13

238 9 0
                                    

Unicode

ကိုက်ခဲနေသောခေါင်းကြောင့် အိပ်ရာမှ နိုးထလာရခြင်းက ခက်ခဲစွာပင်။ မျက်လုံးများ ဖန်စပ်နေခြင်းကြောင့် သူနေမကောင်းသေးသည်ကို သတိရမိသည်။ တဒိန်းဒိန်ထိုးကိုက်နေသောခေါင်းကြောင့် သူ့တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်မတွေးနိုင်သေးပါ။ ခေါင်းကို အသာဖိကိုင်ရင်း ကြည်လင်လာလိမ့်နိုးနိုးဖြင့် ဘယ်ညာခါရမ်းမိ၏။

" အင်း... ကိုက်ခဲနေတာပဲ "

တိုးတိုးညည်းညူလိုက်ချိန် ခပ်အက်အက်ထွက်လာသည့် သူ့အသံကြောင့် နေမကောင်းဖြစ်နေသည့် အခြေအနေကို သိလိုက်၏။ မျက်လုံးများကို ဖွင့်ချည်ပိတ်ချည်ပြုရင်း သူရောက်နေရာ အခန်းကို မြင်နိုင်ရန်ကြိုးစားရသည်။ အဖြူရောင်နံရံများက သူ့မြင်ကွင်းသို့ ပထမဆုံးဝင်ရောက်လာ၏။
ထိုမှတစ်ဆင့် အခန်းကိုဝေ့ဝဲကြည့်လိုက်သောအခါ နံရံကပ်ဘီရိုတစ်ခုကို မြင်လိုက်ရလေသည်။ လှပသော ကနုတ်ပန်းခက်များဖြင့် အလှဆင်ထားသည့် ဘီရိုတံခါးများက သူ့ကို မျက်လုံးပြူးစေသည်။

သူအိပ်စက်နေရာသည် ဆိုင်တွင်မဟုတ်ဟု သိလိုက်သည်။ သိလိုက်သည်နှင့်တစ်ပြိုင်နက် ထထိုင်လိုက်မိလေသည်။ ကိုယ်ပေါ်တွင် လွှမ်းခြုံထားသည့်စောင်က ကွာကျသွား၏။

" ဟင် ! "

သူ့ကိုယ်တွင် လဲလှယ်ထားသည့် အဝတ်အစားများကြောင့် စောင်ကို ပြန်ဆွဲယူကာ ဖုံးကွယ်လိုက်သည်။ ထို့အတူ သူ မည်သည့်နေရာသို့ ရောက်နေသည်ကို အတတ်နိုင်ဆုံး တွေးရ၏။ ထိုအခါမှ မနေ့ညက အဖြစ်အပျက်များက သူ့ခေါင်းထဲတွင် စီတန်း၍ ပေါ်လာတော့သည်။

ဦးမြတ်မင်းကျော်နှင့် သူခိုးအဖြစ် စွပ်စွဲခံထားရသောသူ။ ဆိုင်မှမန်နေဂျာအစ်ကိုကြီးကလည်း ထောင့်စေ့လှသည့် အကွက်ဆင်မှုကြောင့် သူ့ကို မကူညီနိုင်ဘဲ ကျန်ခဲ့ရသည်။ ကြွေသားသည် သူ့ကိုယ်ပေါ်တွင် လဲလှယ်ထားပြီဖြစ်သောအဝတ်အစားများကိုကြည့်ကာ မျက်နှာအပျက်ကြီးပျက်လာလေသည်။ သူ ဦးမြတ်မင်းကျော်ထံတွင် ချုပ်ကိုင်ခံထားရပြီဖြစ်ကြောင်း နားလည်လိုက်၏။ သူ့ဘဝသည် ဦးမြတ်မင်းကျော်၏ လက်ထဲတွင် သွန်လိုသွန် မှောက်လိုမှောက် ခြယ်လှယ်ခံရတော့မည်ကို သိလိုက်သည်။

REVENGE EYES ( U & Z)Where stories live. Discover now