အခန်း(၂၁)

99 3 0
                                    

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၂၁)

"ဘာ..."
"ဟုတ်တယ် သခင်လေး... ခညောင်းရှင်က စာချုပ်ကိုဖျက်သိမ်းမယ်တဲ့..."
သူ နားမလည်နိုင်သလို စိတ်လည်းတိုသွားမိလေသည်။
"ကျွတ် အဓိပ္ပါယ်မရှိတာ... ဒါ ဆော့ကစားစရာ အသေးအမွှားအလုပ်မဟုတ်ဘူး... စာချုပ်နဲ့ချုပ်ထားတဲ့အတွက် ဖြစ်ပေါ်လာမယ့်ကိစ္စတိုင်းမှာ တာဝန်အရှိဆုံးက သူပဲဆိုတာကိုရော သူသိရဲ့လား..."
ကိုသက် ဘုန်းရိပ်ရဲ့မျက်နှာကိုကြည့်ကာ မျက်နှာပျက်နေမိလေသည်။
"သူ လျော်ကြေးပေးမယ်လို့ပြောပါတယ် သခင်လေး..."
"ဟင်..."
သူ အ့ံသြသွားသလို စိတ်ထဲမှာလည်း စိုးထိတ်မိသွားလေသည်။ သူ ကိုသက်ကို လှည့်ကြည့်လိုက်ကာ ကိုသက်ရဲ့မျက်နှာကို သေချာကြည့်လိုက်ပြီး
"ကိုသက် သူ့ကိုကြည့်ရတာ ဘယ်လိုသဘောရလဲ..."
"ဗျာ... သခင်လေးမေးချင်တာက..."
"ခညောင်းရှင်ရဲ့မျက်နှာမှာ ထူးဆန်းတာတစ်ခုခုကို မင်း သတိထားမိလား..."
"ကျွန်တော်..."
သူ စိုးရိမ်စိတ်နဲ့မေးလိုက်တော့ ကိုသက်က တစ်ခုခုကိုစဉ်းစားသွားသလို ငြိမ်သက်သွားလေသည်။ သူတွေးထားသလိုများလား...
"ကျွန်တော့်အထင်ပြောရရင် ခညောင်းရှင်ရဲ့မျက်နှာက တော်တော်လေးကို တည်ငြိမ်နေတယ် သခင်လေး... လျော်ကြေးပေးမယ်ဆိုတော့ ကြည့်ရတာ သူ သေချာဆုံးဖြတ်ထားတဲ့ပုံပဲ..."
"သူ့မှာ တခြားအကြံအစည်ရှိနေတယ်လို့ မင်းထင်လား ကိုသက်..."
သူ စိုးရိမ်နေတဲ့အကြောင်းအရာကို သူ ကိုသက်ကို ဒဲ့ဒိုးမေးလိုက်တော့သည်။
"ဟုတ်တယ် သခင်လေး... ကျွန်တော်လည်း အဲ့လိုထင်တယ်... ဒါပေမယ့် သခင်လေးကိုပြောဖို့ အားနာလို့ပါ..."
သူ ဘာမှထပ်မပြောတော့ဘဲ နားလည်စွာဖြင့်ပင် ခေါင်းငြိမ့်ပြလိုက်လေသည်။
"သူ့ကိုကြည့်ရတာ တခြားအလုပ်တစ်ခုကို လက်ခံလိုက်တဲ့ပုံတော့မပေါ်ဘူး သခင်လေး..."
"ဒါဆို... သူ ဘာဖြစ်လို့ စာချုပ်ကိုဖျက်သိမ်းရတာလဲ... သူ ဗွီဒီယိုရိုက်ချင်တယ်လို့ပြောတုန်းကလည်း ငါ လက်ခံခဲ့တာပဲမို့လား..."
"ဟုတ်တယ် သခင်လေး... သူက တမင်သက်သက်များ စာချုက်ကိုဖျက်သိမ်းလိုက်တာများလား..."
"ကုမ္ပဏီမှာရော သူနဲ့ပြဿနာဖြစ်တဲ့သူတစ်ယောက်ယောက်ရှိနေလို့လား..."
