အခန်း(၁၅)

99 2 0
                                    

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၁၅)

"ချာတိတ် ကုမ္ပဏီထဲကို မဝင်ချင်ဘူးမို့လား..."
"ဟုတ် ကိုး မလိုက်တော့ဘူး... ဦး..."
"အင်းပါ ဒါဆို ကိုယ်ပဲ သွားပေးလိုက်မယ်..."
"ဟုတ်..."
ဖိတ်စာဘူးလေးကိုယူကာ ဦးက ကားပေါ်ကဆင်းသွားလေသည်။ ကိုး ဦးထွက်သွားတာကိုကြည့်ပြီး မျက်ရည်ဝဲလာမိလေသည်။ ကိုး ကိုကိုနဲ့အဆက်အသွယ်မလုပ်တာကြာပြီဖြစ်သည်။ ကျောင်းမှာလည်း မတွေအောင် ရှောင်နေခဲ့သလို ဖုန်းဆက်လာခဲ့ရင်လည်း ကိုး မကိုင်ခဲ့။ ကိုး ကိုယ့်လိပ်ပြာကိုယ် မလုံလို့ ကိုကို့ကို ရှောင်ဖယ်ခဲ့တာပါ။ အပြစ်ရှိသူမို့ ကိုကို့ကို ရင်မဆိုင်ရဲတာပါ ကိုကိုရယ်...။
ချာတိတ်ရင်ထဲကခံစားချက်ကို နားလည်စွာဖြင့် သူ ချာတိတ်ကို ကားပေါ်မှာ ထားခဲ့ရပေမယ့်လည်း ချာတိတ်ငိုနေမှာကိုတော့ သူစိုးရိမ်သည်။
"သခင်လေး..."
သူ ကုမ္ပဏီထဲကိုဝင်ဝင်ချင်း ကိုသက်က သူ့အနားသို့်ရောက်လာလေသည်။
"အဆင်ပြေရဲ့လား ကိုသက်..."
"ဟုတ်ကဲ့ အဆင်ပြေပါတယ် သခင်လေး... ဒါနဲ့ သခင်လေးတစ်ယောက်ထဲလား ကြင်ယာတော်ရော မပါဘူးလား..."
"ကားပေါ်မှာပါတယ်... ခညောင်းရှင်နဲ့တွေ့မှာစိုးလို့ ထားခဲ့လိုက်တာ..."
"သြော်..."
"ခညောင်းရှင်ရှိလား..."
"ဟုတ်ကဲ့ နားနေခန်းထဲမှာရှိပါတယ် သခင်လေး..."
"အင်း... ကျွန်တော်သွားလိုက်မယ်..."
"ဟုတ်ကဲ့..."
ကိုသက်က သူ့နောက်ကနေ ဆက်မလိုက်တော့ဘဲ ကျန်နေခဲ့လေသည်။ သူ ခညောင်းရှင်ကိုအားနာပေမယ့် ချာတိတ်ကိုတော့ အဆုံးရှုံးမခံနိုင်ပါ။ သူ နားနေခန်းထဲဝင်လိုက်တော့ ခညောင်းရှင်က သူဝင်လာတဲ့ တံခါးပေါက်ကို ကျောပေးပြီးထိုင်ကာ ဖုန်းကြည့်နေ၏။ အနောက်ကနေ သူ အမှတ်မထင်မြင်လိုက်ရတာက ချာတိတ်နဲ့ခညောင်းရှင်တို့ အတူတွဲရိုက်ထားတဲ့ဓာတ်ပုံတွေကို ခညောင်းရှင်က ကြည့်နေတာဖြစ်သည်။ သူ့စိတ်ထဲမှာရော သူ့ရင်ထဲမှာပါ ဘယ်လိုခံစားလိုက်ရမှန်းမသိဖြစ်သွားတော့သည်။ ကိုယ်ချစ်ရတဲ့မိန်းကလေးတစ်ယောက်ကို တခြားယောကျာ်းလေးတစ်ယောက်က ပခုံးကိုဖက်ထားတဲ့ပုံကိုမြင်ရသည်မှာ သူ့ရင်ထဲမှာ အတော်လေးကို နေရဆိုးနေတော့သည်။
"ခညောင်းရှင်..."
"ဟင်..."
သူ့အသံကြောင့် ခညောင်းရှင်က ချက်ချင်းပဲလှည့်လာပြီး သူ့ကိုကြည့်နေရင်းကနေ သူ့နောက်ကိုလည်း လှမ်းကြည့်လိုက်လေသည်။ ကြည့်ရတာ ချာတိတ်ပါမယ်အထင်နဲ့ ကြည့်နေသည့်ပုံပင်။
"အဆင်ပြေရဲ့လား..."
"ခင်ဗျားတစ်ယောက်ထဲလား..."
