1 ( U & Z )

1.3K 32 0
                                    

Unicode

( ✍️ - ဤ fic တွင်ပါဝင်သော လူပုဂ္ဂိုလ်၊ နေရာဒေသ၊ ဇာတ်လမ်းအကြောင်းအရာ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးယဉ် ဖန်တီးရေးသားမှုသက်သက်သာဖြစ်ပါသည်။ )

အချိန်ကား ည ရှစ်နာရီခန့်....

မြတ်မေတ္တာ ဆေးရုံကြီး၏ အထူးလူနာခန်းတွင်ဖြစ်သည်။ ထိုလူနာခန်းအတွင်း၌ ငြိမ်သက်စွာထိုင်နေသည့် လူငယ်လေးတစ်ဦးကို တွေ့မြင်နိုင်၏။ ထိုလူငယ်လေးသည် လှုပ်ရှားမှုကင်းစွာ ထိုင်နေသော်လည်း သူ သက်ဝင်လှုပ်ရှားနေသည်မှာ တစ်နေရာသာရှိ၏။ ဤသည်က ဖြူဖွေးသွယ်လျသည့် လက်လေးများပင်ဖြစ်သည်။

လူငယ်လေး၏ ညာဘက်ဘေးတွင် သီချင်းသံထွက်ပေါ်နေသည့် speaker လေးတစ်လုံးရှိလေသည်။ ထို speaker လေးမှ သီချင်းသံချိုချိုအေးအေးလေးက ထွက်ပေါ်နေသည်။ ထိုသီချင်းလေးကို လက်ချောင်းလေးဖြင့်ခေါက်၍ စီးချက်လိုက်ရင်း နားထောင်နေခြင်းဖြစ်သည်။ သို့သော် သူ့နှုတ်ဖျားမှ မည်သည့်သီချင်းသံမှ ထွက်ပေါ်လာခြင်းမရှိပါ။ သူသည် လက်ချောင်းလေးခေါက်ရုံသာ သီချင်းကို စီးမြောနေခြင်းဖြစ်သည်။ ထိုလူငယ်၏ နှုတ်ခမ်းများမှာ ပြုံးယောင်သန်းနေသော်လည်း မျက်လုံးလေးများကမူ လှုပ်ရှားမှုကင်းမဲ့နေကြ၏။ အရောင်တောက်ပသော်လည်း လှုပ်ရှားမှုကင်းမဲ့နေသည့် မျက်ဆံညိုလေးက တောက်ပသည့်ရတနာလေးတစ်ခုကို ကတ္တီပါအဖြူစပေါ် တင်ထားသည့်နှယ်။ သို့သော် လှုပ်ရှားမှုမရှိခြင်းက ရင်နာဖွယ်ကောင်းလေသည်။

မှန်သည်။ သူက မျက်မမြင်တစ်ယောက်ပင်ဖြစ်သည်။ ဤဆေးရုံတွင် ခွဲစိတ်ခဲ့ပြီး ဤဆေးရုံတွင်သာ ဆက်လက်နေနေသည်။ သူစောင့်စားနေသည်က သူ့မျက်စိနှစ်ကွင်းကို အလင်းပြန်ရစေမည့် မျက်ကြည်လွှာတစ်စုံပင်ဖြစ်၏။ သို့သော် မျက်ကြည်လွှာတစ်စုံကို ရရှိရန်မှာ အဘယ်သို့ လွယ်ကူပါမည်နည်း။ ဤသို့ဖြင့် သူသည် ဤဆေးရုံတွင်သာ ဆက်လက်နေထိုင်ရင်း မျက်မမြင်တစ်ယောက်၏ နေ့ရက်များကို တစ်ယောက်တည်း ဖြတ်သန်းနေခဲ့လေသည်။

သူ့နာမည်ကား... ပကတိပြင်ညီ

ဆေးရုံခန်းအတွင်း သီချင်းသံအေးအေးထွက်ပေါ်နေသဖြင့် ပြုစုပေးရန်ငှားထားသည့် ဆရာမလေးက ပကတိပြင်ညီကို ချောင်းကြည့်၏။ ပြုံးယောင်ယောင် မျက်နှာလေးကိုမြင်သောအခါ သူမသည်ပင် လိုက်ပြုံးမိသည်။ တစ်ဆက်တည်းတွင် သူစောင့်ရှောက်ရသည့် လူနာက ပြုံးလိုက်လျှင် ချောမောလွန်းလှသည်ကို အသိအမှတ်ပြုမိ၏။ အမြင်အာရုံဆုံးရှုံးနေရှာသော မျက်လုံးတောက်တောက်လေးများကို နှမြောတသစွာကြည့်ကာ ချောမောပါလျက် ဘဝကံအကျိုးပေး ဆိုးလွန်းလှသည်ဟု စိတ်မကောင်းစွာ တွေးမိနေတော့သည်။ ထို့နောက် သူမသည် လူနာအတွက် လိုအပ်နေသည့် အသုံးအဆောင်တစ်ချို့ကို ဝယ်ယူရန် ထွက်ခွာသွားလေသည်။ သူမမသွားမီ အခြားဆရာမတစ်ဦးကိုလည်း လူနာပကတိပြင်ညီကို သူမပြန်မလာမီ စောင့်ရှောက်ပေးပါရန် မှာခဲ့လေသည်။

REVENGE EYES ( U & Z)Where stories live. Discover now