ ဘုန်းရိပ် ကျေနပ်စွာပြံုးလိုက်မိတော့သည်။ ချာတိတ်နဲ့သူက ဝါသနာချင်းလည်းတူတော့ ရင်ဘတ်ချင်းလည်း နီးစပ်လွယ်တာဖြစ်ရမယ်။ ချာတိတ်ဖတ်တဲ့စာအုပ်တွေက သူကြိုက်တဲ့စာအုပ်တွေဖြစ်သလို သူ့ဆီမှာရှိနေတဲ့စာအုပ်တွေကလည်း ချာတိတ်ရဲ့အကြိုက်တွေပဲဖြစ်ခဲ့သည်။ သူ ချာတိတ်ရဲ့စာအုပ်တွေထဲကနေ မင်းခိုက်စိုးစန်ရဲ့ "သုည"ဆိုတဲ့ ဝတ္ထုစာအုပ်ကိုဆွဲယူလိုက်လေသည်။
"သုည..."
သူ စာအုပ်ကိုစိတ်ဝင်စားစွာ ဖွင့်လိုက်တော့ စာမျက်နှာတစ်ခုကို အလိုလိုလှန်မိပြီးသား ဖြစ်သွားလေတော့သည်။ နောက်ပြီး အဲဒီစာမျက်နှာမှာ ဓာတ်ပုံတစ်ပုံ...
"ဟင်..."
သူ မျက်မှောင်ကြုတ်ကာသေချာကြည့်လိုက်တော့ ခညောင်းရှင်နဲ့ ချာတိတ်တို့ အတူတူတွဲရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံ။ ဘုန်းရိပ် ဓာတ်ပုံကိုယူပြီး သေချာကြည့်လိုက်မိလေသည်။ ဓာတ်ပုံထဲမှာ ခညောင်းရှင်က လက်တစ်ဖက်နဲ့ ချာတိတ်ရဲ့ပခုံးကိုကိုင်ထားကာ လက်တစ်ဖက်က ချာတိတ်ရဲ့လက်ကို ဆုပ်ကိုင်ထားပြီး ပြံုးရယ်နေကြတဲ့ပုံဖြစ်သည်။ သူ့ရင်ထဲမှာ ဓာတ်ပုံကိုကြည့်ရင်းနဲ့ ပူလောင်သွားလေတော့သည်။ ဒီဓာတ်ပုံက ဘာလို့ ဒီအထိရောက်လာရတာလဲ...? သူမဟုတ်ဘဲ တခြားလူတစ်ယောက်ယောက်သာ မြင်သွားခဲ့မယ်ဆိုရင်...? သူ ခေါင်းကိုအသာရမ်းပြီး ဓာတ်ပုံကိုယူလိုက်ကာ စာအုပ်ကိုဗီရိုထဲပြန်ထည့်လိုက်ပြီး ဓာတ်ပုံကိုတော့ အလုံခြံုဆုံးဖြစ်အောင် သူ့ရဲ့ဒိုင်ယာရီစာအုပ်ထဲမှာ ထည့်ထားလိုက်တော့သည်။ ချာတိတ်ကိုပြောပြပြီးတော့မှ ဒီဓာတ်ပုံကို ဘာလုပ်ရင်ကောင်းမလဲ တိုင်ပင်ရမယ်။ ထို့နောက် သူ စာအုပ်တစ်အုပ်ကိုယူကာ စာကြည့်ခန်းထဲကနေ ပြန်ထွက်လာလိုက်၏။
ဒီနေ့ တမင်သက်သက် ကုမ္ပဏီကို မသွားတော့တာဖြစ်သည်။ နောက်ပြီး ကားကိုလည်း စစ်ဆေးစရာရှိတာစစ်ဆေးရအောင် ဆိုင်ကိုခဏပို့ထားလိုက်၏။ ဒီနေ့တော့ စံအိမ်တော်မှာ စာဖတ်ရင်းနဲ့ အေးအေးဆေးဆေးနေမယ်လို့ စဉ်းစားထားခဲ့တာဖြစ်သည်။ ချာတိတ်မရှိတော့ သူ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေ၏။ ညဆိုလည်း တော်တော်နဲ့အိပ်မပျော်ဘဲ ချာတိတ်ကို သတိရနေမိပြန်ရော။ ဝှူး... ချာတိတ်ကို မပိုင်ဆိုင်ခင်တုန်းကလည်း သူ ရူးမတတ်ခံစားခဲ့ရသည်။ ပိုင်ဆိုင်ပြီးတော့လည်း ဆုံးရှုံးရမှာ သေလောက်အောင်ကြောက်နေမိ၏။ သူ စာအုပ်ကိုယူကာ အခန်းထဲကထွက်လာပြီး စံအိမ်ထဲကနေ ခြံထဲသို့ဆင်းလိုက်လေသည်။ ခြံထဲက ပန်းခြံကိုလှမ်းကြည့်လိုက်တော့ ဘယ်သူမှမရှိသဖြင့် ပန်းခြံထဲသို့ ဝင်လိုက်ပြီး ဇွန်ပန်းရုံနားက ခုံမှာ ထိုင်လိုက်၏။ စာအုပ်ကို ကျောက်စားပွဲပေါ်သို့တင်လိုက်ကာ သူ့အတွေးတွေသာ အခန်းထဲမှာမြင်ခဲ့ရတဲ့ ခညောင်းရှင်နဲ့ချာတိတ်ရဲ့ဓာတ်ပုံဆီသို့ ရောက်သွားပြန်ကာ ခေါင်းကိုခါရမ်းလိုက်လေသည်။
"အဲ့ဒါတွေက အရင်တုန်းကအဖြစ်အပျက်တွေလေ... ငါ ဘာလို့ သဝန်တိုနေရတော့မှာလဲ အဓိပ္ပါယ်မရှိလိုက်တာ ကျွတ်..."
တွေးနေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မကျေမနပ်ဖြစ်သွားမိပြန်သည်။ အဲ့ဒီ့အချိန် ခြံရှေ့သို့ရောက်လာတဲ့အရိပ်တစ်ခုကြောင့် သူ့မျက်ဝန်းတွေ ပြူးကျယ်သွားရတော့သည်။ ပန်းခြံနဲ့ခြံရှေ့တံခါးက အလှမ်းဝေးသလို အပြင်ကနေလည်း ပန်းခြံထဲကို သေချာမြင်ရမှာမဟုတ်ပေ။ သူ ထိုင်နေရာကနေထလိုက်ပြီး ခြံအပေါက်နားသို့ ဖြည်းဖြည်းချင်းကပ်သွားလိုက်သည်။ အရင်ကဆို ခြံနားကို ဘယ်လူစိမ်းမှ ကပ်တာမဟုတ်ဘူး။ သူက ဘယ်သူလဲ... ဘာလို့ အတင့်ရဲပြီး ခြံရှေ့ကိုရောက်လာရတာလဲ...။
သူ ခြံပေါက်ဝနားက ကျောက်ခတ်ပန်းပင်ကြီးကို အကာပြုကာ ခြံရှေ့ကလူကိုလှမ်းကြည့်လိုက်တော့ အဲ့ဒီ့လူက ခြံထဲကိုလှမ်းကြည့်ကာ အကဲခတ်နေသလို ကြည့်နေလေသည်။ ခြံတံခါးက သော့ခတ်ထားတာမဟုတ်ဘဲ ပိတ်ရုံသာပိတ်ထားတာဖြစ်သည်။ ခြံစောင့်ကြီးရဲ့အရိပ်အယောင်ကိုလည်း မတွေ့ရဘူးဆိုတော့ ခြံစောင့်ကြီးဘယ်ရောက်နေတာလဲ။ သူ ကျောက်ခတ်ပင်ကြီးအားကိုးဖြင့် အဲ့ဒီ့လူရဲ့မျက်နှာကို ချောင်းကြည့်လိုက်ရာ အံ့သြသွားတော့သည်။
"ဘီလူး..."