"ဟင့်အင်း မရှိပါဘူး သခင်လေး..."
သူ့စိတ်ထဲမှာစိုးရိမ်နေတာက ချာတိတ်အတွက်ပဲ... သူ အခုလိုလုပ်နေတာတွေက ချာတိတ်နဲ့ပတ်သက်နေမှာကို သူ ကြောက်တယ်။ တကယ်ဆိုရင် သူ ချာတိတ်ကို ပိုင်ဆိုင်ပြီးခဲ့ပါပြီ... ဒါပေမယ့် သူ ချာတိတ်ရဲ့နှလုံးသားကို မပိုင်ဆိုင်ရသေးဘူး...
"သခင်လေး..."
သူ ခညောင်းရှင်နဲ့ စကားပြောမှဖြစ်မယ်။ သူ ကိုသက်ကိုကြည့်လိုက်ကာ
"ကိုသက် ငါ့ကို ခညောင်းရှင်ရဲ့ဖုန်းနံပါတ်ပေး..."
"ဟုတ်ကဲ့ သခင်လေး..."
ကိုသက် ဖုန်းကိုထုတ်လိုက်ကာ ခညောင်းရှင်ရဲ့ဖုန်းနံပါတ်ကိုပြလိုက်လေသည်၊
"သခင်လေး..."
"အင်း..."
ဘုန်းရိပ် ကိုသက်ဖုန်းထဲက ခညောင်းရှင်ရဲ့ဖုန်းနံပါတ်ကိုကြည့်ကာ ခေါ်လိုက်လေသည်။
"ကိုသက် မင်းလုပ်စရာရှိတာ သွားလုပ်တော့လေ..."
"ဟုတ်ကဲ့..."
"တီ... တီ... တီ..."
ရုံးခန်းထဲကနေ ကိုသက်ထွက်သွားတာကိုကြည့်လိုက်ပြီးတော့မှ သူ ခုံမှာထိုင်လိုက်လေသည်။
"ဟယ်လို ..."
"ဟယ်လို ခညောင်းရှင်..."
"ဟင် ဦးစဝ်ဘုန်းရိပ်ခေါင်..."
"ဟုတ်တယ် ခညောင်းရှင်..."
"ထူးဆန်းလိုက်တာ... ခင်ဗျား ကျွန်တော့်ကိုဖုန်းဆက်တာ ဘာကိစ္စများလဲ..."
"မင်း စာချုပ်ကိုဖျက်သိမ်းမယ်ဆို..."
"ဟုတ်တယ်လေ..."
"ဘာအတွက်လဲ..."
"ကျွန်တော့်ကိုယ်ရေးကိုယ်တာကိစ္စကို ပြောပြရမှာလား..."
"ခညောင်းရှင် ငါ မင်းနဲ့တွေ့ချင်တယ်..."
"ကျွန်တော်တို့တွေ့ဖို့မလိုပါဘူး... စာချုပ်အတွက် လျော်ကြေးကိုလည်း ကျွန်တော်ပေးမှာ..."
"ငါ မင်းကိုမေးစရာတွေရှိတယ်..."
"ခင်ဗျားရဲ့မေးခွန်းတွေကို ဖြေပေးရအောင် ကျွန်တော်က ခင်ဗျားရဲ့အပြစ်သားမဟုတ်ဘူး ဦးစဝ်ဘုန်းရိပ်ခေါင်..."
"ဘာ... မင်း..."
"ဟုတ်တယ်လေ... ကျွန်တော် ဘာအပြစ်မှမလုပ်ထားဘူး..."
"မင်းမှာ အပြစ်ရှိနေပါတယ်လို့လည်း ငါမပြောမိပါဘူး ခညောင်းရှင်... မင်းက လိပ်ပြာမလုံဖြစ်နေတာလား..."
"ကျွန်တော်က ဘာကို လိပ်ပြာမလုံရမှာလဲ..."
"မူမမှန်တဲ့မင်းရဲ့အသံကြောင့်လေ..."
"အဟား..."
