20

240 7 1
                                    

Unicode

မင်္ဂလာည.......

မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်ကြသူအားလုံးသည် သမာဓိလုပ်ငန်းစု၏ စီးပွားဖက်များ၊ နိုင်ငံရေးဧည့်သည်များ၊ မိတ်ဆွေဟောင်းများသာ ဖြစ်သည်။

ပကတိတွင် ဖိတ်ကြားရမည့် သူငယ်ချင်းဟူ၍ ဖျားနှင့် ထိုက်သူသာ ရှိသည်။ ဖျားနှင့်ထိုက်သူက ပကတိအဖော်ရစေရန် အချိန်စော၍ ရောက်လာကြ၏။ သမာဓိက သူတို့ကို ပကတိထံ လိုက်ပို့ပေးကာ သူကမူ စီစဉ်စရာရှိသည်ဟု ဆိုကာ ပြန်ထွက်သွားသည်။

နှစ်ယောက်လုံး အသိမိတ်ဆွေနည်းကြသဖြင့် သမာဓိသည်လည်း သူငယ်ချင်းမိတ်ဆွေ ရှားပါးသူမို့ မင်္ဂလာသို့ ဖိတ်ကြားရလောက်သည့် သူမရှိဘဲ ဖြစ်နေရသည်။ ယခု မင်္ဂလာပွဲသို့ တက်ရောက်ကြသည့် ဧည့်သည်များသည် ဘိုးဘိုးနှင့် ဦးငယ်တို့၏ မိတ်ဆွေများသာ ဖြစ်လေသည်။

အကျဉ်းချုံးသည့် မင်္ဂလာပွဲကပင် စည်ကားလွန်းနေသည်။ နိုင်ငံကို ကိုယ်စားပြုနိုင်သည့် လုပ်ငန်းစုကြီးမှ မြေးဖြစ်သူ၏ မင်္ဂလာပွဲဖြစ်သဖြင့် ဖိတ်ကြားခံရသူတိုင်းက ဂုဏ်ယူစွာပင် တက်ရောက်ကြသည်။

ပကတိသည် သူ့အတွက် ယာယီစီစဉ်ပေးထားသည့် အခန်းအတွင်းမှာပင် ရှိနေသည်။ ဖျားနှင့် ထိုက်သူကလည်း အတူတူရှိနေကြ၏။ ပကတိက သူဝတ်ဆင်ရမည့် အဖြူရောင်သတို့သားဝတ်စုံကို ဝတ်ဆင်၍ အဝတ်လဲခန်းထဲမှ ထွက်လာသည်။ အနောက်တိုင်းဝတ်စုံဖြစ်သဖြင့် ကိုယ်တိုင်းတိကျကာ ခန္ဓာကိုယ်တွင် ချပ်ကပ်နေသည်။

ပါးလျသည့်ကိုယ်ထည်ကြောင့် ရှိရင်းစွဲအရပ်က ပို၍ရှည်သယောင်ထင်ရသော်လည်း ပကတိ၏အရပ်က ငါးပေဆယ်လက်မသာ ရှိသည်။ ရှည်သည့်အရပ်ထဲပါသော်လည်း ဖျားနှင့် သမာဓိတို့က ခြောက်ပေကျော်ကြသူများမို့ သူက ပုသယောင်ဖြစ်နေ၏။

ဖျားက ပကတိ၏ဝတ်စုံကို သေချာကြည့်ကာ ရှေ့တိုးလာပြီး လည်ပင်းမှဖဲပြားကို သေချာပြင်ဆင်ပေး၏။ ထို့နောက် စိန်နှင့်ရွှေကိုရောစပ်ကာ ပန်းခိုင်သဖွယ် ပြုလုပ်ထားသည့် ရင်ထိုးကို သေသေသပ်သပ်လေး ထိုးပေး၏။

" သမာဓိရင်ခွင် လာပေးသွားတာ၊ ဝတ်စုံရော သူဝယ်ခဲ့ပေးတာလား "

REVENGE EYES ( U & Z)Where stories live. Discover now