အပိုင်း(၁၀၃.၃)
ဝိညာဉ်လက်နက်ခြောက်ခုကိုစုဆောင်းပြီးသွားတာနဲ့ သူ့မကောင်းမှုဝိညာဉ်ကို သန့်စင်ရမယ့်အကြောင်းကို ဆရာမော်ကစိတ်ပူနှင့်နေပြီဆိုတာကိုမြင်တော့၊ လော့မင်က မေးကြည့်လာလိုက်လေတယ်၊ “ဆရာမော်၊ ခြောက်ခုမြောက်နဲ့ ငါးခုမြောက်ကဘယ်မှာတဲ့လဲ?”
ဒီတော့မှသာ ဆရာမော်က ချန်းယုနဲ့လော့မင်ကို ဝိညာဉ်လက်နက်နှစ်ခုဘယ်မှာရှိလဲဆိုတဲ့အကြောင်း မပြောပြရသေးဘူးဆိုတာကို သတိရသွားလေတယ်။ လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးနောက် အပြုံးနဲ့ပြောပြလာလေတယ်၊ “ငါးခုမြောက်ဝိညာဉ်လက်နက်နေရာကိုတော့ စိစစ်ပြီးသွားပြီ။ အဲ့တာက ချင်းမန့်တောင်မှာ။”
“ချင်းမန့်တောင်?” လော့မင်က ထပ်မေးလာလိုက်လေတယ်၊ “ခြောက်ခုမြောက်ဝိညာဉ်လက်နက်ကကော? အဲဒီအမှောင်ဆုံးနဲ့အလင်းဆုံးနေရာဆိုတာလေ။”
“ခြောက်ခုမြောက်ဝိညာဉ်လက်နက်ကို ဘယ်မှာထားလဲဆိုတာကိုတော့ ငါတို့လည်းမသိသေးဘူး၊ ဒါပေမဲ့ အဲ့တာကိုရှာရမယ့်နည်းတော့သိသွားပြီ။” ဆရာမော်က ပြောပြလာလေတယ်၊ “ဒီလက်တလောကာလမှာ၊ ငါတို့ရှာတွေ့လို့တူးဖော်ထားတဲ့ ဝိညာဉ်လက်နက်နေရာတွေကို မြေပုံပေါ်မှတ်ထားပြီးပြီ။”
ဆရာမော်က သူ့တာအိုဝတ်စုံထဲကမြေပုံကိုထုတ်ပြလာပြီး၊ ဖြစ်ကြောင်းကုန်စင်ပြောပြလာလေတယ်၊ “ကြည့်၊ ပထမမြောက်ဝိညာဉ်လက်နက်၊ ကြေးဓားကို၊ လင်းနန်မှာရှာတွေ့ခဲ့တာ၊ အဲဒီနေရာကဒီမှာ။ ဒုတိယတစ်ခု၊ အရိုးပုလွေကို၊ ဒီနေရာမှာ လွန်ခဲ့တဲ့ဆယ်နှစ်ကရှာတွေ့ခဲ့တာ။ တတိယတစ်ခုကတော့ ဝူဖန်ကန်မှာ၊ အဲ့တာကဒီနေရာပေါ့။ လေးခုမြောက်ကိုတော့ ချီလျန်တောင်တန်းမှာ၊ အဲ့တာက ဒီဘက်မှာ....”
“ငါးထောင့်ကြယ်စုစည်းရာအစီရင်၊” ဆရာမော်မှတ်သားထားတဲ့ အမှတ်လေးမှတ်ကိုကြည့်ပြီး၊ ငါးထောင့်ကြာ်စုစည်းရာအစီရင်က သူ့စိတ်ထဲ ရုတ်တရက် ထွက်ပေါ်လာလေတော့တယ်။
“အမှန်ပဲ!” ဆရာမော်က စိတ်လှုပ်တရှားခေါင်းမော့လာလေတော့တယ်။
“ဒါကသာ ငါးထောင့်ကြယ်စုစည်းရာအစီရင်ဖြစ်မယ်ဆိုရင်၊ ဝိညာဉ်လက်နက်ငါးခုကိုရှာတွေ့သရွေ့၊ ခြောက်ခုမြောက်တစ်ခုကလည်း တုံ့ပြန်လာမှာ။” ချန်းယုလည်း နားလည်သွားလေပြီ။