သူ့စကားကို ခညောင်းရှင်က လှောင်ရယ်သလိုလုပ်နေသဖြင့် သူလည်း ပြံုးလိုက်မိလေသည်။
"တကယ်တော့ ခင်ဗျားက ကိုးအတွက် အစိုးရိမ်လွန်နေတာပါ ဦးစဝ်ဘုန်းရိပ်ခေါင်... ခင်ဗျားလက်ထဲကနေ ကိုးကို ကျွန်တော်ပြန်လုမှာကို ခင်ဗျားကြောက်နေတာ..."
"ဘာ... မင်းထင်တာတွေပဲပြောမနေစမ်းပါနဲ့ ခညောင်းရှင်... မင်းအဲ့လိုလုပ်ဖို့စိတ်ကူးရှိနေတယ်ဆိုရင်တောင် ငါခွင့်မပြုဘူး... အခုချိန်မှာ ချာတိတ်က ငါ့ရဲ့အဂ္ဂမဟေသီတစ်ပါး..."
"ဟုတ်ပါတယ်ဗျာ... ကျွန်တော်သိပါတယ်... ခင်ဗျား အစိုးရိမ်လွန်နေတာလို့ပြောတော့လည်း မကြိုက်ဘူး... ဒါပေမယ့် ခင်ဗျားသိလား... ကိုးက ကျွန်တော့်ကို အခုချိန်ထိ..."
"မင်းပါးစပ်ကိုပိတ်လိုက်စမ်း ခညောင်းရှင်..."
ဆက်ပြီးပြောလာမယ့် ခညောင်းရှင်ရဲ့စကားတွေကို သူသိနေသဖြင့် ချက်ချင်းပဲတားလိုက်မိတော့သည်။ နောက်ပြီး သူ့ရင်ထဲမှာလည်း နာကျင်မှုအစိုင်အခဲတစ်ခုက ဖြစ်တည်သွားလေတော့သည်။
"ဆောရီး... ကျန်တာတွေကို ခင်ဗျားရဲ့အတွင်းရေးမှူးနဲ့ပဲ ကျွန်တော်ဖြေရှင်းလိုက်ပါ့မယ်..."
သူ ဘာမှဆက်မပြောရသေးခင်မှာပဲ ခညောင်းရှင်က ဖုန်းချသွားလေတော့သည်။
"တောက်..."
သူ စိတ်တိုသွားပေမယ့် တောက်တစ်ချက်ခေါက်ရုံနဲ့သာ မြိုသိပ်လိုက်ရတော့သည်။ ထို့နောက် စားပွဲပေါ်က ကြိုးဖုန်းကိုကောက်ကိုင်လိုက်၏။
"ကိုသက် ရုံးခန်းထဲကို လာခဲ့ဦး..."
ဖုန်းချလိုက်ပြီးတော့ သူ အတွေးတွေကို ဖြန့်ကျက်လိုက်လေတော့သည်။ အဓိကက ချာတိတ်ပဲ... ခညောင်းရှင် ချာတိတ်ကြောင့် အခုလိုတွေလုပ်တာဆိုရင် သူ ခွင့်လွှတ်မှာမဟုတ်ဘူး။
"သခင်လေး..."
ကိုသက် သူ့ရှေ့ကိုရောက်လာတာနဲ့ သူ ကိုသက်ကိုကြည့်လိုက်ကာ
"ကိုသက် ခညောင်းရှင်အကြောင်းတွေ ငါ့ကိုစုံစမ်းပေး..."
"ဟုတ်ကဲ့ သခင်လေး..."
"သူနဲ့ပတ်သက်သမျှ အကုန်လုံး... အဓိကက သူ ဘယ်သူတွေနဲ့ပတ်သက်တယ်ဆိုတာကို ငါသိချင်တယ်..."
"ဟုတ်ကဲ့ပါ သခင်လေး... ကျွန်တော် သူ့နောက်ကို လူတစ်ယောက် လွှတ်ထားလိုက်ပါ့မယ်..."
