### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၂၄)"နင်မသိဘူး မဒီရဲ့... ငါကသာ ကင်းကိုချစ်တာ ကင်းက ငါ့အပေါ်မှာ သူငယ်ချင်းထက် နည်းနည်းလေးတောင်မှ မပိုဘူး..."
ပြောနေရင်းနဲ့ မျက်နှာလေးညှိုးကျသွားတဲ့ စိမ်းကိုကြည့်ကာ မဒီ စိတ်မကောင်းဖြစ်သွားပြီး စိမ်းရဲ့လက်ဝါးကို ဆွဲကိုင်လိုက်လေသည်။
"စိမ်းရယ်... နင် ဘာလို့ သူ့ကိုချစ်ခဲ့ရတာလဲ... နင် အခုတော့ခံစားနေရပြီမို့လား..."
"နာကျင်ရမယ်မှန်းသိရဲ့နဲ့ ငါ ကင်းကိုချစ်ခဲ့မိတယ်ဆိုတာ ငါ သိပါတယ် မဒီရယ်... ဒါပေမယ့် ငါ ကင်းကိုချစ်တဲ့အချစ်တွေကို တားဆီးလို့ရမှာမဟုတ်ဘူး..."
"စိမ်းရယ်..."
ကိုး စိမ်းပြောနေတာတွေကိုနားထောင်ရင်းနဲ့ စိတ်မကောင်းဖြစ်သွားမိလေသည်။
"ကင်းသာ ကိုးကိုမချစ်တော့ရင် ကောင်းမှာပဲဟာ... အဲ့ဒါဆို ငါတို့ရဲ့လက်ထပ်ပွဲကို ကင်း တွေဝေငြင်းဆန်မှာမဟုတ်တော့ဘူး..."
"ကင်းက ကိုးကိုအရမ်းချစ်တာ စိမ်းရဲ့... ကိုး ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့ လက်ထပ်ပြီးတာတောင်မှ သူ့အချစ်တွေက လျော့မသွားဘဲ တိုးလာတယ်လို့ ရာဇာ့ကိုပြောတယ်တဲ့..."
စိမ်းရဲ့မျက်နှာလေး ညှိုးကျနေမယ်ဆိုတာကို ကိုး အလိုလိုသိနေမိလေသည်။
"အခုချိန်မှာ ငါ ကင်းရဲ့အချစ်ကလွဲပြီး ကျန်တာဘာမှမလိုချင်ပါဘူးဟာ..."
"ဒါပေမယ့် နင်တို့နှစ်ယောက်က မိဘတွေသဘောတူထားကြတာဆိုတော့..."
"ကင်းကမှ ငါ့ကိုမချစ်တာဟာ..."
စိမ်းက ကင်းကို သူမထက်တောင်မှပိုချစ်တာပါလား...။ ကိုး စိမ်းနဲ့မဒီတို့ရဲ့စကားဝိုင်းကို သွားဖို့တောင်မှ တွန့်ဆုတ်သွားမိလေသည်။ စိမ်း ကင်းကိုချစ်နေတယ်ဆိုတာ ဟိုးအရင်ကတည်းက ကိုးသိခဲ့ပါတယ်...။
"ပြောသာပြောရတာပါ... ကင်းက ခေါင်းမာတယ်..."
"ဟုတ်တယ်... ငါလည်း အဲ့ဒါကြောင့် စိုးရိမ်နေတာ..."
"ဒါပေမယ့် ငါစဉ်းစားမိတာတစ်ခုရှိတယ်ဟ..."
"အင်း... ဘာလဲ မဒီ..."
မဒီ ဘာပြောမယ်ဆိုတာ ကိုးလည်း စိတ်ဝင်စားစွာ နားစွင့်နေမိလေသည်။
"ကိုးက ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့လက်ထပ်ပြီးသွားပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုးက ကင်းနဲ့ပြန်ပြီးပတ်သက်မှာမဟုတ်ဘူး စိမ်း..."
"ငါ ကိုးကိုယုံပါတယ်ဟာ... ဒါပေမယ့် ကင်းကိုတော့ ငါမယုံဘူး..."
"ကိုးက ဦးစဝ်ဘုန်းရိပ်ခေါင်ကိုမချစ်ဘဲ လက်ထပ်ခဲ့ရတယ်ဆိုပေမယ့် ဦးစဝ်ဘုန်းရိပ်ခေါင်တို့မိသားစုရဲ့ ဂုဏ်သိက္ခာကိုတော့ ထိခိုက်အောင်လုပ်မှာမဟုတ်ဘူးဆိုတာ ငါယုံတယ်..."
မဒီက ကိုးရဲ့မာနနဲ့သစ္စာကို ထောက်ခံပြောဆိုပေမယ့်လည်း စိမ်းကတော့ ဘာကိုမှယုံကြည်ပုံမပေါ်ပေ။ အထူးသဖြင့် ကင်းကိုချစ်ပေမယ့် မယုံကြည်ဘဲဖြစ်နေလေသည်။
"မသိဘူးဟာ... အခုချိန်မှာ ငါဖြစ်စေချင်တာက ကိုးနဲ့ကင်းတို့ရဲ့ဆက်ဆံရေးကို ပြတ်ပြတ်သားသားဖြစ်စေချင်တာပဲသိတယ်..."
"ဒါတော့ဒါပေါ့ဟာ... ကိုးက ကင်းနဲ့ရှင်းရှင်းလင်းလင်းနေတယ်ဆိုတာ နင်ရောငါရောအသိပဲလေ... ကင်းကသာ ကိုးအပေါ် အရင်လိုမျိုး သူ့ချစ်သူလိုဆက်ဆံနေတာ..."
ဝှူး...
ကိုး စိမ်းနဲ့မဒီတို့ရဲ့စကားကိုနားထောင်ကာ ရင်မောသွားမိလေတော့သည်။ ကင်းက သူမအပေါ် ချစ်နေသေးတယ်ဆိုတာ သူမသိပါတယ်။ သူမကိုယ်တိုင်ကလည်း ကင်းအပေါ်မှာ အချစ်တွေမပြယ်ခဲ့ဘူးဆိုတာ ဝန်ခံပါတယ်။ အချစ်ဦးဆိုတဲ့စကားလုံးက ကိုးအတွက်တော့ တစ်ဘဝလုံးအတွက်လိုမျိုး ဖြစ်ခဲ့မိတာကြောင့် ကိုး ကင်းအပေါ် မပြတ်သားမိခဲ့ပေ။ ဒါပေမယ့် အခုချိန်မှာတော့ ကိုးဘက်က ပြတ်သားရတော့မယ်။ ဦးအတွက်... ကိုးအတွက်... နောက်ပြီး အားလုံးအတွက်ပေါ့။ ကိုး ခြေလှမ်းတွေကို အဲ့ဒီ့နေရာကနေ နောက်ပြန်လှည့်လိုက်မိတော့သည်။
"ကိုး..."
ကိုးရဲ့မျက်နှာချင်းဆိုင်ကနေလာနေတဲ့ကင်းကိုတွေ့လိုက်ရသဖြင့် ကိုး ကင်းကိုပြံုးပြလိုက်လေသည်။
"ကင်း..."
ကင်းမျက်နှာမှာလည်း ကျေနပ်သောအပြံုးတို့ဖြင့် ကိုးရဲ့အနားသို့ရောက်လာ၏။
"ကျောင်းပိတ်တဲ့ရက်တွေမှာ ကိုယ် ကိုးကိုလွမ်းနေခဲ့တာ..."
ကိုး ဘာမှပြန်မပြောဘဲ ပြံုးကာငြိမ်နေမိသည်။
"ကိုး..."
"ပြောလေ ကင်း..."
"ဒီနေ့ ကိုယ်တို့နှစ်ယောက် ရုပ်ရှင်သွားကြည့်ရအောင်လေ..."
"ရုပ်ရှင်..."
"အင်း... ဒီနေ့ ရုံမှာ နေတိုးနဲ့သက်မွန်မြင့်အားတင်ထားတယ်တဲ့..."
"ကိုးတို့နှစ်ယောက်ထဲဆို မသင့်တော်ဘူးလေ ကင်းရဲ့... တခြားသူငယ်ချင်းတွေနဲ့ အတူသွားရအောင်နော်..."
ကိုးကိုကြည့်နေတဲ့ ကင်းရဲ့အကြည့်တွေက ထူးဆန်းစွာပင် သိမ်ငယ်သွားသလိုဖြစ်သွားလေသည်။
"ကိုးက ကိုယ့်အပေါ်မှာ အရမ်းစိမ်းကားသွားတာပဲနော်..."
"အဲ့လိုမဟုတ်ပါဘူး ကင်းရဲ့..."
"ကိုယ်က ကိုးနဲ့နှစ်ယောက်ထဲသွားကြည့်ချင်တာ... ကိုယ်တို့တွေ အရင်တုန်းကလည်း သွားကြည့်ဖူးတာပဲလေ ကိုးရဲ့... ဘာလဲ ကိုးက ကိုယ့်ကိုမယုံလို့လား..."
ကိုး ကမန်းကတန်းခေါင်းရမ်းပြလိုက်မိ၏။ ကင်းအထင်လွဲသွားမှာကိုလည်း ကိုးမလိုလားပါ။
"မဟုတ်ပါဘူး ကင်းရဲ့..."
"အဲ့ဒါဆို ကိုး ဘာလို့ ငြင်းဆန်နေတာလဲ..."
"ကိုးက အရင်လိုမှမဟုတ်တော့တာ ကင်းရယ်... ကိုး ကိုယ့်အတွက်ကိုယ်မတွေးရင်တောင်မှ ဦးရဲ့ဂုဏ်သိက္ခာအတွက် တွေးရမယ်လေ..."
"ကိုးက ဘာလို့အဲဒီလူအတွက်တွေးပေးရမှာလဲ... အဲဒီလူက ကိုယ့်ဘဝထဲကနေ ကိုးကို မတရားသိမ်းပိုက်သွားခဲ့တာ...နောက်ပြီး ကိုးမှသူ့ကိုမချစ်တာ... ကိုးချစ်တာ ကိုယ့်တစ်ယောက်ထဲပဲလေ ဟုတ်တယ်မို့လား ကိုး..."
မျှော်လင့်ကြီးစွာမေးနေတဲ့ ကင်းရဲ့မျက်နှာကိုကြည့်ကာ ကိုး ဆွ့ံအသွားမိလေတော့သည်။
"ကိုး..."
ခညောင်း ဆွံ့အနေတဲ့ သူမမျက်နှာကိုကြည့်ကာ ရင်ထဲမှာ ဘယ်လိုခံစားလိုက်ရမှန်းမသိဖြစ်သွားမိတော့သည်။ သူ့စိတ်ထဲမှာ ကိုး သူ့ကိုကျီစယ်နေတယ်လို့ပဲ ထင်လိုက်မိကာ သူမလက်လေးနှစ်ဖက်ကို ဆွဲကိုင်လိုက်ကာ
"ကိုး... ပြောပါ... ကိုယ့်ကိုအခုချိန်ထိချစ်တယ်လို့သာ ကိုးပြောလိုက်... ကိုယ့်ဘက်မှာ ကိုးတစ်ယောက်ထဲရှိနေရုံနဲ့ ကိုယ် တစ်ကမ္ဘာလုံးနဲ့ စီးချင်းထိုးနိုင်တယ် ကိုး... ဒါပေမယ့် ကိုယ့်ဆီမှာ ကိုးရဲ့အချစ်တွေတော့ ရှိနေမှဖြစ်မယ်..."
"ကိုး မငြင်းပါဘူး ကင်း... ဒါပေမယ့် မဖြစ်သင့်တဲ့အရာတွေဖြစ်မလာဖို့အတွက်တော့ ကိုး စဉ်းစားရမယ်... အခုချိန်မှာ ကိုး ကင်းကိုချစ်နေသေးတယ်လို့တော့ ကင်းမထင်စေချင်ပါဘူး..."
"ဟင်..."
နားမလည်သောမျက်ဝန်းတွေက သူမဆီမှာသာ ရှိနေခဲ့လေသည်။ သူမမျက်နှာလေးကတော့ အရင်လိုမဟုတ်တော့ဘဲ ရင့်ကျက်သူတစ်ယောက်ကဲ့သို့ပင်။
"ကျေးဇူးပြုပြီး ကိုးအပေါ်မှာ သူငယ်ချင်းတစ်ယောက်လိုပဲ ဆက်ဆံပေးပါ ကင်း... ကိုးဘက်ကလည်း ကင်းအပေါ် သူငယ်ချင်းလိုပဲဆက်ဆံချင်ပါတယ်..."
ပြောလည်းပြော ကိုးက သူ့လက်ထဲက သူမလက်တွေကို ရုန်းထွက်သွားလေတော့သည်။ သူ ခေါင်းကိုခါရမ်းလိုက်ကာ
"မဟုတ်ဘူး ကိုး... ကိုး ဘာလို့ ကိုယ့်ကိုချစ်တဲ့အချစ်တွေကို မြိုသိပ်ထားရတာလဲ ကိုးရယ်... ကိုယ်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ဒီလောက်ထိချစ်နေကြတာကို ဘာလို့ ကိုးက အားမတင်းထားနိုင်ရတာလဲ ကိုးရယ်..."
ကိုး ခေါင်းရမ်းလိုက်ပြီး ကင်းကိုကျောခိုင်းလိုက်ကာ
"ကိုး တောင်းပန်ပါတယ်... အခုချိန်မှာ ကိုးက အိမ်ထောင်သည်တစ်ယောက်ဖြစ်နေပါပြီ... ကိုးအတွက်နဲ့တော့ ကင်းကို အချစ်စစ်နဲ့ချစ်တဲ့လူတစ်ယောက်ရဲ့အချစ်တွေကို ဥပေက္ခာမပြုလိုက်ပါနဲ့ ကင်း..."
"ဟင်... ကိုး..."
"ကိုးကို ခွင့်ပြုပါဦး..."
"ကိုးနောက်ဆုတ်လည်း ကိုယ် ဘယ်တော့မှနောက်ဆုတ်မှာမဟုတ်ဘူး ကိုး..."
"ခေါင်းမမာပါနဲ့ ကင်းရယ်..."
"ကိုး ကိုယ့်ကိုချစ်နေသေးတာကို သိနေတဲ့အတွက် ကိုယ် စိမ်းကိုလည်း လက်ထပ်မှာမဟုတ်ဘူးနော် ကိုး..."
ကိုး ကင်းကို ကျောခိုင်းထားရင်းကနေ လှည့်ကြည့်လိုက်ကာ
"ကင်းကို ကိုးလိုမျိုး နောင်တမရစေချင်ပါဘူး ကင်း..."
"ဟင်..."
သူ့ကိုကျောခိုင်းကာ ထွက်သွားတဲ့ ကိုးရဲ့ကျောပြင်လေးကိုကြည့်ကာ သူ အ့ံသြစွာဖြင့် ကျန်ခဲ့လေတော့သည်။ ကိုးရဲ့ မျက်ဝန်းတွေထဲကနေ နာကျင်ကြေကွဲနေတဲ့အရိပ်အယောင်တွေကို သူ တွေ့ခဲ့ရသည်။ ကိုး အဲဒီလူနဲ့နေရတာ မပျော်ဘူးလား... ဒါမှမဟုတ် သူ့အတွက် စိတ်မကောင်းဖြစ်သွားတာလား... နောက်ပြီး သူ့ကို နောင်တမရစေချင်ဘူးဆိုတာကလည်း ဘာအဓိပ္ပါယ်နဲ့ ပြောတာလဲ... သူ့ရှေ့မှာ ကိုးမရှိတော့မှ မေးခွန်းတွေက တရစပ်ပေါ်လာခဲ့တော့သည်။ ဘာပဲဖြစ်ဖြစ် သူ ကိုးကိုချစ်သလို ကိုးလည်း သူ့အပေါ်မှာ ချစ်နေသေးသည်... အဲ့ဒီ့အတွက်တော့ သူ ကျေနပ်တယ်... အဲ့ဒါမှ မနက်ဖြန်တွေကို သူ အသက်ရှင်လျက် ဖြတ်သန်းနိုင်မှာ...။
#######
Laptop screen ပေါ်က ချာတိတ်နဲ့ခညောင်းရှင်တို့ရဲ့ဓာတ်ပုံကိုကြည့်ကာ ဖုန်းကိုင်ထားတဲ့လက်တွေက တဆတ်ဆတ်တုန်လာလေတော့သည်။
"သခင်လေး... အဆင်ပြေရဲ့လား..."
ချာတိတ်ရဲ့လက်ကို စွဲမြဲစွာဆုပ်ကိုင်ထားတဲ့ ခညောင်းရှင်ရဲ့လက်တွေကို သူ စူးစိုက်စွာကြည့်နေမိ၏။
"သခင်မလေးကိုဖုန်းဆက်မယ်ဆိုရင် သခင်လေးမှားသွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်..."
"ကိုသက်..."
"ဟုတ်ကဲ့ ပြောပါ သခင်လေး..."
"ချာတိတ်နောက်ကို လူတစ်ယောက်အမြဲတမ်းလွှတ်ထားလိုက်..."
"ဟုတ်ကဲ့ပါ သခင်လေး..."
"နောက်ပြီး ဒီဓာတ်ပုံကိစ္စနဲ့ပတ်သက်တဲ့နောက်ကြောင်းတွေကိုလည်း စုံစမ်းပေး..."
"ဗျာ... ဒီဓာတ်ပုံတွေက သခင်လေးရဲ့အသိတစ်ယောက်က ပို့လိုက်တာမဟုတ်ဘူးလား..."
ဘုန်းရိပ် Laptop ကိုပိတ်လိုက်ကာ ကိုသက်ကို ခေါင်းရမ်းပြလိုက်၏။
"မဟုတ်ဘူး... ဘယ်သူပို့မှန်းမသိတဲ့ဓာတ်ပုံတွေ ငါ့ဆီကိုရောက်လာတာ..."
"ဟင်..."
ကိုသက်က သူ့မျက်နှာကို အ့ံသြတကြီးကြည့်နေသဖြင့် သူ သက်ပြင်းတစ်ခုကို ချလိုက်မိတော့သည်။
"ဟုတ်ရဲ့လား သခင်လေးရယ်... အဲ့ဒီ့ပုံက သခင်မလေးနဲ့သခင်လေးတို့ မထိမ်းမြားခင်တုန်းက ရိုက်ထားတဲ့ဓာတ်ပုံမဖြစ်နိုင်ဘူးလား..."
သူ ခေါင်းရမ်းလိုက်ပြီး Laptop ကို ပြန်ဖွင့်လိုက်ကာ ဓာတ်ပုံရဲ့အောက်ဆုံးထောင့်ကနေရာတစ်ခုကို လက်ညှိုးထောက်ပြလိုက်လေသည်။
"ဒါ ဒီနေ့ date ပဲ ကိုသက်... ဒီနေ့မနက်ရိုက်ထားတဲ့ဓာတ်ပုံတွေ..."
သူ date ကိုပြလိုက်တော့မှ ကိုသက်က နားလည်သွားသည့်ပုံဖြင့် သူ့ကို ခေါင်းငြိမ့်ပြလာလေသည်။
"သူက ဘယ်လိုလုပ်ပြီး သခင်လေးရဲ့ဖုန်းနံပါတ်ကိုသိနေတာလဲ... နောက်ပြီး ဒီဓာတ်ပုံတွေကိုရော ဘာရည်ရွယ်ချက်နဲ့ပို့ပေးရတာလဲ သခင်လေး..."
"အဲ့ဒါကြောင့် ငါ မင်းကိုစုံစမ်းခိုင်းနေတာ... နောက်ပြီးတော့ ဒီလူက ငါ့ဖုန်းနံပါတ်ကို သိနေတာဆိုတော့ ငါသိတဲ့လူတွေထဲကပဲဖြစ်လိမ့်မယ်..."
"ဟုတ်မယ် သခင်လေး..."
"အင်း... အဲ့ဒါကို ငါ့ဘက်ကလည်းစုံစမ်းမယ်... ဒါပေမယ့် မင်းလည်းစုံစမ်းပေး ကိုသက်... သူ့မှာ မဟာဒေဝီနဲ့ပတ်သက်ပြီး အကြံအစည်တစ်ခုခုရှိနေလိမ့်မယ်..."
"ဟုတ်ကဲ့ပါ သခင်လေး... အခု သခင်မလေးက သူ့မိဘအိမ်ရောက်နေတာမို့လား..."
"ဟုတ်တယ်... သုံးရက်နေမှ စံအိမ်တော်ကိုပြန်လာမှာ... အဲ့ဒါကြောင့်ဖြစ်နိုင်ရင် ဒီကိစ္စကို သုံးရက်အတွင်း ဖြေရှင်းချင်တယ်... နောက်ပြီး ဒီကိစ္စက အမှန်ဖြစ်ဖြစ် အမှားဖြစ်ဖြစ် ငါ ချာတိတ်ကို အပြစ်တင်မှာမဟုတ်ဘူး... ဒါပေမယ့် ဒီကိစ္စကို စံအိမ်တော်ကိုမပေါက်ကြားစေချင်ဘူး... ဒီကိစ္စကိုသိတဲ့သူက မင်းနဲ့ငါ နှစ်ယောက်ပဲဖြစ်စေချင်တယ် ကိုသက်..."
"စိတ်ချပါ သခင်လေး... ကျွန်တော် အထူးဂရုစိုက်ပါ့မယ်..."
"အင်း... အဲဒါဆို မင်းသွားလို့ရပြီ ကိုသက်..."
"ဟုတ်ကဲ့ သခင်လေး..."
ကိုသက် သူ့အခန်းထဲကထွက်သွားတော့မှ သူ ထိုင်ခုံမှာ ဝင်ထိုင်လိုက်ကာ ဓာတ်ပုံကိုသေချာကြည့်ရင်းနဲ့ စဉ်းစားနေမိလေသည်။ ဘယ်သူလဲ... ဒါဘယ်သူ့လက်ချက်လဲ... ကျွတ်... ဒီဓာတ်ပုံတွေသာ ဟော်နန်းကိုရောက်သွားခဲ့ရင်... မဟုတ်ဘူး... ရောက်မယ့်ရောက်ရင် စံအိမ်တော်ကိုအရင်ရောက်မှာ... အဲ့ကျရင် မိုးမီးလောင်သလိုဖြစ်လာမှာ... ကျွတ် ဘယ်သူဂြိုဟ်မွှေတာလဲ...။
သူ့ဖုန်းနံပါတ်ကို သိတဲ့သူက လက်ချိုးရေတွက်လို့ရတယ်... ဒါဆို အနွယ်တော်ထဲကများလား... သူ တွေးနေရင်းနဲ့ ခေါင်းရမ်းလိုက်မိလေသည်။ ဟင့်အင်း မဖြစ်နိုင်လောက်ပါဘူး... တော်တော်များများက ကလောက ဟော်နန်းမှာပဲရှိကြတာ... ဒီကိုရောက်နေတယ်ဆိုရင်တောင် သူ မသိစရာမရှိဘူး... ဦးရီးတော်ဖြစ်ဖြစ် မယ်တော်ဖြစ်ဖြစ် ဒွေးတော်ဖြစ်ဖြစ် တစ်ယောက်ယောက်ကတော့ပြောမှာပဲ။ မဟုတ်ရင်တောင်မှ ခမည်းတော်က ဟော်နန်းကိုရောက်နေတော့ သူ့ကို ဖုန်းဆက်သတိပေးမှာပဲ... ကျွတ်...။ ချာတိတ်ကို မေးလို့ကောင်းပါ့မလား... ဟင့်အင်း မကောင်းပါဘူး... သူ့ကြောင့် ချာတိတ်စိတ်ရှုပ်သွားလိမ့်မယ်...
"တီ... တီ... တီ..."
ဖုန်းလာသဖြင့် သူ ဖုန်းနံပါတ်ကိုကြည့်လိုက်ကာ သူ့မျက်နှာမှာ ကျေနပ်တဲ့အပြံုးတစ်ခုက ဖြတ်သန်းသွားလေတော့သည်။
"ဟယ်လို ချာတိတ်..."
"ဦး ကုမ္ပဏီမှာလား..."
"အင်း... ဟုတ်တယ် ချာတိတ်... ကိုယ် ချာတိတ်ကို အရမ်းလွမ်းနေတာ... ချာတိတ်ရော ကိုယ့်ကို သတိရရဲ့လား..."
"ကိုးလည်း ဦးကို သတိရလို့ ဖုန်းဆက်လိုက်တာပါ..."
ချာတိတ်ရဲ့စကားကြောင့် သူ့ရင်ထဲမှာ တကယ်ပဲ ကြည်နူးသွားလေတော့သည်။
"ချစ်တယ် ချာတိတ်ရယ်..."