ဘယ်လိုဖြစ်လို့ ဘီလူးဖြစ်နေရတာလဲ... သူ အံ့သြလည်းအ့ံသြ ဝမ်းလည်းဝမ်းသာသွားတော့သည်။ သူ ဘီလူးနဲ့မတွေ့ရတာ ဆယ်နှစ်နီးပါးလောက်ရှိပြီဖြစ်သည်။ သူ ကျောက်ခတ်ပင်ကြီးနောက်ကနေထွက်လိုက်ကာ ခြံပေါက်ဝနားသို့ရောက်သွားပြီး
"ဘီလူး..."
ဘီလူးက သူ့ကိုမြင်ကာ နောက်ပြန်လှည့်ဖို့ ပြင်လိုက်တာကို တွေ့လိုက်ရသဖြင့် သူ အလျှင်အမြန်တားလိုက်လေသည်။
"ဘီလူး နေဦး..."
ဘီလူးရဲ့ခြေလှမ်းတွေက ချက်ချင်းပဲ ရပ်သွားကာ သူ့ကိုကျောခိုင်းထားရာကနေ တဖြည်းဖြည်းလှည့်ကြည့်လာကာ ခေါင်းငုံ့လျှက်ပင် သူ့ကိုနှုတ်ဆက်လာလေသည်။
"သခင်လေးစဝ်ဘုန်းရိပ်ခေါင်..."
"ဘီလူး ငါမင်းကိုသတိရနေတာနဲ့အတော်ပဲ အထဲဝင်ပါဦး..."
"ကျွန်တော်..."
ဘီလူးက သူ့မျက်နှာကို မဝံ့မရဲဖြင့်မော့ကြည့်လာ၏။
"ဘာဖြစ်လို့လဲ ဘီလူး... ငါတို့တွေမတွေ့တာကြာပြီလေ... မင်းကို ငါ ပြောစရာတွေရှိတယ် အထဲကိုဝင်ခဲ့ပါ..."
ပြောလည်းပြော သူ ခြံတံခါးကိုဖွင့်ပေးလိုက်တော့ ဘီလူးက နောက်ပြန်တစ်ချက်လှည့်ကြည့်လိုက်ပြီးတော့မှ ခြံထဲသို့ ကမန်းကတန်းဝင်လိုက်ကာ တံခါးကို သူကိုယ်တိုင်ပဲပြန်ပိတ်လိုက်လေသည်။
"မင်း ဟော်နန်းကနေ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ..."
"ကျွန်တော် ကိစ္စလေးတစ်ခုရှိနေလို့ပါ သခင်လေး..."
"ဟုတ်လား... လာ ဧည့်ခန်းထဲကို လိုက်ခဲ့ပါ ဘီလူး..."
"ဟုတ်ကဲ့ သခင်လေး..."
သူ ဘီလူးကို ဧည့်ခန်းထဲကိုခေါ်လာတော့ အလုပ်သမားတစ်ချို့က သူ့အနားသို့ရောက်လာကြကာ
"သခင်လေး... ဧည့်သည်အတွက် ဘာယူခဲ့ပေးရမလဲ..."
"အအေးနဲ့မုန့်တွေယူခဲ့ပါ..."
"ကျွန်တော် မစားတော့ပါဘူး သခင်လေး..."
ဘီလူးက ကြားထဲကနေ ဖြတ်ပြောလာသဖြင့် သူ အလုပ်သမားတွေကိုကြည့်လိုက်ကာ
"ယူခဲ့လိုက်ပါ..."
"ဟုတ်ကဲ့..."
အလုပ်သမားတွေလည်း ပြန်ထွက်သွားရော သူ ဘီလူးကို သေချာအကဲခတ်လိုက်လေသည်။
"ဘီလူး..."
"ဟုတ်ကဲ့ ပြောပါ သခင်လေး..."
"ဟော်နန်းမှာ ဘာသတင်းတွေကြားခဲ့သေးလဲ..."
"ကျွန်တော် ဟော်နန်းကထွက်လာတာ တစ်လကျော်ရှိနေပြီဆိုတော့ အခုချိန်မှာ ဘာတွေဖြစ်နေလဲတော့ ကျွန်တော်လည်းမသိပါဘူး... ဒါပေမယ့် ကျွန်တော်ရှိနေတဲ့အချိန်တွေတုန်းက ကျွန်တော်ကြားရတာကတော့ သခင်လေးနဲ့ကြင်ယာတော်တို့ကို အနွယ်တော်တွေက တွေ့ချင်နေကြပါတယ်..."
"ဪ..."
"ရပါပြီ သခင်လေး..."
အလုပ်သမားတွေက အအေးနဲ့မုန့်တွေကို စားပွဲပေါ်ကိုတင်ခဲ့ပြီး ဧည့်တွေ့ဆောင်ကနေ ပြန်ထွက်သွားကြလေသည်။
"ဒါနဲ့... မင်း စံအိမ်တော်ကိုရောက်လာတာ ဘာကိစ္စနဲ့လဲ ဘီလူး..."
သူ့မေးခွန်းကြောင့် ဘီလူးရဲ့မျက်နှာ ပြောင်းလဲသွားတယ်လို့ သူ ထင်လိုက်မိလေသည်။ ဘီလူးက ခေါင်းငုံ့ထားရင်းကနေ လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားကာ မတည်မငြိမ်ဖြစ်နေလေသည်။
"ဘီလူး... မင်းကိုကြည့်ရတာ ဒီနေ့ ထူးဆန်းနေတယ်... ဘာကိစ္စရှိလဲဆိုတာ ငါ့ကိုပွင့်ပွင့်လင်းလင်းပြောပါ... စံအိမ်တော်မှာ မယ်တော်အပါအဝင် ဦးရီးတော်တို့ရော ဒွေးတော်တို့ရောမရှိကြဘူး ငါပဲရှိတာပါ..."
ဘီလူးက ဘာမပြောညာမပြောဖြင့် ထိုင်နေရာကနေ ကြမ်းပြင်မှာဒူးထောက်ချလိုက်လေသည်။
"ဟင် ဘီလူး..."
"ကျွန်တော့်ကို ခွင့်လွှတ်ပါ သခင်လေး..."
သူ့ရှေ့မှာ ဒူးထောက်နေတဲ့ဘီလူးကို သူ နားမလည်စွာကြည့်နေမိလေတော့သည်။ ဘီလူးက အကျႌအိတ်ကပ်ထဲကနေ တစ်စုံတစ်ခုကိုထုတ်လိုက်ပြီး သူ့ကိုကမ်းပေးလာကာ
"ဒါ ဘာပစ္စည်းမှန်း ကျွန်တော်မသိပါဘူး သခင်လေး... ဒါပေမယ့် ဒီပစ္စည်းကို သခင်လေးမသိအောင်ပို့ခိုင်းတဲ့အတွက် သခင်လေးအတွက် ကောင်းမယ့်အရာမဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော့်စိတ်ထဲကနေ အလိုလိုသိနေပါတယ်..."
"ဘယ်သူပေးခိုင်းတာလဲ..."
သူ ဘီလူးလက်ထဲက စာအိတ်ကိုယူလိုက်ရင်းနဲ့မေးလိုက်တော့ ဘီလူးက သူ့မျက်နှာကို မဝံ့မရဲမော့ကြည့်လာကာ
"သခင်လေးစိုင်းအိုက်မော်ပါ..."
"ဘာ..."
သူ ဘီလူးကို ဘာမှပြန်မပြောတော့ဘဲ စာအိတ်ကို ယူပြီးဖွင့်ကြည့်လိုက်လေသည်။ စာအိတ်ထဲကနေ ထွက်ကျလာတဲ့ဓာတ်ပုံတွေကိုကြည့်ကာ သူ မျက်လုံးပြူးသွားတော့သည်။
"တောက်..."
