32

192 8 0
                                    

Unicode

" အစ်ကို အဆင်ပြေရဲ့လား "

" ပြေပါတယ်ဆိုကွာ ! "

အခန်းထဲမှ စိတ်မရှည်သည့်ဟန်ဖြင့် ပြန်ဖြေသံကို ကြားမှပင် သမာဓိရင်ခွင်တစ်ယောက် တံခါးအနားတွင် ရပ်နေရင်း သက်ပြင်းချမိလေသည်။

ပကတိကို ရုံးချုပ်မှ စံအိမ်သို့ ပြန်ခေါ်လာသည့် လမ်းတစ်လျှောက်လုံး စိုးရိမ်စိတ်များဖြင့်သာ ပြည့်နေခဲ့ရသည်။ အခုတော့ အခန်းထဲမှ လူပေါက်စက လေသံမာမာဖြင့် ပြန်အော်နိုင်နေပြီမို့ တော်သေးသည်ဟု တွေးကာ စိတ်သက်သာရာရသည်။ သွေးသံရဲရဲမကြောက်တတ်သော်လည်း တန်ဖိုးထားရသူမို့ စိုးရိမ်စိတ်ပိုနေရသည်။

ရေချိုးခန်းထဲမှ ပကတိမှာလည်း ယနေ့ ကြုံခဲ့ရသမျှကို ပြန်တွေးလေလေ အခန်းရှေ့မှ ဟိုတစ်ယောက်ကို အမြင်ကပ်လေလေဖြစ်သည်။ ဒဏ်ရာကို အကြောင်းပြု၍ စံအိမ်သို့ပြန်ရန်ဖြစ်လာရသည်။

ဤသည်ကို ထိုကိုယ်တော်လေးက ရိုးရိုးမပြန်။ သူ့ကို ပွေ့ချီထားခဲ့၏။ တွဲရုံသာတွဲပါ လမ်းလျှောက်ပါမည်ဟု ပြောပါသော်လည်း ခြေမကွဲသွားသည်ကို မြင်ထားရသည့် ထိုတစ်ယောက်က သူ့စကားများကို နားမဝင်တော့ပေ။ အတင်းအကြပ်ပင်ပွေ့ထားတော့သည်။

ဖိနပ်ဝယ်ကာ ရုံးခန်းရှေ့မှ‌ စောင့်နေသည့် ဝန်ထမ်းကပင် သူတို့ကိုကြည့်ကာ ပြုံးစိစိဖြင့် ဖြစ်သွားသေးသည်။ သို့သော် သမာဓိရင်ခွင်ဟူသည် ထိုတစ်ယောက်က မည်သူ့ကိုမှ မြင်ပုံမပေါ်ပေ။ ဓာတ်လှေကားထဲတွင်လည်း ပွေ့ထား၏။ ရုံးချုပ်၏ reception ရှေ့မှလည်း ပွေ့လျက်သားဖြင့် ဖြတ်လျှောက်လာခဲ့ပြီး အသင့်ထုတ်ထားသည့်ကားပေါ်သို့တက်သည်။

မြင်သမျှသောဝန်ထမ်းအားလုံးက စူးစမ်းသည့်အကြည့်များ၊ သူတို့ ကိုယ်စားလှယ်ကြီးက သူ့ယောက်ျားအပေါ် အဖြစ်သဲလှချည့်ဟူသော အပြုံးများကို ပကတိမြင်နေရသဖြင့် ပွေ့ချီခံထားရခြင်းက လူကို ရေနွေးဖြင့်ပက်ဖြန်းခံနေရသကဲ့သို့ပင်။ တစ်ကိုယ်လုံး ရှက်စိတ်ဖြင့် ပူနွေးလာရသည်။

သမာဓိရင်ခွင်ကမူ ထိုသို့မဟုတ် မျက်ခုံးနှစ်ခုကို ထိဆက်လုမတတ် တွန့်ချိုးထားကာ ကား‌ပေါ်တွင်လည်း ထိုဒဏ်ရာရနေသည့်ခြေထောက်ကို သူ့ပေါင်ပေါ်ဆွဲတင်ထား၏။ ပကတိလည်း ကားမောင်းသူကိုကြည့်ကာ မနေတတ်ဖြစ်နေမိသည်။ ရုန်းဖယ်ရန်ပြင်သော ထိုခြေထောက်ကို သူ့လက်ဖြင့်အသာထိန်းကိုင်ထားကာ နားနားကပ်ပြောသည်။

REVENGE EYES ( U & Z)Where stories live. Discover now