ဧကရာဇ်ပိုင်သောပန်း Part 1

3.9K 100 0
                                    


ဇမ္ဗူဒီပပြည်(ဗဟိုပြည်မ)

*************************************

ဩဇာခညောင်းလှသော ဂီဠိရနမင်းလက်ထက်တွင် ဖြစ်သည်။

တစ်နည်းအားဖြင့် ငါးပြည်ထောင်ပြည့်ရှင်ဟု ခေါ်ဝေါ်ကြသည်။

အိမ်နီးချင်းတိုင်းပြည်ငယ်များနဲ့ ငါးပြည်ထောင် တိုင်းသူပြည်သားများက ကြောက်ရွံ့မုန်းတီးမှုဖြင့် သွေးဆာဘီလူးဟူ၍လဲ နောက်ကွယ်နေရာတွင် မရဲမဝံ့ မပီမပြင် ခေါ်ကြသည်။

ဂီဠိရနမင်း ဖြတ်သွားသော ဘယ်လမ်းကြောင်းမဆို သွေးမစီးသော လမ်းကြောင်းဟူ၍ အရှင့် သမိုင်းတွင် မရှိဖူးသေးပေ။

အာဏာဆာလောင်မှုