30

219 8 0
                                    

Unicode

" ဖေဖေ "

ခေါ်သံကြောင့် လှည့်ကြည့်လိုက်သောအခါ သူ့ကို စကားပြောလိုဟန်ဖြင့် ကြည့်နေသည့် သမာဓိရင်ခွင်ကို တွေ့လိုက်ရသည်။ ဦးနွေဘုန်းသစ်လည်း ယခင်နေ့က ပကတိပြင်ညီ ဖုန်းဆက်ထားသည့်ကိစ္စကို သတိရကာ မျက်နှာပျက်သွားမိ၏။ သို့သော် မိတ်ဆွေများနှင့် လမ်းခွဲကာ သားဖြစ်သူထံ လျှောက်လာခဲ့၏။

သားဖြစ်သူ အပြစ်တင်လျှင်လည်း ခံယူလိုက်ရုံသာ။ သူ့ဘက်ကလည်း မိခင်နှင့်ပတ်သက်ပြီး အဖြစ်မှန်တစ်ချို့ကို ဖုံးကွယ်ထားခဲ့သည်မှာ အမှန်ဖြစ်သဖြင့် မည်သို့မျှ အကြောင်းပြရန် မရှိပါပေ။

" သား ဖေဖေ့ဆီလာတာ တစ်ခုခုပြောချင်လို့လား "

ဦးနွေဘုန်းသစ်က သမာဓိရင်ခွင်နှင့်အတူ လျှောက်လာရင်း မေး၏။ သမာဓိက အကြည့်တို့ကို အောက်သို့စိုက်ထားရင်း ခေါင်းငြိမ့်သည်။

" ဆိုပါတော့ ကျွန်တော်လာမယ်ဆိုတာ ဖေဖေလည်း သိပြီးသားပဲမလား "

" အင်း ..... "

ဦးနွေဘုန်းသစ်က သက်ပြင်းချသံတစ်ဝက်ဖြင့် ခေါင်းငြိမ့်သည်။ သားမက်လေး၏ ထူးဆန်းသည့် အမြင်အာရုံတစ်ချို့ကြောင့် သူ့လျှို့ဝှက်ချက်များ ပေါ်ပေါက်သွားခဲ့ရသည်။

ဖြစ်သမျှကို နောင်တတို့ဖြင့် တိတ်တဆိတ်သာ အဆုံးသတ်လိုသော်လည်း ထိုသို့ပြုလုပ်၍ မ‌ရတော့ပြီ။ သားဖြစ်သူနှင့်အတူ လျှောက်လာခဲ့ရင်း တိတ်ဆိတ်နေမိ၏။ သမာဓိက ဦးနွေဘုန်းသစ်ထံ လှည့်ကြည့်ကာ

" အပြင်ကို လိုက်ခဲ့ပေးပါဖေဖေ "

ဦးနွေဘုန်းသစ်က ခေါင်းငြိမ့်ပြလိုက်ပြီး အတူတူထွက်လာခဲ့ကြသည်။ ကားပေါ်တွင် လွန်းနေပါမလာပေ။ သမာဓိက ကားကိုကိုယ်တိုင်မောင်းလာခဲ့၏။

ကားပေါ်သို့မရောက်မီ ဦးနွေဘုန်းသစ်က ကော်ဖီနှစ်ခွက်ဝယ်သည်။ သမာဓ်ိကိုလည်း တစ်ခွက်ပေး၏။ သို့သော် သမာဓိက ထိုကော်ဖီခွက်ကို တစ်ချက်သာကြည့်ကာ ဘေးသို့ဖယ်ထားလိုက်၏။ သူ ပကတိဖျော်ပေးသည့် ကော်ဖီကိုသာ သောက်ပြီး အခြားကော်ဖီများကို မသောက်ဖြစ်တော့ပေ။ ပကတိကလည်း သူ့အလုပ်သို့ ကော်ဖီနှပ်၍ ပို့ပေးတတ်သည်မှာ ပုံမှန်ဖြစ်လာသည်။

REVENGE EYES ( U & Z)Where stories live. Discover now