Unicode
သတိရလာပြီး ပထမဆုံး သတိထားမိသည်က အလင်းရောင်နည်းသည့် အခန်းတစ်ခု၏ အငွေ့အသက်ပင်။ တင်းကြပ်နေသည့် လက်ကောက်ဝတ်တို့၏ နာကျင်မှုကြောင့် သူ့ခန္ဓာကိုယ်သည် ချည်နှောင်ခံထားရသည်ဟု သိလိုက်ပြီး ရုန်းကန်ရန် ကြိုးစားမိသည်။
သို့သော် တင်းကြပ်လာသည့် လက်များနှင့် ခြေကျင်းဝတ်များကြောင့် သူ ငြိမ်နေလိုက်ရပြန်သည်။ မျက်လုံးများကို ဖွင့်ချည်ပိတ်ချည်ပြုကာ မြင်ကွင်းတစ်ခုလုံး ထင်ရှားလာစေရန် ကြိုးစားရ၏။
အလင်းရောင်ပျပျသာရှိသော အခန်းက အအေးဓာတ်အချို့လည်း စိမ့်ဝင်နေကာ အနံ့အသက်ကလည်း အောက်သိုးသိုးနှင့်သာ။ ဟိုသည်ကြည့်မိလျှင် လေဝင်ပေါက်တစ်ခုသာရှိသော ထိုနေရာက မြေအောက်ခန်းတစ်ခုဟု ထင်ရသည်။
ပကတိပြင်ညီသည် သူ သတိမမေ့ခင်က ကိစ္စများကို ပြန်တွေးလိုက်၏။ ညပိုင်းတွင် ဘုံဖျား သူ့ဆီရောက်လာသည်။ သူလိုအပ်မည်ထင်သည့်ပစ္စည်းများလာပို့ရင်း သူအဆင်ပြေမပြေ လာကြည့်ခြင်းဖြစ်သည်။
ပကတိကလည်း အိပ်ရာမှနိုးလျှင် ရေမိုးချိုးကာ ခဏထိုင်နေပြီး ဘုံဖျားထံဖုန်းခေါ်ရန် ပြင်နေချိန်ဖြစ်၏။ ဘုံဖျားက တစ်နေ့လုံး သူ့ထံသို့ ဖုန်းများအကြိမ်ကြိမ်ဆက်ထားခဲ့သော်လည်း သူ မကိုင်ဖြစ်ခဲ့ပါ။ တိုက်ခန်းသန့်ရှင်းရေးလုပ်နေသည်ကတစ်ကြောင်း၊ အိပ်ပျော်သွားသည်ကတစ်ကြောင်း၊ အိပ်ရာမှနိုးသောအခါတွင်လည်း ရေချိုးခန်းဝင်နေသဖြင့် ဖုန်းမကိုင်ဖြစ်သေး။
ယခုမှပင် ဖျားနှင့်အေးအေးဆေးဆေးစကားပြောရမည်ဟု တွေးကာ ဖုန်းကိုကိုင်ဖြစ်သည်။ ဖျားက သူ့ထံတွင်လာနေရန် ခေါ်သော်လည်း သူငြင်းရမည်သာ။ ဖျားက သူ့ကိုယ်စား တာဝန်ယူဂရုစိုက်ပေးနေရသူလည်း ရှိသေးသဖြင့် သူ ဖျားကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုတော့ပေ။
သို့သော် ဖုန်းမခေါ်လိုက်ရမီပင် ဘုံဖျားရောက်လာ၏။ ဘုံဖျားက တိုက်ခန်းထဲမှ သူနေရာချထားသည်ကို လိုက်ကြည့်ကာ လိုအပ်သည့်အရာများကို သူဝယ်ထည့်ပေးမည်ဟု ဆိုနေသေးသည်။ သူလက်မခံခဲ့ပါ။ သူ့ကို ဂရုတစိုက်ရှိလွန်းလှသည့် သူငယ်ချင်းကိုပင် ကျေးဇူးတင်လှပြီဖြစ်သည်။
YOU ARE READING
REVENGE EYES ( U & Z)
Actionသမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား သမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား Start - 13.2.23 End -