သူ ခေါင်းငြိမ့်ပြလိုက်တော့ ကိုသက်က သူ့ရှေ့ကနေထွက်သွားလေတော့သည်။ သူကသာ ရင်တွေပူနေရင်းနဲ့ကျန်ခဲ့လေတော့သည်။ မဖြစ်ဘူး သူ ချာတိတ်ရဲ့နှလုံးသားကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားရဦးမှာ... သူ ချာတိတ်ရဲ့နှလုံးသားကို မပိုင်ဆိုင်ရမချင်း ဘယ်သူ့ကိုမှ မယုံကြည်နိုင်ဘူး... အထူးသဖြင့် ခညောင်းရှင်ကို...။
#######
"စိမ်းနဲ့သဘောတူထားတဲ့သူက ဘယ်သူလဲ ဒေါ်လေး..."
"မောင်ခညောင်းရှင်..."
"ရှင်..."
သူမ ထိတ်လန့်အ့ံသြသွားတာကိုကြည့်ပြီး ဒေါ်လေးက ပြံုးနေလေတော့သည်။ ထို့နောက် စိမ်းရဲ့လက်ဝါးကို ဒေါ်လေးက လာကိုင်လိုက်ပြီး
"သမီးလည်း သူ့ကိုသဘောကျနေတယ်ဆိုတာ ဒေါ်လေးတို့သိပါတယ်ကွယ်..."
စိမ်း ရှက်ရွံ့စွာဖြင့်ပင် ခေါင်းငြိမ့်ပြလိုက်မိလေသည်။ ဒါပေမယ့် စိမ်း ကင်းရဲ့အချစ်ကို ရလိမ့်မယ်လို့မထင်ဘူး။
"ဒေါ်လေးတို့လူကြီးချင်းကလည်း သမီးနဲ့ခညောင်းရှင်တို့ကို ဟိုးအရင်ကတည်းက သဘောတူထားခဲ့ကြတာပါ..."
စိမ်း ဘာမှပြန်မပြောဘဲ ခေါင်းပဲငြိမ့်ပြလိုက်တော့သည်။ ဒါဆို ကင်းရော သိနေခဲ့တာလား... ကင်းသာ သိနေခဲ့မယ်ဆိုရင် လက်ခံမှာမဟုတ်ဘူး... ကင်းက အခုချိန်ထိ ကိုးအပေါ် ပြတ်သေးတာမဟုတ်။
"မောင်ခညောင်းရှင်နဲ့သမီးတို့လည်း ကျောင်းမှာတွေ့ဖြစ်ကြတယ်မို့လား..."
"ဟုတ် တစ်ခါတစ်လေ စိမ်းတို့တွေ့ဖြစ်ပါတယ် ဒေါ်လေး..."
"ဟုတ်တော့ဟုတ်ပါတယ်... မောင်ခညောင်းရှင်က ဇာတ်ကားတွေလည်းရိုက်နေတော့ အချိန်ကမရဘူးဖြစ်မယ်..."
"ဟုတ်..."
"သမီးလေးက နားလည်ပေးရမယ်နော်..."
စိမ်း ဒေါ်လေးပြောတာကိုပြန်မပြောသေးဘဲ သိချင်တာကို အရင်မေးလိုက်လေသည်။
"ကင်းရဲ့မိဘတွေနဲ့ ဒေါ်လေးတို့က ပြောပြီးသွားပြီးကြလား..."
"အင်း ပြောပြီးသွားပြီ..."
"ဒါဆို ကင်းလည်း သိသွားပြီပေါ့..."
"အခုချိန်လောက်ဆို သိလောက်ပြီပေါ့ သမီးရဲ့ ဘာဖြစ်လို့လဲ..."
စိမ်း ဒေါ်လေးကို ခေါင်းရမ်းပြလိုက်မိပေမယ့် ဒေါ်လေးရဲ့စကားကြောင့် စိမ်း ရင်ထိတ်သွားရလေတော့သည်။ ကင်းက စိမ်းကိုလက်ခံမှာမဟုတ်ဘူး... ဒီလက်ထပ်ပွဲကို သေချာပေါက်ငြင်းမှာပဲ။ ဒါပေမယ့် ကင်း ဘယ်လောက်ငြင်းငြင်း စိမ်းကတော့ မငြင်းဘူး။ စိမ်း ကင်းကိုချစ်တယ်။ ကင်းရဲ့အချစ်တွေက စိမ်းနဲ့ပဲထိုက်တန်သည်။ အဲ့ဒီ့လိုပဲ စိမ်းရဲ့အချစ်တွေလည်း ကင်းနဲ့ပဲထိုက်တန်တယ်ဆိုတာကို စိမ်းယုံကြည်တယ်...။
#######
"ကျွန်တော် လက်မခံဘူး မေမေ..."