"သခင်လေး... ကျွန်တော်တောင်းပန်ပါတယ်..."
သူ အံကြိတ်လိုက်ပြီး ခေါင်းရမ်းလိုက်ကာ
"မင်းမှာအပြစ်မရှိဘူး ဘီလူး... စိုင်းအိုက်မော်က ငါ့အပေါ်ကို တမင်သက်သက်အကောက်ကြံနေတာ..."
"ဟင်... ဒါဆို သခင်လေးရဲ့ကြင်ယာတော်နဲ့ ပတ်သက်နေတာလား..."
"ဟုတ်တယ်... သူက ငါနဲ့ကြင်ယာတော်ကို တစ်ခုခုဖြစ်စေချင်နေတာ..."
"ကျွန်တော် သခင်လေးအပေါ် သစ္စာဖောက်ရာကျမှာစိုးလို့ မလုပ်ပေးဘူးလို့ ငြင်းပါသေးတယ်... ဒါပေမယ့် ဖေဖေ့ကြောင့် ကျွန်တော် ငြင်းလို့မရခဲ့ဘူး..."
သူ ဘီလူးကို နားလည်စွာဖြင့် ခေါင်းရမ်းပြလိုက်ကာ
"ရပါတယ် ဘီလူး... ဘာပဲပြောပြော ဒီဓာတ်ပုံတွေ မယ်တော့်လက်ထဲရောက်မသွားတာ တော်သေးတယ်..."
"ကျွန်တော် တောင်းပန်ပါတယ်သခင်လေး..."
တောင်းပန်စကားကိုသာ တွင်တွင်ပြောနေတဲ့ ဘီလူးကို သူခေါင်းရမ်းပြလိုက်ရင်းနဲ့ လက်သီးကိုတင်းကြပ်စွာ ဆုပ်လိုက်မိလေသည်။
"ရတယ် ဘီလူး... တကယ်လို့ မင်း အိုက်မော်နဲ့ပြန်တွေ့ရင် ဒီပစ္စည်းကို ငါ့ကိုပေးခဲ့တယ်လို့မပြောဘဲ မယ်တော့်လက်ထဲရောက်တယ်လို့သာ ပြောလိုက်ပါ..."
"ဟုတ်ကဲ့ပါ သခင်လေး..."
"အင်း... အအေးသောက်လိုက်ဦး..."
"ဟုတ်ကဲ့..."
သူ့စကားကြောင့် ဘီလူးက အအေးခွက်ကို ကမန်းကတန်းကောက်ယူကာ သောက်လိုက်လေသည်။
"ကျွန်တော့်ကို ခွင့်ပြုပါဦး သခင်လေး..."
"အင်း... မင်း စံအိမ်တော်ကို ခဏခဏအလည်လာပါ ဘီလူး... နောက်နေ့တွေမှာ မင်းကို ကြင်ယာတော်နဲ့မိတ်ဆက်ပေးရမယ်..."
"ဟုတ်ကဲ့ပါသခင်လေး... ကျေးဇူးတင်ပါတယ်..."
သူလည်း ခေါင်းငြိမ့်ပြလိုက်ရော ဘီလူးက ရိုရိုကျိုးကျိုးလေး ခေါင်းငုံ့ကာ သူ့ရှေ့ကနေထွက်သွားလေတော့သည်။
"တောက်... စိုင်းအိုက်မော်... မင်းက ငါ့ကိုအကောက်ကြံမှတော့ ငါတို့တွေ တစ်ပွဲတစ်လမ်းနွှဲကြတာပေါ့ကွာ..."