သူမေးတာကိုမဖြေဘဲ သူ့ကို ပြန်မေးလာသဖြင့် သူ ခေါင်းပဲ ငြိမ့်ပြလိုက်လေသည်။
"ဟုတ်တယ် မင်းကို ဖိတ်စာလာဖိတ်တာ..."
"ဖိတ်စာ..."
မျက်မှောင်ကြုတ်သွားကာ မေးလာသဖြင့် သူ လက်ထဲက ယွန်းဘူးလေးကို ပေးလိုက်ကာ
"ဒီမှာ..."
သူ့ဆီကမ်းလာတဲ့ ယွန်းဘူးလေးကို သူ အ့ံသြတကြီးကြည့်ရင်းနဲ့ ယူလိုက်လေသည်။ ပြီးတော့ ဘူးလေးကိုဖွင့်ကြည့်လိုက်ရာ အထဲမှာရွှေရောင်အလိပ်လေးတစ်ခု... သူ ချက်ချင်းပဲ တုန်လှုပ်သွားမိတော့သည်။
"ဒါ..."
"ဟုတ်တယ် ခညောင်းရှင်... ဒါ ကျွန်တော်နဲ့ ကိုးတို့ရဲ့ မင်္ဂလာဆောင်ဖိတ်စာပါ..."
"ဟင်..."
သူ ဆက်မကြည့်တော့ဘဲ ဦးစဝ်ဘုန်းရိပ်ခေါင်ရဲ့မျက်နှာကို မော့ကြည့်လိုက်လေသည်။
"မင်း လာမယ်လို့ မျှော်လင့်မိပါတယ် ခညောင်းရှင်..."
"ကျွန်တော် ကိုးနဲ့တွေ့ချင်တယ် ဦးစဝ်ဘုန်းရိပ်ခေါင်..."
သူ ခညောင်းရှင်ရှေ့က ခုံမှာဝင်ထိုင်လိုက်ပြီး ခညောင်းရှင်ကို မျက်နှာလွှဲလိုက်ကာ
"ဘာအတွက်လဲ..."
"ကျွန်တော်နဲ့ကိုးက ချစ်သူတွေဆိုတာ ခင်ဗျားသိလား..."
"အင်း သိတယ်..."
"ဟင်..."
သူ အ့ံသြသွားပေမယ့် ဦးစဝ်ဘုန်းရိပ်ခေါင်ကတော့ မအ့ံသြဘဲ တည်ငြိမ်နေသဖြင့် သူ နားမလည်နိုင်အောင် ဖြစ်သွားလေတော့သည်။ ဒါဆို ဦးစဝ်ဘုန်းရိပ်ခေါင်က အစကတည်းက သိနေခဲ့တာလား...။
"မင်း အ့ံသြသွားတယ်မို့လား..."
"ကိုးမှာချစ်သူရှိမှန်းသိရဲ့သားနဲ့ ခင်ဗျား ဘာလို့ ကိုးကို လိုချင်တာလဲ ဦးစဝ်ဘုန်းရိပ်ခေါင်..."
"ချစ်လို့..."
"ဘာ..."
"Sorry ခညောင်းရှင်... ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ခညောင်းရှင်အနေနဲ့ သိစရာမလိုပါဘူး..."
"ဒါပေမယ့် ကျွန်တော့်ချစ်သူကို ဘာဖြစ်လို့..."
"ကျွန်တော့်ကိုခွင့်ပြုပါဦး... ကျွန်တော် ခညောင်းရှင်ကို လာတွေ့တယ်ဆိုတာ ကျွန်တော့်မင်္ဂလာပွဲအတွက် ဖိတ်စာလာဖိတ်တာပါ..."
သူ ပြောပြီးပြီးချင်း မတ်တပ်ရပ်လိုက်ကာ ခညောင်းရှင်ရှေ့ကနေ ထွက်လာလိုက်လေသည်။
"ဒါပေမယ့် ကိုးက ခင်ဗျားကိုမချစ်ဘူးဆိုတာရော ခင်ဗျားသိလား..."
သူ ခြေလှမ်းတွေကိုရပ်လိုက်ကာ ခညောင်းကိုလှည့်မကြည့်ဘဲ ပြံုးလိုက်လေသည်။
"သိတယ်..."
"ခင်ဗျားကို လူကြီးလူကောင်းပီသမယ်လို့ ကျွန်တော်ထင်ထားခဲ့တာ... ဒါပေမယ့် အခုတော့ ကျွန်တော်ထင်တာ မှားပြီပဲ..."
"ဟင့်အင်း... မင်းမမှားပါဘူး ခညောင်းရှင်... ကျွန်တော်က အချိန်တိုင်း နေရာတိုင်းမှာ လူကြီးလူကောင်းတစ်ယောက်ပါပဲ... ဒါပေမယ့် ကိုးနဲ့ပတ်သက်လာရင်တော့ အရာအားလုံး ဆန့်ကျင်ဘက်ဖြစ်သွားနိုင်တယ်..."