"ဘာဖြစ်လို့လဲဆိုတဲ့အကြောင်းပြချက် မေမေ့ကိုပေးပါ ခညောင်း..."
"ကျွန်တော် စိမ်းကိုမချစ်ဘူး..."
"မင်း ပေကပ်ကပ်လုပ်မနေနဲ့တော့ ခညောင်း..."
သူ အလိုမကျစွာပင် မေမေ့ကိုမကြည့်ဘဲ အကြည့်တွေကိုလွှဲထားလိုက်လေသည်။ မထင်မှတ်ထားခဲ့တဲ့စကားကြောင့် အ့ံသြသွားခြင်းထက် ငြင်းလိုက်ဖို့ကသာ စိတ်စောသွားခဲ့မိသည်။
"သားတို့က သူငယ်ချင်းတွေပဲ မေမေ... သားတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းထက်မပိုကြဘူး..."
"ဘာလဲ မင်း ဟိုမိန်းကလေးကိုထပ်ပြီး မျှော်လင့်နေသေးတာလား..."
သားဖြစ်သူက ပြန်မဖြေဘဲ ငြိမ်သက်နေသဖြင့် ဒေါ်ခင်မိမိ စိတ်တိုသွားလေတော့သည်။
"ခညောင်းရှင်... မင်း မဟုတ်တာတွေလျှောက်လုပ်ဖို့စဉ်းစားမနေနဲ့... အဲ့ဒီ့မိန်းကလေး အိမ်ထောင်ကျသွားပြီဆိုတာ မေမေသိတယ်..."
"ကိုး ကျွန်တော့်ကို အခုချိန်ထိ ချစ်နေသေးတယ် မေမေ..."
"ဘာ..."
ဒေါ်ခင်မိမိရဲ့ မီးတောက်နေသကဲ့သို့မျက်ဝန်းတွေက ခညောင်းဆီသို့ ကျရောက်သွားလေတော့သည်။
"ဟုတ်တယ် မေမေ... ကိုး ကျွန်တော့်ကို ချစ်နေသေးသရွေ့ ကျွန်တော် ကိုးကို စွန့်လွှတ်မှာမဟုတ်ဘူး..."
"မင်း ရူးနေပြီလား ခညောင်း... မင်းကိုလူက ဘာလို့ သူများရဲ့မိန်းမဖြစ်နေတဲ့မိန်းကလေးတစ်ယောက်ကို လိုချင်စရာလား... အဲ့ဒါကြောင့်လည်း မင်း နန်းမဟာမြိုင်ကုမ္ပဏီနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို ဖျက်သိမ်းလိုက်တာပေါ့ ဟုတ်လား ခညောင်းရှင်..."
"အချစ်စစ်မှာ ဘယ်လိုကွဲပြားခြားနားချက်မှမရှိဘူး မေမေ..."
မေမေက စာချုပ်ကိုဖျက်သိမ်းပစ်ခဲ့တဲ့အတွက်လည်း သူ့ကိုစိတ်ဆိုးနေတာဖြစ်သည်။
"ရုပ်ရှင်ထဲကစကားလုံးတွေ မေမေ့ကိုလာရွတ်ပြမနေနဲ့ခညောင်း... မင်းစဉ်းစားရမှာက သစ်ရွက်စိမ်းနဲ့ အမြန်ဆုံးလက်ထပ်ဖို့ကိုပဲ စဉ်းစားပါ..."
"ဟင့်အင်း... သား စိမ်းကိုလက်မထပ်နိုင်ဘူး မေမေ..."
"မင်းရွေးချယ်ခဲ့တဲ့ ပထမဆုံးမိန်းကလေးက မင်းအပေါ်မှာ သစ္စာရှိခဲ့လို့ မင်း ခေါင်းမာနေတာလား..."
