3 ( U & Z )

381 14 0
                                    

Unicode

ပကတိသည် လောကကြီးကို ပြန်မြင်ခွင့်ရသည့်အတွက် သူ့ကံကြမ္မာကို ကျေးဇူးတင်မိပါသည်။ သေဆုံးသွားသူအတွက်ရော ကျန်ရစ်သူ မိသားစုအတွက်ပါ စိတ်မကောင်းဖြစ်မိသောကြောင့် ထိုလူငယ်လေးကို ကတိပေးထားသကဲ့သို့ မိဘမဲ့ကလေးများဂေဟာသို့ အလှူငွေဆယ်သိန်း ထည့်ဝင်လှူဒါန်းခဲ့သည်။ ထို့နောက် လစဉ်တိုင်း အလှူငွေထည့်ဝင်မည့်အကြောင်းကိုလည်း ကတိပြုမှတ်တမ်းထားခဲ့လေသည်။

သူသည် ထိုမျက်လုံးများကို တန်ဖိုးထားဂရုစိုက်သင့်ကြောင်း ပို၍ပင် နားလည်လာခဲ့၏။ ' မျက်စိအဆုံး နားအတုံး ' ဟူသော စကားပုံ၏ အဓိပ္ပာယ်ကိုလည်း ကိုယ်တွေ့ကြုံလိုက်ရသဖြင့် ပိုမိုသဘောပေါက်လာခဲ့သည်။ သူသည်ပင် ဘဝဆုံးပြီဟု မှတ်ယူကာ သူရင်မဆိုင်ချင်သည့် သူ့ကိုငြိုငြင်နေသည့် မိသားစုကို ရှောင်ဖယ်၍ နေနေခဲ့သည် မဟုတ်ပါလား။ လူတစ်ယောက်နှင့် တွေ့ဆုံရတိုင်း တစ်ဖက်လူ၏အမြင်တွင် သူသည် သနားစရာကောင်းသော လူတစ်ယောက်ဖြစ်နေမည်ကို အလွန်ပင် စိုးရိမ်သည်။ တစ်ဖက်လူ၏ မျက်လုံးများကို အကဲခတ်ခွင့်မရဘဲ နေထိုင်ခဲ့ရသည့် လများစွာသည် အမြင်အာရုံ၏ မရှိမဖြစ်အရေးပါမှုကို သူ့အား မီးမောင်းထိုးပြသွားခဲ့သည်။ ယောက်ျားတစ်ယောက်ပင် ဖြစ်လင့်ကစား အားငယ်စိတ်များ ဝင်လာတတ်ခဲ့၏။ ပြန်တွေးတိုင်း နာကျင်ရသည့် လများပင်။

ယခုကဲ့သို့ ကျန်းမာရေးပြန်ကောင်း၍ အိမ်ပြန်လာခဲ့သော်လည်း မိသားစုနှင့် ကောင်းကောင်း မျက်နှာချင်းမဆိုင်ဖြစ်သေးပါ။ သူတစ်ယောက်တည်းသာတံခါးပိတ် နေနေခဲ့၏။ နဂိုက ဆက်ဆံရေးမပြေပြစ်ခဲ့သော မိသားစုနှင့် သူ့ကြားအခြေအနေက ယခုအခါ ပို၍ပင် ဝေးကွာသွားခဲ့သည်။ မေမေက သူ့ကျန်းမာရေးကို လာကြည့်မေးမြန်းခဲ့ပြီး သူကလည်း ကျန်းမာကြောင်းသာ ပြန်ဖြေခဲ့သည်။

ထွေရာလေးပါး စကားပြောဖြစ်ကြရင်း သူတို့သားအမိ အချိန်အတော်ကြာ စကားလက်ဆုံ ကျဖြစ်ခဲ့ကြ၏။ မေမေက သူနှင့် တတ်နိုင်သမျှ နွေးထွေးဖို့ ကြိုးစားနေခဲ့သော်လည်း သူ့ဘက်က ပြန်လည်နွေးထွေးရန် ခက်ခဲနေဆဲဖြစ်၏။ လျစ်လျူရှုခံခဲ့ရသောအတိတ်က သူရင်ကို အချိန်နှင့်အမျှ သတိရစေပြီး နာကျင်ရသည်။

REVENGE EYES ( U & Z)Where stories live. Discover now