"ခင်ဗျား..."
"ခွင့်ပြုပါဦး..."
ခညောင်းရှင် ဘာပြန်ပြောမယ်ဆိုတာကို သူ နားမထောင်တော့ဘဲ အခန်းထဲကနေထွက်လာလိုက်သည်။ မဟုတ်ရင် သူ ဒေါသထွက်လာမိတော့မည်ဖြစ်သည်။ သူ့ရဲ့ ဂုဏ်သိက္ခာကို စော်ကားတာမျိုး သူ ဘယ်တုန်းကမှသည်းခံခဲ့တာမဟုတ်... အခုကိစ္စကလည်း ချာတိတ်အတွက်ဆိုတဲ့ အသိစိတ်တစ်ခုကြောင့် သူ ခညောင်းရှင်ကို သည်းခံလိုက်တာ... ခညောင်းရှင်နေရာမှာ တခြားလူသာဆိုရင် သူ လုံးဝသည်းခံမှာမဟုတ်ပေ။ ဒါ သူ ချာတိတ်ကိုချစ်လို့ပဲဖြစ်လေသည်။
#######
ကားပေါ်တက်လာတဲ့ဦးရဲ့မျက်နှာကိုကြည့်ပြီး ကိုး အ့ံသြသွားမိလေသည်။ ဦးရဲ့မျက်နှာက တစ်ခုခုကို ဒေါသထွက်နေသလို တင်းမာနေ၏။ ကားစက်ကိုနှိုးလိုက်ရင်းနဲ့မှ ဦးရဲ့အကြည့်တွေက ကိုးဆီသို့ ရောက်လာတော့သည်။
"ချာတိတ်..."
"ဟုတ်ကဲ့ ပြောပါ ဦး..."
ဦးရဲ့မျက်နှာက တစ်ခုခုကိုပြောဖို့အတွက် တွေဝေနေသည့်ပုံပင်။ ကားစတီယာရင်ပေါ်တင်ထားတဲ့ ဦးရဲ့လက်တွေက တစ်ခုခုကို ဒေါသထွက်နေသလို အကြောတွေက ထောင်နေလေသည်။
"ဦး..."
"Sorry... ဘာမှမဟုတ်တော့ဘူး ချာတိတ်..."
"ဟင်..."
ဦးက ဘာမှဆက်မပြောတော့ဘဲ ကားကိုမောင်းလိုက်သဖြင့် ကိုးလည်း ဘာဆက်ပြောရမှန်းမသိအောင်ကို အ့ံသြသွားမိတော့သည်။
ရင်ထဲက ဝေဒနာကို သူ ချာတိတ်ကိုဖွင့်မပြောချင်ပေ။ သူနာကျင်ရတာကို ဒီအချိန်မှာ မြိုသိပ်ထားလိုက်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ ချာတိတ်ကိုချစ်လို့ပဲဖြစ်သည်။ သူ့ကြောင့် ချာတိတ် ဘယ်တော့မှ မျက်ရည်ကျရမှာမဟုတ်ဘူး။ သူ ချာတိတ်ကို အမြဲတမ်းပျော်အောင်ထားမှာဖြစ်သည်။
"ဦး... ကိုကိုနဲ့ ရန်ဖြစ်လာလို့လားဟင်..."
ချာတိတ်ရဲ့အမေးကြောင့် သူ့အကြည့်တွေက ချာတိတ်ဆီသို့ ရောက်သွားကာ
"ကိုကိုဆိုတာ..."
"ဟင်..."
ရုတ်တရက် ဦးရဲ့အမေးကြောင့် ကိုး အိုးတိုးအန်းတန်းဖြစ်သွားမိတော့သည်။
"ဟို... ကိုခညောင်းရှင်နဲ့ ဦးတို့ ရန်ဖြစ်လာကြလို့လားလို့ ကိုးမေးတာပါ..."
ပြောနေရင်း ခေါင်းငုံ့သွားတဲ့ချာတိတ်ကိုကြည့်လိုက်ပြီး သူ သက်ပြင်းချလိုက်မိတော့သည်။ ဆိုင်သူရှိနေတဲ့ပန်းကလေးမှန်းသိရဲ့သားနဲ့ သူ လိုချင်ခဲ့မိတာပဲ။ ဒီပန်းလေးကြောင့်ရလာမယ့် ဒဏ်ရာတွေအတွက် သူ ခံနိုင်ရည်ရှိရမှာပေါ့။
"ဟင့်အင်း ကိုယ်တို့တွေရန်မဖြစ်ပါဘူး..."
"ဒါဆို ဘာလို့ ဦးရဲ့မျက်နှာက..."