မေမေ့စကားကြောင့် သူ့ရင်ထဲမှာ နာကျင်သွားမိလေသည်။ မေမေပြောတာမမှားပေမယ့် ကိုးကို အပြစ်ပြောတာကိုတော့ သူ တကယ်မကြိုက်ပါ။ ကိုး ဘာပဲဖြစ်နေဖြစ်နေ သူ ထာဝရချစ်ဖို့ ရည်ရွယ်ထားခဲ့ပြီးသား... အဲ့ဒါကြောင့် ကိုးကြောင့်ရရှိလာမယ့် အကောင်းအဆိုးမှန်သမျှကို သူ မက်မက်မောမောယူမိမှာပဲ။ အဓိကက သူ ကိုးကို မစွန့်လွှတ်ရဖို့ပဲဖြစ်သည်။ ဒီလောက်အခက်အခဲတွေကြံုနေမှတော့ သူနဲ့ကိုးတို့ရဲ့အချစ်က ရိုမီယို ဂျူးလိယက်တို့ထက် စစ်မှန်လို့ပဲလို့ သူ ယူဆသည်။
"မင်းရဲ့အလုပ်ရှင်က ကိုးအသင်္ချေရဲ့ယောကျာ်းဖြစ်နေတာကြောင့် မင်း အဲ့ဒီ့စာချုပ်ကို ဖျက်သိမ်းခဲ့တယ်လို့ မေမေထင်ခဲ့တာ... တကယ်တော့ မင်းက အဲ့ဒီ့မိန်းကလေးကို ပြန်ပြီးလိုချင်လို့ပေါ့ ဟုတ်လား ခညောင်းရှင်..."
"အစကတည်းက ကိုးက ကျွန်တော့်ချစ်သူ... ကျွန်တော်ပိုင်ဆိုင်ရမယ့်သူပါ မေမေ..."
မေမေက ခေါင်းကိုတွင်တွင်ခါရမ်းရင်းနဲ့ သူ့ကို စိတ်ပျက်သောအကြည့်တွေဖြင့် ကြည့်နေလေသည်။ မေမေက အဲ့လိုပဲ... သူဖြစ်စေချင်တာကို မလုပ်ပေးတဲ့အခါတိုင်း အမြဲတမ်းလိုလို စိတ်ပျက်သောအကြည့်တွေဖြင့် ကြည့်တတ်လေသည်။ အဲ့ဒါ သူတစ်ယောက်ထဲမဟုတ်ဘဲ ဖေဖေ့ဆိုလည်း မေမေက အဲ့လိုပဲကြည့်တတ်သည်။
"မင်း ခေါင်းမာမနေနဲ့တော့ ခညောင်း... စိမ်းနဲ့အမြန်ဆုံးလက်ထပ်ဖို့ကိုပဲ ပြင်ဆင်ထားပါ..."
"ကျွန်တော့်ဆန္ဒမပါဘဲ မေမေတို့လျှောက်လုပ်မယ်ဆိုရင် ထိခိုက်ရမှာက ကျွန်တော်မဟုတ်ဘူးနော် မေမေ..."
"ဟင်... မင်း မေမေ့ကိုခြိမ်းခြောက်တာပေါ့ ဟုတ်လား... ခညောင်း..."
သူ မေမေပြောတာကို စိတ်မဝင်စားသလို နေလိုက်မိသည်။ ကိုး သူ့ကိုချစ်နေတယ်ဆိုတာသိနေတဲ့အတွက် သူ သေတဲ့အထိတောင် ကိုးကိုစွန့်လွှတ်မှာမဟုတ်ပေ။
"မင်းက မေမေ့သားဆိုတာကို မမေ့ထားနဲ့ သား... မင်းဖေဖေနိုင်ငံခြားကပြန်လာတဲ့အချိန်မှ ဒီကိစ္စကိုထပ်ပြီးဆွေးနွေးကြမယ်... ဒါပေမယ့် မင်းသိထားရမှာက မင်း ကိုးအသင်္ချေဆိုတဲ့မိန်းကလေးနဲ့ လုံးဝမပတ်သက်စေရတော့ဘူး..."