အိုက်မော်က စိတ်သဘောထား ဖြောင့်မတ်သူမဟုတ်တာကို သူ သိပေမယ့် အခုလောက်ထိယုတ်မာလိမ့်မယ်လို့တော့ မထင်မိခဲ့ပေ။ အိုက်မော်က ဘာဖြစ်လို့ သူနဲ့ချာတိတ်ကို မပေါင်းဖက်စေချင်တာလဲ... စော်ဘွားတွေရဲ့အလေ့အထကိုသူသိပါတယ်... ဒီလက်ဆက်တဲ့ကိစ္စမှာ အားလုံးကသဘောတူလို့ နောက်ပြီး သူကိုယ်တိုင်ကလည်း ချာတိတ်ကို ချစ်ခဲ့လို့ ထိမ်းမြားခဲ့တာ။ ချာတိတ်က သူ့ရဲ့ကြင်ယာတော်ဆိုတာ မသိခင်ကတည်းက ချစ်ခဲ့မိတဲ့အတွက် ဘယ်သူမှသဘောမတူဘူးဆိုရင်တောင် သူ ချာတိတ်ကိုအရယူမှာပဲ။ အိုက်မော်မကျေနပ်တာကလည်း ချာတိတ်က အနွယ်တော်တွေထဲကမဟုတ်ဘူး အပြင်လူတစ်ယောက်ဖြစ်နေခဲ့တာကြောင့်ပဲ ဖြစ်သည်။ သူမကျေနပ်လည်းမတတ်နိုင်ဘူး။ သူမရှိတဲ့အချိန်မှာမှ ဒီဓာတ်ပုံတွေကို ဘီလူးကိုပို့ခိုင်းခဲ့တယ်ဆိုတော့ မယ်တော့်လက်ထဲကိုရောက်စေချင်လို့ပဲ။ မယ်တော်က မျိုးရိုးဂုဏ်ကို စောင့်ရှောက်သူဆိုတော့ ဒီပုံတွေကိုသာမြင်ခဲ့မယ်ဆိုရင် ပြဿနာတွေတက်လာမှာကို သူက သိနေတာ။ ဒီနေ့ စံအိမ်တော်မှာ သူ့ကားကလည်းမရှိတော့ ဘီလူးက သူမရှိဘူးအထင်နဲ့ ခြံရှေ့မှာ ဝေ့လည်ကြောင်ပတ်လုပ်နေခဲ့တာ။ ဒီပုံစံနဲ့ဆိုရင်တော့ အိုက်မော်က ဒီထက်ယုတ်မာဖို့ အစီအစဉ်ရှိသေးတဲ့ပုံပဲ။ ဟင်... ဒါဆိုရင် သူ့ဆီရောက်လာတဲ့ဓာတ်ပုံတွေကလည်း အိုက်မော်ရဲ့လက်ချက်ပဲဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် ဦးရီးတော်ပြောသလိုပဲ သူ့ဘက်က အရာရာကိုသတိထားဖို့လိုနေပြီဖြစ်သည်။
#######
"ကိုးက ငါ့အပေါ်မှာ အရင်လိုမဟုတ်တော့ဘူး ရာဇာ..."
သောက်လက်စအရက်ခွက်ကို လက်တစ်ဖက်ကကိုင်ထားပြီး လက်တစ်ဖက်က ထောင်ထားတဲ့ဒူးပေါ်မှာ တင်ထားလေသည်။ ခညောင်းပုံစံက အတော်လေး ရေချိန်ကိုက်နေပြီဆိုတာကို ရာဇာ သိလိုက်ပြီဖြစ်သည်။
"ခညောင်း... မင်း တော်တော်မူးနေပြီ..."
"အေ... ဟင့်အင်း ငါမမူးပါဘူးကွာ... ငါလည်းမူးချင်နေတာ ရာဇာရ... မူးသွားရင်လည်း ကောင်းသားပဲ... အဲ့ဒါဆိုရင် ကိုးကြောင့်နာကျင်နေရတာကို ငါ ခံစားမိမှာမဟုတ်ဘူး... အခုတော့ ငါအကြိမ်ကြိမ်အသည်းကွဲနေရပြီ... ဒါကိုလည်း ငါအမှတ်မရှိဘဲ ကိုးကိုချစ်မိနေတုန်းပဲကွာ..."