ချာတိတ်ပြောချင်တဲ့အဓိပ္ပါယ်ကို သူ နားလည်စွာဖြင့်ခေါင်းငြိမ့်ပြလိုက်ကာ ရှေ့က လမ်းကွေ့ကို ကွေ့လိုက်လေသည်။
"ချာတိတ်နဲ့ပတ်သက်လာရင် ကိုယ်အရာအားလုံးကို သည်းခံနိုင်တယ် ချာတိတ်... တကယ်လို့ တစ်ယောက်ယောက်က ချာတိတ်နဲ့ပတ်သက်ပြီး ကိုယ့်မျက်နှာကို လက်သီးနဲ့ထိုးမယ်ဆိုရင်တောင်မှ ကိုယ် ခံနိုင်တယ်..."
"ဟင်..."
"အဲ့ဒါဘာလို့လဲချာတိတ်သိလား..."
ရုတ်တရက်ဆိုသလို ကိုးရင်ထဲမှာ လှိုင်းတစ်ခုက လျှင်မြန်စွာ လှုပ်ရှားသွားလေတော့သည်။
"အဲ့ဒါ ကိုယ် ချာတိတ်ကို ချစ်လို့ပဲ..."
"ရှင်..."
မျက်လုံးဝိုင်းလေးနဲ့ သူ့ကိုကြည့်လာတဲ့ ချာတိတ်ကို သူ ခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ်တယ် ချာတိတ်... ချာတိတ်မုန်းတဲ့ဒဏ်ကလွဲရင် ကျန်တဲ့ဒဏ်အားလုံးကို ကိုယ်ခံနိုင်တယ် ချာတိတ်..."
ကိုးကသာ သူ့ကိုမချစ်တာ... သူ ကိုးကိုချစ်တဲ့အချစ်တွေကတော့ ယုံမှားသံသယဖြစ်စရာမလိုဘူးဆိုတာ ကိုး သိလိုက်မိလေသည်။
"တီ... တီ... တီ..."
ကိုး လက်ထဲကဖုန်းကိုကြည့်လိုက်ပြီးမှ မကိုင်ဘဲ ချလိုက်လေသည်။ ခွင့်လွှတ်ပါ ကိုကို...။
"တီ... တီ... တီ..."
ဖုန်းကိုမကိုင်ဘဲ ခဏခဏချပစ်နေတဲ့ သူမကိုကြည့်ကာ သူ သက်ပြင်းချလိုက်မိပြန်သည်။ သူမနဲ့ပတ်သက်တော့မှပဲ သူ သက်ပြင်းချနေမိတာ ခဏခဏပဲဖြစ်သည်။
"ကိုင်လိုက်လေ..."
"ရပါတယ် ဦး... သူငယ်ချင်းဆက်တာပါ..."
"ခညောင်းရှင်မဟုတ်ဘူးလား..."
"ဟုတ်... မဟုတ်ပါဘူး..."
ဟုတ်လို့လည်း မဟုတ်ပါဘူးလို့လည်းပြောနေတဲ့ သူမကိုကြည့်ကာ သူ ပြံုးလိုက်မိလေသည်။ ရုတ်တရက်တွေ့လိုက်ရတဲ့ ဦးရဲ့အပြံုးကြောင့် ကိုး တွေဝေသွားမိတော့သည်။ ဦးက တကယ်ချောတာပဲ... အဲ့ဒါကို ငါ ဘာလို့ ဦးကိုမချစ်နိုင်ရတာလဲ...။ အချစ်ဆိုတာ လုပ်ယူလို့မရဘူးဆိုတာ တကယ်မှန်တာပါလား။
#######
"ကင်းရယ် ကိုးကို လက်လျှော့လိုက်ပါတော့နော်..."
"ဟုတ်တယ် ခညောင်း... ကိုးအသင်္ချေက အခုဆိုရင် လက်ထပ်တော့မယ်လေကွာ..."
ကိုး သူ့အပေါ်ကို တကယ်မချစ်ခဲ့ဘူးလား... ဘာလို့ အခုလိုမျိုးလုပ်ရက်ရတာလဲ... ဒီကောင်က ဘာလို့များ ကိုယ့်ကိုနာကျင်စေမယ့် မိန်းကလေးကိုမှ ချစ်ခဲ့မိရတာလဲ ကိုးရယ်။
"ခညောင်း... ခညောင်း..."
သူခေါ်နေတာကို အတွေးတွေထဲမှာ နစ်မျောနေတဲ့ ခညောင်းကမကြား။ ရာဇာ ခညောင်းအပေါ်မှာ တကယ်ပဲ သနားနေမိတော့သည်။ ဘာလို့များ ကိုးက ခညောင်းအပေါ် အခုလိုလုပ်ရတာလဲ...။
"ကင်း..."
"အင်... ဟင်..."