"ဦးကလည်း ပြောစရာစကားမရှိတော့ဘူးလား..."
"ရှိတာပေါ့... ကိုယ် ချာတိတ်ကို အရမ်းသတိရနေတဲ့စကားတွေအများကြီးပြောချင်တာ... ဒါပေမယ့် ချာတိတ်ရဲ့မျက်နှာလေးကိုကြည့်ပြီးပြောချင်လွန်းလို့ ကိုယ် စုထားတယ်ချာတိတ်..."
ဖုန်းထဲကနေကြားလိုက်ရတဲ့ ချာတိတ်ရဲ့ချစ်စရာရယ်သံလေးကြောင့် သူ့ရင်ခုန်သံတွေ လမ်းကြောင်းလွဲသွားလေတော့သည်။
"ဦး ထမင်းရောစားပြီးပြီလား..."
"ဟင့်အင်း... ကိုယ် စံအိမ်တော်ကိုပြန်ရောက်မှ စားတော့မယ်လေ..."
"စံအိမ်တော်ကိုပြန်တော့လေ ဦးရဲ့... ငါးနာရီတောင်ထိုးနေပြီ..."
"အင်း... အလုပ်လေးတွေ လက်စသတ်ပြီးရင် ကိုယ် ပြန်တော့မှာ ချာတိတ်..."
"ဟုတ်... အဲ့ဒါဆို ကိုး ညမှဖုန်းထပ်ဆက်လိုက်မယ်လေ ဦး..."
"အင်း... ဪ ဒါနဲ့ ချာတိတ် ဒီနေ့ ကျောင်းဖွင့်တယ်မို့လား..."
"ဟုတ်တယ် ဦး... ကိုး ဒီနေ့ ကျောင်းကိုသွားပါတယ်..."
"ပြီးတော့ ဘယ်တွေသွားသေးလဲ..."
"ဟင်..."
သူ့မေးခွန်းကြောင့် ချာတိတ်က အ့ံသြသွားသည့်ပုံပင်။ သူ စကားမှားသွားမှာလည်းစိုးသဖြင့် ငြိမ်နေလိုက်မိလေသည်။
"ကိုး ဘယ်မှမသွားပါဘူး ဦးရဲ့... ဘာလို့လဲ ဦးက ကိုးကို မယုံလို့လား..."
"ဟင့်အင်း... ကိုယ် ချာတိတ်ကို ကိုယ့်ဘဂနဲ့ထပ်တူယုံပါတယ်... ကိုယ် စိတ်မချတာတစ်ခုပါပဲ..."
"စိတ်ချပါ ဦးရဲ့... ကိုး ဘယ်မှမသွားပါဘူး... ကျောင်းဆင်းတော့ ကိုးကို မမလာကြိုတာလေ..."
"ဪ..."
"ဟုတ်... ဦး အဲ့ဒါဆို ကိုး ဖုန်းချလိုက်တော့မယ်နော်..."
"အင်း... bye..."
"Bye..."
သူ ဖုန်းချလိုက်ပြီး စဉ်းစားနေမိလိုက်သည်။ ကိုးရဲ့အသံကတော့ ပုံမှန်ပါပဲ... ပုံမှန်ဆိုတာထက် သူ့ကို လွမ်းဆွတ်နေတဲ့အသံဖြစ်နေသဖြင့် သူ ကျေနပ်နေမိတော့သည်။ အဲ့ဒါဆိုရင်တော့ ချာတိတ်မှာအပြစ်မရှိဘူးဆိုတာ သူ ယုံကြည်နိုင်ပြီဖြစ်သည်။ ဒါပေမယ့် စုံစမ်းစရာရှိတာတော့ စုံစမ်းရမယ်။ အထူးသဖြင့် ဒီဓာတ်ပုံကိုပို့ပေးတဲ့လူကို သိအောင်လုပ်ရမယ်...။ သူ့စိတ်ထဲမှာ မသင်္ကာဖြစ်နေတဲ့လူနှစ်ယောက်ရှိသည်။ တစ်ယောက်က ခညောင်းရှင်... နောက်တစ်ယောက်ကတော့ စိုင်းအိုက်မော်ပဲ... သူတို့နှစ်ယောက်ထဲက တစ်ယောက်ပဲဆိုတာသေချာတယ်... အိုက်မော်ထက် ခညောင်းရှင်အပေါ် သူ ပိုပြီးသံသယဝင်တယ်... သူက ချာတိတ်ကို ပြန်ပြီးပိုင်ဆိုင်ချင်လို့ တမင်သက်သက်လုပ်တာလည်းဖြစ်နိုင်တယ်...။