ဖန်ခွက်ထဲက လက်ကျန်အရက်ကို မော့သောက်လိုက်ရင်းနဲ့ ပြောလိုက်သဖြင့် ရာဇာလည်း ခညောင်းကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားမိတော့သည်။ ခညောင်းရဲ့အခြေအနေက မျောပြီးလိုက်သွားရင်လည်း ကျန်ရစ်သူပဲဖြစ်တော့မှာ... အဲ့လိုမဟုတ်ဘဲ ရှေ့ကို ဇွတ်တိုးမယ်ဆိုရင်လည်း နာကျင်ရမယ့်သူက ခညောင်းပဲဖြစ်မှာ။ ကိုးရဲ့အပြုအမူတွေက ပြောင်းလဲသွားပြီဆိုတာကို သူလည်း ရိပ်မိနေပါတယ်။
"ငါ ဘာဆက်လုပ်ရမလဲ ရာဇာ... ကိုး ငါ့ကိုချစ်ရဲ့သားနဲ့ကွာ..."
ယောကျာ်းလေးတန်မဲ့ မျက်ရည်တွေဝဲလာတဲ့ခညောင်းကြောင့် သူလည်း ဘာလုပ်ရမှန်းမသိဖြစ်သွားလေတော့သည်။
"ငါ ကိုးကို မစွန့်လွှတ်နိုင်ဘူး... ကိုး ငါ့ကို ရှောင်ဖယ်ရှောင်ဖယ်ဖြစ်လာတာငါသိတယ်... ကိုး ဘာလို့ဟန်ဆောင်နေရတာလဲဆိုတာကို ငါ စဉ်းစားလို့မရဘူးကွာ... ကိုး... ကိုး အဲ့ဒီ့လူကိုများ တကယ်ချစ်သွားပြီလားမသိဘူး..."
"မဟုတ်လောက်ပါဘူး ခညောင်းရာ..."
"မဟုတ်ဘူး ရာဇာ... အခုနောက်ပိုင်း ကိုး ငါ့ကို ရှောင်ဖယ်ရှောင်ဖယ်လုပ်လာတာကို မင်းလည်းသိနေတာပဲ..."
ရာဇာ ခညောင်းရဲ့စိတ်ကိုသိစွာဖြင့် ငြိမ်သက်နေမိတော့သည်။
"မဖြစ်ဘူး... ငါ တစ်ခုခုလုပ်မှဖြစ်တော့မယ် ရာဇာ... ကိုးကိုငါပိုင်ဆိုင်ရဖို့နဲ့ ဟိုလူဆုံးရှုံးဖို့အတွက် ငါ လုပ်ရမယ်..."
ခညောင်းရဲ့မျက်နှာက တစ်ခုခုကိုတွေးမိသွားသလို ပြံုးသွားလေသည်။ ဒါပေမယ့် မြင်တွေ့နေကျအပြံုးမဟုတ်ဘဲ နာနာကြည်းကြည်းပြံုးနေသလိုမျိုးဖြစ်နေတာကို သူ သတိထားလိုက်မိသည်။
"ခညောင်း မင်း ဘာစဉ်းစားနေတာလဲ..."
"ငါ့ကို ဦးစဝ်ဘုန်းရိပ်ခေါင်ရဲ့ညီ စိုင်းအိုက်မော်ဆိုတဲ့လူက ငါ ကိုးကိုပြန်ပြီးပိုင်ဆိုင်နိုင်အောင် ကူညီပေးမယ်တဲ့..."
"ဟင်..."
ခညောင်းက မူးနေတာဆိုတော့ အတည်ပြောနေတာဟုတ် မဟုတ်တော့ သူမသိပေမယ့် အံ့သြသွားမိတာတော့အမှန်ပဲဖြစ်သည်။
"ငါ သူ့ရဲ့အကူအညီကိုယူမှဖြစ်မယ် ရာဇာ..."
