21

231 8 3
                                    

Unicode

အလုပ်ခန်းဟုဆိုသော်လည်း ဇိမ်ခံအနားယူခန်းကဲ့သို့ ပြည့်စုံလွန်းနေသည်။ နေ့ခင်းနှင့်မခြား ဖွေးဖွေးလှုပ်နေသည့် မီးရောင်အောက်တွင် အလုပ်စားပွဲကျယ်ကြီးက အခန်းအလယ်မကျတကျတွင် ရှိ၏။ စားပွဲပေါ်တွင် မည်သည့်စာရွက်စာတမ်းမှမတွေ့ရဘဲ လင်းကျင်းနေသည်။ အလှပန်းအိုးတစ်အိုးကိုသာ တွေ့ရ၏။

တင့်တယ်သည့် ဆိုဖာအနက်ရောင်များပေါ်တွင် အဖြူရောင်ပန်းထိုး ဆိုဖာအခင်းများခင်းထားရာ ဆန့်ကျင်ဘက်တို့၏ ဆွဲဆောင်မှုဖြင့် တောက်ပနေကြ၏။ မှန်စားပွဲပုလေးက ကြည်လင်နေကာ ဖုန်တစ်စက်မှမတွေ့ရဘဲ သန့်ရှင်းနေသည်။ သမာဓိစံအိမ်ကြီး၏ ထည်ဝါမှုကို ရည်ညွှန်းပြပါဆိုလျှင် ဖုန်တစ်စက်မှ မတင်စေဘဲ သန့်ရှင်းထားနိုင်သည့် သန့်ရှင်းမှုပင်ဖြစ်လိမ့်မည်။ အိမ်တော်ကြီး၏ မည်သည့်နေရာတွင်မဆို သန့်ရှင်းနေကာ ငေးကြည့်မိသည်အထိ အရာရာက လင်းလက်တောက်ပနေ၏။

သမာဓိရင်ခွင်က လွန်းနေကို သေချာမှာပြီး တံခါးပိတ်၏။ သမာဓိစံအိမ်တွင် သူ့အိပ်ခန်းနှင့် အလုပ်ခန်းတို့ကို လုံခြုံစေရန် ဂရုစိုက်ထား၏။ စံအိမ်တစ်ခုလုံးတွင် ဦးလေးငယ်၏ အလုပ်သမားများဖြင့် ပြည့်နေကာ သမာဓိရင်ခွင်ကို စောင့်ကြည့်နေတတ်သည်။

ဘိုးဘိုး၏ သစ္စာတော်ခံ အလုပ်သမားများလည်းရှိသော်လည်း ဦးလေးငယ်၏ အလုပ်သမားများကို သူ ပို၍မပတ်သက်ချင်ပါ။ သူ့ဘဝကို စောင့်ကြည့်နေပြီး အလဲထိုးရန် ကြိုးစားနေကြသည်ဟု ခံစားရစေသည်။

ခုရက်ပိုင်းတွင် ပိုဆိုးလာ၏။ သမာဓိရင်ခွင်၏ လက်ထပ်ပွဲကို ဘိုးဘိုးသဘောတူခဲ့ရခြင်း၏ နောက်ကွယ်တွင် မည်သို့သော အပေးအယူမျိုးရှိလာနိုင်မည်ကို ဦးလေးငယ် သေချာပေါက် စိတ်ဝင်စားနေလိမ့်မည်။ ထိုစိတ်ဝင်စားခြင်းများတွင် သူ့လက်ထပ်ပွဲကို အတုအယောင်အဖြစ် ဖော်ထုတ်ရန်ကြိုးစားခြင်းလည်း ပါ၏။

လက်ထပ်ပြီး တစ်ပတ်ကြာလျှင် ရှယ်ယာရှင်များ အစည်းအဝေးရှိ၏။ ထိုအစည်းအဝေးက ပုံမှန်ထက်ပို၍ထူးခြားသည်။ သမာဓိလုပ်ငန်းစုကြီး၏ ဆက်ခံသူကို ရှယ်ယာရှင်များထံ မိတ်ဆက်ပေးထားမည့် အစည်းအဝေးလည်းဖြစ်သည်။

REVENGE EYES ( U & Z)Where stories live. Discover now