ချာတိတ်နဲ့ပတ်သက်ပြီး သူ့မှာအပြစ်ရှိခဲ့မှန်းသိပေမယ့် သူ ယုတ်မာခဲ့တာမှမဟုတ်တာ... သူ ချာတိတ်ကို ချစ်လွန်းလို့ပိုင်ဆိုင်ချင်ခဲ့တာလေ... မိဘချင်းကလည်း သဘောတူထားပြီးသားဖြစ်သလို ချာတိတ်ကိုယ်တိုင်ကလည်း မငြင်းခဲ့တဲ့အတွက် သူ ချာတိတ်ကို ထိမ်းမြားနိုင်ခဲ့တာ။ သူ တကယ်ချစ်လို့ပေါ့... တကယ်သာမချစ်ခဲ့ရင် သူ ခမည်းတော် မယ်တော်တိုနဲ့ ဦးရီးတော် ဒွေးတော်တို့ရဲ့ ဆန္ဒတွေကိုဆန့်ကျင်ပြီး ဘာလို့ ချာတိတ်ကို ပိုင်ဆိုင်ဖို့ကြိုးစားမှာလဲ။ အနွယ်တော်အချင်းချင်းတွေသာ လက်ဆက်ခွင့်ရှိခဲ့တဲ့ စော်ဘွားမျိုးနွယ်ထဲမှာ လူလာဖြစ်ခဲ့ရပေမယ့်လည်း ဖိုးဖိုးဖွားဖွားတို့ရဲ့ ကတိသစ္စာကြောင့် အနွယ်တော်မဟုတ်တဲ့ ချာတိတ်နဲ့ သူ ထိမ်းမြားခွင့်ရခဲ့တာဟာ ဖူးစာမှန်လို့ပဲ မဟုတ်ဘူးလား... ဘယ်သူတွေဘယ်လိုထင်ထင် သူကတော့ အဲ့လိုပဲထင်သည်။ ချာတိတ် သူ့ကိုမချင်ပေမယ့် သူ ချာတိတ်ကို ချစ်တယ်... ချာတိတ်ကြည်ဖြူဖို့နဲ့ ချာတိတ်မမုန်းရင်ပဲ သူ့ဘဝပြည့်စုံပြီ... သူမျှော်လင့်ထားခ့ံတာက အဲ့လောက်ပါပဲ...။
#######
"အားလုံးက ကိုးကိုဂရုစိုက်တယ် မမရဲ့... အထူးသဖြင့် ဦးရဲ့အမေနဲ့ အဒေါ်တွေပေါ့..."
ညီအစ်မနှစ်ယောက်သား ခုတင်ပေါ်မှာ အိပ်နေရင်းကနေ စကားတွေပြောနေကြတာဖြစ်သည်။
"ကလေး အဆင်ပြေတယ်မို့လား..."
"ဟုတ်... ကိုး အဆင်ပြေပါတယ် မမ... အခေါ်အဝေါ်တွေအတွက်ပဲ ကိုး စိတ်ညစ်ရတာပါ... ဒါပေမယ့် အားလုံးက ကိုးကို နားလည်ပေးကြပါတယ်..."
"ဦးစဝ်ဘုန်းရိပ်ခေါင်ကလည်း ခညောင်းရှင်နဲ့ပတ်သက်ပြီး ကလေးကိုနားလည်ပေးတယ်မို့လား..."
"ဦးက ကိုးကို နားလည်ပေးပါတယ်... အရမ်းလည်းဂရုစိုက်တယ် မမ... ကိုးကို လေသံမာမာနဲ့တောင်မှ စကားမပြောပါဘူး..."
ခုတင်ပေါ်မှာ ပက်လက်အိပ်နေရင်းကနေ မမဆီကနေ အသံတစ်ခုကို ကိုးကြားလိုက်ရသဖြင့် မမမျက်နှာကို စောင်းငဲ့ကြည့်လိုက်ကာ
"မမ ဘာရယ်တာလဲ.."
"ဪ မဟုတ်ပါဘူး... မမတွေးနေတာက ဦးစဝ်ဘုန်းရိပ်ခေါင်အပေါ်မှာ ကလေးလည်း မေတ္တာရှိနေပြီလားလို့ပါ..."
မမရဲ့စကားကြောင့် ကိုးလည်း သဘောကျစွာပြံုးလိုက်မိလေ၏။
"ကိုး အရင်က ကင်းကြောင့် ဦးအပေါ်မှာမုန်းခဲ့မိမယ်ထင်တယ် မမ... ဒါပေမယ့် အခုချိန်မှာတော့ ကိုး ဦးကို မမုန်းတော့ပါဘူး..."
"ဒါဆို ချစ်နေပြီဆိုပါတော့..."
"ဟင်... အဲ့လိုလည်းမဟုတ်ပါဘူး မမကလည်း..."
ကိုး မျက်နှာတစ်ခုလုံး ပူထူသွားသဖြင့် မမကိုပြန်ပြောလိုက်တော့ မမက သဘောကျစွာ ရယ်နေလေသည်။
"ဒါဆို ကလေး မေမေတို့ကို စိတ်မဆိုးတော့ဘူးပေါ့နော်..."
"မေမေတို့ကို ကိုး စိတ်မဆိုးပါဘူး မမရယ်..."
"မသိဘူးလေ... အဲ့ဒီ့တုန်းက ကလေးက အသည်းအသန်တွေငိုခဲ့တာကိုး..."