"ခညောင်း... သူက ဦးစဝ်ဘုန်းရိပ်ခေါင်ရဲ့ညီဆိုတော့ ယုံရပါ့မလား..."
"ယုံရတယ်... ဘာလို့လဲဆိုတော့ သူကိုယ်တိုင်ကလည်း ဦးစဝ်ဘုန်းရိပ်ခေါင်အပေါ်မှာ နာကြည်းချက်တွေရှိနေတာ..."
"ဘယ်လို..."
"ဟုတ်တယ်..."
ခညောင်းရဲ့စကားကြောင့် သူ အံသြနေတုန်းမှာပဲ ခညောင်းက ဖုန်းကိုထုတ်လိုက်ပြီး အိတ်ကပ်ထဲကနေတစ်ခုခုကိုထုတ်ယူလိုက်လေသည်။ သူကြည့်လိုက်တော့ လိပ်စာကတ်တစ်ကတ်။ လိပ်စာကတ်ကိုကြည့်နေရင်းနဲ့ ဖုန်းထဲကနေ ဂဏန်းတစ်ချို့ကို နှိပ်နေလေသည်။
"တီ... တီ... တီ..."
"ဟယ်လို..."
"ကျွန်တော် ခညောင်းရှင်ပါ..."
"ခညောင်းရှင်... ဪ... မင်း အစ်ကို့ကိုဖုန်းဆက်လာပြီပဲ..."
"ဟုတ်တယ်... ကျွန်တော် ကိုးကိုမစွန့်လွှတ်ရဖို့အတွက် ခင်ဗျားရဲ့အကူအညီကိုလိုချင်တယ်..."
"ကောင်းပြီလေ... အစ်ကိုက မင်းရဲ့ဖုန်းကို မျှော်နေတာပါ... ဒါဆို မနက်ဖြန် အစ်ကိုတို့အေးအေးဆေးဆေးတွေ့ပြီး အဲဒီ့ကိစ္စအတွက် ဆွေးနွေးကြတာပေါ့..."
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်..."
"ရပါတယ် ခညောင်းရှင်... ငါတို့က ရည်ရွယ်ချက်ချင်းတူညီနေကြတဲ့လူတွေပဲ ကူညီရမှာပေါ့..."
"ဟုတ်ပါပြီ... ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်..."
"Ok..."
ခညောင်း ဖုန်းချပြီးတဲ့အထိ ရာဇာ ခညောင်းကို အကဲခတ်မိနေ၏။ ဘာအကြံအစည်တွေရှိနေမှန်း သူမသိပေမယ့် ရိုးရိုးအကြံအစည်တော့မဖြစ်နိုင်ပေ။ တစ်ဖက်က ခညောင်းကိုကူညီပေးမယ့်လူက တစ်ခြားသူမဟုတ်ဘဲ ဦးစဝ်ဘုန်းရိပ်ခေါင်ရဲ့ ညီဖြစ်နေတဲ့အတွက် ဘာတွေဖြစ်လာမယ်ဆိုတာကို သူလည်း မခန့်မှန်းတတ်တော့ပေ... သိရဖို့အတွက်ဆိုရင်တော့ စောင့်ကြည့်ရမှာပေါ့...။
#######
ဆက်ရန် - အခန်း(၂၆)
Eain Mat Kyal
YOU ARE READING
အချစ်ဦးမဟုတ်ပါ သို့သော် (Completed)
Romance💜 အချစ်ဦးမဟုတ်ပါ သို့သော်...💜 လူတိုင်းလူတိုင်းမှာ အချစ်ဦးဆိုတာ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အချစ်ဦးတိုင်းကတော့ ကိုယ့်ဘဝရဲ့လက်တွဲဖော် ဖြစ်ခဲ့ကြမှာမဟုတ်ပါဘူး။ ဒီဝတ္ထုလေးမှာဆိုရင် အမိန့်တွေကြားမှာ ငယ်စဥ်ကတည်းက ကြီးပြင်းခဲ့ရပြီး ဟော်နန်းဆိုသော ...