ပြောပြောဆိုဆိုနဲ့မေမေက သူ့ရှေ့ကနေ ထထွက်သွားတော့သည်။
အခုချိန်မှာ မေမေ့ကိုဆက်ပြောနေလည်း ဘာမှထူးလာမှာမဟုတ်ဘဲ မေမေ့ရဲ့ရောဂါသာဖောက်လာမည်ကိုသိသဖြင့် သူ ဘာမှဆက်မပြောဘဲ ငြိမ်နေမိတော့သည်။ ဒါက မေမေ့စကားကို သူ လက်ခံလိုက်ခြင်းတော့မဟုတ်ပါ... သူ ကိုးကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်သလို စိမ်းကိုလည်း ဘယ်တော့မှ လက်ထပ်မှာမဟုတ်။ အဲ့ဒီ့အတွက် သူ ရာဇာ့ဆီက အကြံဉာဏ်တောင်းရမယ်။ ဟုတ်တယ်...။ သူ အတွေးနဲ့အတူ ရာဇာ့ဆီကို ဖုန်းဆက်လိုက်လေသည်။
"တီ... တီ... တီ..."
"ဟယ်လို ခညောင်း..."
"ရာဇာ မင်း ဘာလုပ်နေတာလဲ..."
"ငါ ဘာမှမလုပ်ဘူး ခညောင်း... အိမ်မှာပဲ..."
"ငါ မင်းကိုပြောစရာရှိတယ်..."
"အင်း... ပြောလေ..."
"အင်း ခနလေး... ငါ ငါ့အခန်းထဲဝင်လိုက်ဦးမယ်..."
"အင်း..."
သူ ဧည့်ခန်းထဲကနေ အပေါ်ထပ်သို့အမြန်တက်လိုက်ပြီး သူ့အခန်းထဲသို့ ဝင်လိုက်လေသည်။
"ငါ ကိုးကိုချစ်တယ် ရာဇာ..."
"ဟင် ဘာများလဲလို့ ခညောင်းရာ..."
သူပြောတဲ့စကားကို ရာဇာက မထူးဆန်းသည့်ပုံဖြင့် ပြန်ပြောနေလေသည်။ ဟုတ်တော့ဟုတ်ပါတယ်... သူ ကိုးကိုချစ်တယ်ဆိုတာ သူပြီးရင် ရာဇာက အသိဆုံးပင်။
"ငါ ကိုးကိုဘယ်လောက်ထိချစ်တယ်ဆိုတာ မင်း အသိဆုံးနော်..."
"ငါသိပါတယ် ခညောင်းရာ... မင်းရဲ့စကားတွေက ထူးဆန်းနေသလိုပဲ မင်း ဘာဖြစ်နေလို့လဲ ခညောင်း..."
"ငါ့ကို စိမ်းနဲ့လက်ထပ်ပေးတော့မယ်..."
"ဘာ..."
ရာဇာရဲ့ အ့ံသြတဲ့အသံကြီးက ဖုန်းထဲကနေ ထွက်လာတော့မည့်သကဲ့သို့ပင်။
"ခညောင်း... မင်း မင်း တကယ်ပြောနေတာလား..."
"အဲ့ဒါက စနောက်စရာမို့လို့လားကွာ... ငါ အခုအရမ်းကိုစိတ်ညစ်နေတယ်..."
"ဘယ်လိုဖြစ်လို့ ဗြုန်းစားကြီးလဲ..."
"အရင်ကတည်းက မေမေတို့လူကြီးချင်းပြောခဲ့ပြီးသားတဲ့ကွ... အခုမှ ငါ့ကိုပြောပြတာ..."
"ဟင်... ဒါဆို မင်းနဲ့ကိုးတို့တွေ ချစ်သူတွေဖြစ်တဲ့အချိန်ကတည်းကလား..."
"အင်း ဟုတ်လောက်တယ်... ဒါပေမယ့် ငါလက်မခံဘူး ရာဇာ... ငါ စိမ်းကိုလက်မထပ်နိုင်ဘူး..."
"စိမ်းက မင်းအပေါ်မှာ တော်တော်လေးသံယောဇဉ်ရှိတယ်နော် ခညောင်း..."