"ဟုတ်တယ်နော်... အဲ့ဒီ့တုန်းက ကိုး နေမကောင်းတောင်ဖြစ်သွားသေးတယ်..."
"ဟုတ်ပ..."
"ဒါပေမယ့် မမရယ်... ဦးက မကောင်းတဲ့လူမှမဟုတ်တာ... ကိုးအပေါ် အရမ်းညှာတာဂရုစိုက်တဲ့သူလေ... ကိုး ဘယ်လိုလုပ်ပြီး ဦးရဲ့အချစ်တွေကို ဥပေက္ခာပြုရက်မှာလဲ..."
"အဲ့ဒါနဲ့ပဲ ချစ်သွားတယ်ဆိုပါတော့..."
မမရဲ့စကားကြောင့် ကိုး ခေါင်းကိုအသာရမ်းလိုက်မိကာ
"ချစ်တယ်လို့လည်းမဟုတ်ဘူး မမ... ဒါပေမယ့် ကိုး မပြောပြတတ်ဘူး..."
"အင်း... ကလေးအနေနဲ့ လက်ခံရခက်နေဦးမှာပေါ့... ဒါပေမယ့် ကလေးတို့လက်ထပ်တာ သုံးလကျော်သွားပြီနော် ကလေး..."
"ဟုတ်တယ်မမ... မနေ့ကမှ ဦးပြောပြလို့ ကိုးလည်းသိခဲ့ရတာ..."
"အင်း... ကလေးရဲ့အခုပုံစံကိုကြည့်ရတာ အရင်လောက်ကလေးမဆန်တော့ပါဘူး... နောက်ပြီး ကလေးတို့အခြေအနေက မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို အခြေအနေမျိုးမဟုတ်တော့ဘူးလားလို့..."
မမက ပြောနေရင်းနဲ့ ကိုးရဲ့မျက်နှာကို ကြည့်လာသဖြင့် ကိုး ခေါင်းငြိမ့်ပြရင်းဖြင့်သာ ပြန်ဖြေလိုက်၏။
"ကိုယ့်အပေါ်ကောင်းတဲ့လူအပေါ်ကိုတော့ အပြစ်တွေမလုပ်မိပါစေနဲ့နော် ကလေး..."
"ဟုတ်ကဲ့ မမ..."
"ဦးစဝ်ဘုန်းရိပ်ခေါင်က ကလေးကိုသိပ်ချစ်တယ်ဆိုတာ သူ့အပြုအမူတွေကနေ ပေါ်လွင်နေတယ်... သူက ကလေးဘက်မှာ ထာဝရရှိနေပေးမယ့်လူမျိုးပဲ..."
"ဟုတ်ပါတယ် မမ... ဦးလည်း ကိုးကို အဲ့လိုပြောပါတယ်..."
"အင်း... အဲဒါကြောင့် ကလေးကလည်း မရမ်းမဆိုးနဲ့နော်..."
"ဟုတ်ကဲ့ပါ မမ..."
"ကဲ အဲဒါဆိုလည်း အိပ်ကြရအောင်..."
"ဟုတ်ကဲ့ မမ..."
ကိုး အိပ်နေရင်းကနေ ဦးကို သတိရမိသွားလေသည်။ ဦးရော အိပ်နေပြီလားမသိဘူး... ဒီနေ့ ကုမ္ပဏီက ပြန်လာတာတောက်ကျတော့ ပင်ပန်းနေမှာပဲ။ ကိုးသာ ဦးရဲ့အနားမှာရှိနေရင် ဦးကို ဇက်ကြောဆွဲပေးလို့ရသေးတယ်။
"ကလေး ဘာတွေတွေးနေတာလဲ အိပ်တော့လေ..."
"ဟုတ်ကဲ့ မမ..."
မမကိုပြောပြီး ကိုးလည်း မျက်လုံးကိုအသာမှိတ်လိုက်ရလေတော့သည်။ တစ်ယောက်နဲ့တစ်ယောက် သတိရတာချင်းတူတဲ့အခါ အိမ်မက်ထဲမှာဆုံနိုင်တယ်တဲ့... ကိုးတို့တွေ အိမ်မက်ထဲမှာ ဆုံကြမယ်နော် ဦး...။
#######
ဆက်ရန် - အခန်း(၂၅)
Eain Mat Kyal
VOCÊ ESTÁ LENDO
အချစ်ဦးမဟုတ်ပါ သို့သော် (Completed)
Romance💜 အချစ်ဦးမဟုတ်ပါ သို့သော်...💜 လူတိုင်းလူတိုင်းမှာ အချစ်ဦးဆိုတာ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အချစ်ဦးတိုင်းကတော့ ကိုယ့်ဘဝရဲ့လက်တွဲဖော် ဖြစ်ခဲ့ကြမှာမဟုတ်ပါဘူး။ ဒီဝတ္ထုလေးမှာဆိုရင် အမိန့်တွေကြားမှာ ငယ်စဥ်ကတည်းက ကြီးပြင်းခဲ့ရပြီး ဟော်နန်းဆိုသော ...