59

181 6 0
                                    

Uni

" အစ်ကို ထွက်လာနေပြီလားဟင် ! ကျွန်တော် လွန်းနေကို အကြိုလွှတ်လိုက်မယ် "

ဖုန်းထဲမှ သမာဓိ၏အသံက သူရောက်လာစေချင်နေပြီဖြစ်ကြောင်း ထင်ရှားနေကာ ခပ်လောလောဖြစ်နေ၏။ ပကတိလည်း ကိုယ်လုံးပေါ်မှန်ထဲတွင်ထင်ရှားနေသည့် သူ့အသွင်အပြင်ကို တစ်ချက်ပြန်ကြည့်ရင်း ဖုန်းကိုလည်း ပြန်ဖြေရသေး၏။

" မလိုဘူးဆိုမှ ! ငါ လမ်းပေါ်ထွက်ပြီး ကားငှားခဲ့မယ် "

" မရပါဘူး ! အငှားကားကို စိတ်မချဘူး "

တစ်ဖက်က သမာဓိ၏အသံကလည်း လက်မခံသလို ခပ်တင်းတင်းတုန့်ပြန်သည်။ သူကလွဲ၍ အားလုံးကို မယုံကြည်နေသည့်လူကို ပကတိ အသံတိတ်ရယ်မောခြင်းဖြင့် တုန့်ပြန်လိုက်သည်။

သမာဓိက ပကတိ ကားမမောင်းနိုင်သည်ကို သိထားသဖြင့် လာကြိုရန်လောနေခြင်းဖြစ်သည်။ ကျန်းမာရေးကြောင့် သူ့ကို တစ်ခါတည်းခေါ်မသွားဘဲ အနားယူနေစေခဲ့ပြီး အစည်းအဝေးချိန်နီးမှသာ လိုက်လာရန်မှာထားခဲ့၏။ သူ့အပေါ် စိုးရိမ်စိတ်နှင့် ပူပန်နေခြင်းကို ခံစားရကာ ပကတိ နှုတ်ခမ်းလေးများ ပြုံးနေသည်။ သူအသံတိတ်နေသည့်အခါ သမာဓိအသံက ထွက်လာပြန်သည်။

" အစ်ကိုနော် ! ကားငှားပြီးလာမယ်ဆို ထွက်မလာနဲ့ဦး... ကျွန်တော် လွန်းနေကို လွှတ်လိုက်မယ် "

" လွန်းနေလည်း မင်းခိုင်းတာတွေနဲ့ နားရလို့လား မောင်ရယ်... ရပါတယ်ဆို... မောင့် ငါကလေးမဟုတ်ဘူးနော်၊ မင်းထက်အသက်ကြီးတယ်ဆိုတာရော သတိရသေးရဲ့လား "

" သိတော့သိတယ်လေ ဒါပေမယ့် မသိဘူးဗျာ စိတ်ပူတယ်ဗျ "

သမာဓိက ညည်းညူသလို ရေရွတ်၏။ ပကတိလည်း ရယ်သံသဲ့သဲ့ဖြင့်

" ဟုတ်ပါပြီ မောင်ရယ်... ငါ ထိုက်သူကို ဖုန်းဆက်လိုက်မယ်... သူ လိုက်ပို့ပေးလိမ့်မယ် ဟုတ်ပြီလား "

ပကတိ ချော့မော့ပြောလိုက်မှ သမာဓိက စိတ်လျှော့လိုက်ဟန်ဖြင့် လေသံပါနူးညံ့လာသည်။

" သေချာတယ်နော်... ပြီးမှ ထိုက်သူက မအားလို့ ကားငှားပြီးလာတယ်ဆို ကျွန်တော် တကယ်စိတ်ဆိုးမှာနော် "

REVENGE EYES ( U & Z)Where stories live. Discover now