သူ အဝတ်ဗီရိုကြီးကို ကျောနဲ့မှီလိုက်ကာ သက်ပြင်းချလိုက်လေသည်။
"ဒါပေမယ့် ငါ စိမ်းကိုချစ်နိုင်မှာမဟုတ်ဘူး... ငါ ကိုးကိုပဲချစ်တယ်..."
"ငါသိတယ် ခညောင်း... မင်းက သိပ်ခေါင်းမာတာ..."
"မင်း ငါ့ကိုကူညီမယ်မို့လား..."
"အင်း ငါ ကူညီမှာပေါ့... မင်း ဘာလုပ်ချင်တာလဲ ခညောင်း... ငါ့ကိုပြောပါ ငါ လုပ်ပေးမယ်..."
"ငါ ကိုးကိုပဲပြန်ပိုင်ဆိုင်ချင်တာ..."
"မင်း ဘာအစီအစဉ်ဆွဲထားလဲ ခညောင်း..."
"ငါ့ခေါင်းထဲမှာ အစီအစဉ်တွေတော့ရှိတယ် ရာဇာ..."
"အင်း... ငါ ဘာလုပ်ပေးရမလဲဆိုတာသာ မင်းပြောပါ... ငါ အကုန်လုပ်ပေးမယ်... ငါတစ်ယောက်ထဲမဟုတ်ဘူး ခညောင်း... မင်းအတွက် ငါ့သူငယ်ချင်းတွေလည်းရှိတယ်..."
"ငါ မင်းကိုကျေးဇူးတင်ပါတယ် ရာဇာ..."
"ပြောလို့မလိုပါဘူး သူငယ်ချင်းရာ... ငါတို့က သူငယ်ချင်းတွေပဲကို..."
"အင်း... ငါ သေချာအစီအစဉ်ပြန်ဆွဲလိုက်ဦးမယ် ရာဇာ... မသေချာမှာစိုးလို့... အလွဲတွေလည်း ငါမဖြစ်ချင်ဘူး..."
"အင်း ငါ နားလည်ပြီ ခညောင်း... မင်းလိုအပ်တဲ့အချိန်သာငါ့ကိုပြောပါ... ငါ ချက်ချင်းလုပ်ပေးမယ်..."
"ငါ့ဘက်မှာအခုလိုရှိနေပေးလို့ မင်းကို တကယ်ကျေးဇူးတင်ပါတယ် ရာဇာ..."
"ငါ မင်းဘက်မှာအမြဲတမ်းရှိနေမှာ ခညောင်း... အဲ့ဒီ့အတွက် မင်း ဘယ်တော့မှ ယုံမှားသံသယမဖြစ်နဲ့..."
"ငါသိပါတယ်ကွာ... ဒါဆို ငါ ဖုန်းချလိုက်တော့မယ် ရာဇာ... ငါ မင်းဆီကို ဖုန်းဆက်လိုက်မယ်..."
"အင်း..."
သူ ဖုန်းချလိုက်ကာ ခုတင်ပေါ်မှာထိုင်လိုက်ပြီး စားပွဲရဲ့အံဆွဲကိုဆွဲထုတ်လိုက်ကာ အံဆွဲထဲက ကိုးနဲ့အတူရိုက်ထားတဲ့ဓာတ်ပုံလေးကို ထုတ်ပြီးကြည့်လိုက်လေသည်။
"ကိုးရယ် အရမ်းချစ်တယ်..."
သူ့ဘဝအတွက် ကိုးက မရှိမဖြစ် ဖြစ်လာခဲ့ပြီဖြစ်သည်။ သူ ကိုးကို ပြန်ပြီးပိုင်ဆိုင်နိုင်အောင် ကြိုးစားမယ်... ဘယ်လိုအခက်အခဲတွေပဲကြံုလာကြံုလာ ကိုးကိုချစ်တဲ့အချစ်တစ်ခုထဲနဲ့ သူ ကျော်ဖြတ်မယ်...။
#######
ဆက်ရန် - အခန်း(၂၂)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Tempat cerita menjadi hidup. Temukan sekarang