စိမ်းက အသံခပ်ကျယ်ကျယ်လေးအော်လိုက်တော့မှ ခညောင်းက အသိစိတ်တွေပြန်ဝင်လာတော့၏။
"ကင်းရယ်..."
"ခညောင်း... မင်းကြည့်ရတာ မလန်းဆန်းလိုက်တာကွာ... အရင်လို ပျော်ပျော်ပဲနေပါလား..."
"နောက်နှစ်ရက်နေရင်ပဲ ကိုယ့်ချစ်သူက မင်္ဂလာဆောင်တော့မယ်... အဲ့ဒါကို ငါက ပျော်ပျော်နေရမှာလား ရာဇာ... မင်း စဉ်းစဉ်းစားစားလည်းပြောပါကွာ..."
"Sorry ပါ ခညောင်းရာ... ငါပြောချင်တာ အဲ့ဒီ့အဓိပ္ပါယ်နဲ့မဟုတ်ပါဘူး... မင်းအစား ငါ အဲ့ဒီ့လူကို ဒေါသထွက်လိုက်တာ ခညောင်းရာ..."
"ငါကရော ဒေါသမထွက်ဘူးလို့ မင်းထင်နေတာလား ရာဇာ..."
ခညောင်းက ရာဇာ့မျက်နှာကိုတွေတွေကြီးကြည့်ကာ ပြောလာသဖြင့် ခညောင်း နားမလည်နိုင် ဖြစ်သွားရလေသည်။
"ငါ့ရဲ့ချစ်သူကိုလုယူသွားတဲ့လူကို ငါ ဒေါသမထွက်ဘဲ နေမလား ရာဇာရာ... အခု ငါက ကိုးကိုလည်းတွေ့ခွင့်မရ... ဖုန်းဆက်တော့လည်းမကိုင်... ငါ ဘာမှဆက်လုပ်လို့မရဘူး..."
"ကိုးက ကင်းအတွက်တွေးပြီး အဲ့ဒီ့လူကို လက်ထပ်မှာရော မဖြစ်နိုင်ဘူးလား ကင်း..."
"စိမ်းပြောချင်တာ ဘာအဓိပ္ပါယ်လဲ..."
စိမ်းရဲ့ခေါင်းထဲမှာ အတွေးတစ်ခုက လျင်မြန်စွာ ဝင်ရောက်လာတော့သည်။
"ကင်းက အနုပညာရှင်ဖြစ်ချင်တာဆိုတော့ ကိုးက ကင်း အခုလိုနာမည်ရလာဖို့အတွက် ဦးစဝ်ဘုန်းရိပ်ခေါင်ကိုပြောပြီး ကင်းကို ကူညီခဲ့တာလို့ စိမ်းထင်လို့ပါ..."
"ဟင်..."
စိမ်းပြောလာမှပဲ သူ့ခေါင်းထဲမှာ အတွေးပေါက်သွားတော့သည်။
"ဒါဆို... ကိုးက တမင်သက်သက် ကျွန်တော့်အတွက် အဲ့ဒီ့လူကို လက်ထပ်တာလား..."
"ဟင်..."
ရုတ်တရက် ခေါင်းထဲမှာ လင်းလက်လာပြီး သူ့မျက်လုံးအစုံဟာ တောက်ပလာတော့သည်။
"စိမ်း... ကိုး ဒီနေ့ကျောင်းကိုလာမှာမို့လား..."
"ဟို... လာမှာမဟုတ်ဘူး ကင်း... ကိုး ခွင့်ယူထားတာ နှစ်ရက်ရှိနေပြီ... ပြီးတော့ မနေ့က ဦးစဝ်ဘုန်းရိပ်ခေါင် ကျောင်းကိုလာပြီး တီချယ်နဲ့ စကားပြောသွားသေးတယ်..."
"ဟင်... ဘာတွေပြောသွားတာလဲ..."
"အဲ့ဒါတော့ စိမ်းလည်းမသိဘူး..."
မနေ့က ကင်းက ရှူတင်ရှိတော့ ကျောင်းကိုမလာခဲ့ပေ။ ကိုးလည်း ကျောင်းကိုရောက်မလာခဲ့။ မနေ့က ဦးစဝ်ဘုန်းရိပ်ခေါင် ရောက်လာကာ တီချယ်နဲ့စကားတွေပြောသွားတာကို စိမ်းတို့တစ်ခန်းလုံးသိကြသည်။ ဦးစဝ်ဘုန်းရိပ်ခေါင်က ကိုးလက်ထပ်ရမယ့်လူဆိုတာ စိမ်းတို့ကလွဲပြီး ဘယ်သူကမှမသိ။ အဲ့ဒါကြောင့်လည်း အခန်းထဲက မိန်းကလေးတော်တော်များက ဦးစဝ်ဘုန်းရိပ်ခေါင်ကို လိုက်ကြည့်နေကြတာဖြစ်သည်။ သူ့ပုံစံကလည်း မိန်းကလေးတွေ စိတ်ကူးယဉ်ဖို့ကောင်းတဲ့ပုံစံဆိုတာကို စိမ်းလည်းမငြင်းပါဘူး... ဒါပေမယ့် စိမ်းရင်ထဲမှာတော့ ကင်းတစ်ယောက်ပဲရှိသည်။ အဲ့ဒါကြောင့် ကင်းနဲ့ကိုးတို့ကို ပြတ်စေချင်တာ။ အခုတော့ စိမ်းဆုတောင်းတွေပြည့်ပြီ...။
"ကျွန်တော် ကိုးနဲ့တွေ့ချင်တယ်... ကိုးနဲ့ မတွေ့လို့မဖြစ်ဘူး..."
ကမူးရှူးထိုးထလိုက်တဲ့သူ့လက်ကို ရာဇာက ဆွဲထားလိုက်ကာ
"မင်း ဘယ်သွားမလို့လဲ ခညောင်း..."
"နန်းမဟာမြိုင် ကုမ္ပဏီကိုသွားပြီး ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့သွားတွေ့မယ်... ပြီးရင် ကိုးနဲ့စကားပြောမယ်... ငါ ကိုးကိုရှင်းအောင်မေးမယ် ရာဇာ... ကိုး ငါ့ကိုချစ်တယ်ဆိုတာ ငါသိတယ်... တကယ်လို့ ကိုးအခုလိုလုပ်နေတာတွေအားလုံးက ငါ့အတွက်ဆိုရင် ငါဝါသနာပါတဲ့ အနုပညာကိုစွန့်လွှတ်မယ်... ကိုးကိုတော့ ငါ လုံးဝမစွန့်လွှတ်နိုင်ဘူး..."
"ဟင် မဖြစ်ဘူးလေ ခညောင်းရဲ့..."
"ဘာလို့လဲ ရာဇာ... ငါတို့ကတစ်ယောက်နဲ့တစ်ယောက် အချစ်စစ်နဲ့ ချစ်ကြတဲ့လူတွေလေ... သူက ကိုးနဲ့ဘာမှမပတ်သက်ဘဲ ရှေးရိုးစွဲအလေ့အထတစ်ခုကြောင့် ကိုးကိုလက်ထပ်မယ့်လူ... ဟင့်အင်း ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ငါ ကိုးကို လုံးဝမစွန့်လွှတ်ဘူး..."
"ခညောင်း... ခညောင်း..."
ရာဇာ ဘယ်လိုပဲတားတား ခညောင်းလှည့်မကြည့်တော့ဘဲ ကန်တင်းထဲကနေ ထွက်သွားလေတော့သည်။
ခညောင်းရဲ့စကားကြောင့် စိမ်း အ့ံသြသွားမိတော့သည်။ ကင်းက ကိုးကို အဲ့လောက်တောင်ချစ်တာလား... နောက်ဆုံးတော့လည်း အရာအားလုံးက နင့်အပြစ်ဖြစ်ရပြီကိုးရယ် ငါစိတ်မကောင်းလိုက်တာဟာ... နင့်အဖြစ်က လုံးဝကို နောက်ဆုတ်လို့မရတော့ဘူးဆိုတာ အားလုံးထက် ငါ ပိုသိတယ် ကိုး...။
#######
"ဘုရား... ဘုရား... ခမည်းတော်သက်သာရဲ့လား အကိုတော်ရယ်..."
ဒေါ်နန်းဆက်ဧကရီ ရင်ဘတ်ကိုအသာဖိကာ ပြောလိုက်တော့ ဦးစိုင်းမောက်က ခေါင်းကိုမငြိမ့်ဘဲ လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်းနဲ့ စိတ်ငြိမ်အောင် လမ်းထလျှောက်နေလေသည်။
"သမားတော်ကြီးသုံးပါးစလုံး ခမည်းတော်အနားမှာရှိနေတယ် နန်းဆက်... အကိုတော်လည်း စိုးရိမ်နေတာပါ... နန်းဆက် စိုးရိမ်နေမှာစိုးတာနဲ့ အကိုတော်လည်း ချက်ချင်းကားမောင်းထွက်လာခဲ့တာ..."
"အကိုတော်ရယ် နန်းဆက် ခမည်းတော်နဲ့တွေ့ချင်လိုက်တာ..."
"စိတ်မပူနဲ့တော့ နန်းဆက်... ခမည်းတော်အနားမှာ မယ်တော်လည်းရှိတယ်... နောက်ပြီး ယောက်ဖတော်လည်း သွားပြီပဲ နန်းဆက်ရယ်..."
"မောင်တော်က နန်းဆက်ကိုမခေါ်ဘဲ တစ်ယောက်ထဲသွားတယ်... နန်းဆက်က ခမည်းတော်နဲ့တွေ့ချင်လို့ပါဆို..."
"သြော် နန်းဆက်ကလည်း... နောက်နှစ်ရက်ဆို ထိမ်းမြားမှုကစပြီလေ... နန်းဆက် ဟော်နန်းကို ပြန်သွားမယ်ဆိုရင် တူတော့်ထိမ်းမြားမှုက ဘယ်လိုဖြစ်သွားမလဲ... မျက်နှာပျက်စရာတွေဖြစ်ကုန်မှာပေါ့ နန်းဆက်ရယ်..."
စိတ်ထိခိုက်နေပေမယ့်လည်း သူမ အတတ်နိုင်ဆုံးစိတ်ထိန်းလိုက်ရင်းနဲ့ ခေါင်းကိုအေးအေးထားလိုက်ကာ
"သားတော်ရဲ့ ထိမ်းမြားမှုအတွက်မို့သာ နန်းဆက် နေခဲ့ရတာ... နန်းဆက် နန်းဆက် ခမည်းတော်အတွက် သိပ်စိတ်ပူတာပဲ..."
စိတ်ထိန်းထားရင်းနဲ့ မျက်ရည်က ဝဲလာလေသည်။
"တူတော့်ထိမ်းမြားမှုမှာ နန်းဆက်ရှိနေမှဖြစ်မှာ... ဒါပေမယ့် ယောက်ဖတော်ကလည်း အမှီပြန်လာမယ်လို့ ပြောပါတယ် နန်းဆက်ရယ်... စိတ်မပူနဲ့နော်..."
"နန်းဆက် နားလည်ပါပြီ အကိုတော်..."
မယ်တော့်အသံက ငိုသံပါနေတာကို ဘုန်းရိပ်သတိထားလိုက်မိလေသည်။ ဖိုးဖိုးရဲ့ကျန်းမာရေးက ပိုပြီးဆိုးလာတယ်လို့ ဘုန်းရိပ်ထင်မိသည်။ အခုရက်ပိုင်းမှ ပိုပြီးဆိုးလာသလိုလို။
"သြော် တူတော် ဝင်ခဲ့လေ..."
သူ အထဲဝင်ဖို့ ပြင်လိုက်စဉ်မှာပဲ ဦးရီးတော်က သူ့ကိုမြင်ပြီး လှမ်းခေါ်လိုက်တာဖြစ်သည်။ သူ ဧည့်ခန်းထဲဝင်လိုက်ပြီး မယ်တော့်ဘေးမှာထိုင်လိုက်ကာ မယ်တော့လက်ဝါးနုနုကိုဆုပ်ကိုင်လိုက်တော့ မယ်တော်က သူ့မျက်နှာကို အားကိုးတကြီးနဲ့ကြည့်လာပြီး
"သားတော်... သားတော်ရဲ့ဖိုးဖိုး..."
"သားတော်ကြားပြီးပါပြီ မယ်တော်... အဲ့ဒါကြောင့် သားတော် မယ်တော့်ဆီကို အမြန်ပြန်လာတာပါ... မယ်တော်အဆင်ပြေရဲ့လား..."
မယ်တော်က ငိုချင်စိတ်ကို မနည်းမြိုသိပ်ထားသည့်ပုံဖြင့် သူ့ကိုခေါင်းငြိမ့်ပြလာလေသည်။ မယ်တော်က သိပ်ပြီးစိတ်အားငယ်တတ်တာ... တစ်ခုခုဆိုရင် မျက်ရည်မကျရင်တောင်မှ အလိုလိုမျက်ရည်ဝဲလာတတ်တဲ့လူမျိုး။ ပျော့ည့ံတဲ့လူမဟုတ်ပေမယ့် မယ်တော်က နူးည့ံတဲ့နှလုံးသားပိုင်ရှင်တစ်ယောက်ပဲဖြစ်သည်။ အဲ့ဒါကြောင့်လည်း သူ မယ်တော့်အတွက်စိုးရိမ်တာ။
"ဖိုးဖိုးသက်သာမှာပါ မယ်တော်ရဲ့... စိတ်ကိုလျှော့ထားနော်..."
မယ်တော်က သူ့ကိုကြည့်ရင်းနဲ့ ခေါင်းငြိမ့်ပြလာလေသည်။
"တူတော် ထိမ်းမြားမှုအတွက် အားလုံးအဆင်ပြေရဲ့လား..."
"ဟုတ်ကဲ့ပြေပါတယ် ဦးရီးတော်..."
"အင်း... ပန်းချီကားတွေကိုလည်း မနက်ဖြန်လာပို့လိမ့်မယ်..."
"ဟုတ်ကဲ့ပါ ဦးရီးတော်..."
"တူတော့်ထိမ်းမြားမှုပြီးမှ ခမည်းတော်လည်း စိတ်ချမ်းသာရမှာ... အဲ့ဒါကြောင့် ဒီထိမ်းမြားမှုနဲ့ပတ်သက်ပြီး ဘယ်လိုအလွဲအချော်မှဖြစ်လို့မရဘူး တူတော်..."
"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ် ဦးရီးတော်... ကျွန်တော့်ဘက်ကလည်း အဲ့လိုအဖြစ်မခံပါဘူး... နောက်ပြီး ချာတိတ်ဘက်ကလည်း..."
ဦးရီးတော်ရဲ့အကြည့်တွေက သူ့ဆီသို့ မျက်မှောင်ကြုတ်ကာ ရောက်ရှိလာသဖြင့် သူ စကားကို မြန်မြန်ပြင်လိုက်ရတော့သည်။
"ကြင်ယာတော်ကလည်း ဒီထိမ်းမြားမှုကို ကျွန်တော်တို့တွေရဲ့ဆန္ဒအတိုင်းဖြစ်စေခဲ့တာဆိုတော့ ဘယ်လိုအလွဲအချော်ကိုမှ အဖြစ်ခံမှာမဟုတ်ပါဘူး..."
"ကောင်းပြီ တူတော်... ဦးရီးတော်တို့ဘက်ကလည်း လိုလေသေးမရှိဖြည့်ဆည်းပေးထားတာဆိုတော့ သူတို့ဘက်က ကျေနပ်မှာပါ..."
"ဟုတ်ကဲ့..."
"ကဲပါ... တူတော် အခု ကုမ္ပဏီက ပြန်လာတာမို့လား နားလိုက်ပါဦး..."
"ရပါတယ် ဦးရီးတော်... ကျွန်တော် မယ်တော့်ကို အဖော်ပြုပေးလိုက်ဦးမယ်..."
"သွားနားပါ သားတော်ရယ်... မယ်တော်ဘာမှမဖြစ်ပါဘူးကွယ်..."
"ရပါတယ် မယ်တော်ရယ်..."
"ကဲပါကွယ်... ဒါဆိုလည်း ဦးရီးတော် မိတ်ဆွေတစ်ယောက်နဲ့ အလုပ်ကိစ္စသွားဆွေးနွေးလိုက်ဦးမယ်..."
"ဟုတ်ကဲ့ပါ ဦးရီးတော်..."
ဦးရီးတော်က သူနဲ့မယ်တော့်ကို နှုတ်ဆက်ကာ ဧည့်ခန်းထဲကနေ ထွက်သွားတော့သည်။
"သားတော်..."
"ဗျာ မယ်တော်..."
"သားတော်ကို မယ်တော် တစ်ခုလောက်မေးချင်လို့ပါ..."
"ဟုတ်ကဲ့ မေးပါ မယ်တော်..."
မယ်တော့်မျက်ဝန်းထဲမှာ ခန့်မှန်းရခက်တဲ့အတွေးတွေကို သူ မြင်နေရလေသည်။
"သားတော် ကြင်ယာတော့်အပေါ်မှ ဘယ်လောက်ထိမြတ်နိုးလဲ..."
မယ်တော့်မေးခွန်းကြောင့် သူ အ့ံသြသွားတောလသည်။
"သားတော် ကိုးကို သိပ်ချစ်ပါတယ် မယ်တော်... ကိုးက သားတော်ရဲ့ ပထမဆုံးနဲ့နောက်ဆုံးအချစ်ပါပဲ..."
မယ်တော်က သူ့အဖြေကို သဘောကျစွာဖြင့် ပြံုးကာခေါင်းငြိမ့်နေလေတော့သည်။
"သားတော်ရဲ့အချစ်ကိုရတဲ့ အဲ့ဒီ့မိန်းကလေးငက တကယ်ကံကောင်းတာပဲ..."
သူ ခေါင်းငြိမ့်ထောက်ခံလိုက်တော့ မယ်တော်က ပြံုးကာ ခေါင်းငြိမ့်နေလေသည်။
ချာတိတ် မင်းသိရဲ့လား... ကိုယ့်အချစ်ကိုရလို့ မင်းက ကံကောင်းတယ်တဲ့... တကယ်တော့ ကိုယ်တို့နှစ်ယောက်ရဲ့အချစ်က မယ်တော်တွေးထားသလောက် မရိုးရှင်းတာ မင်းနဲ့ကိုယ်သာ အသိဆုံးပါကွာ... ဒါပေမယ့် မင်းယုံလိုက် ချာတိတ်... ကိုယ် မင်းကို ကိုယ့်အသက်ထက်ပိုချစ်တယ်... အဲ့ဒါ ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်တဲ့အမှန်တရားပဲ... တကယ်လို့ မင်းကြောင့် ကိုယ် နာကျင်ခဲ့ရမယ်ဆိုရင်တောသ်မှပေါ့ကွာ...
#######
ဆက်ရန် - အခန်း(၁၆)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Where stories live. Discover now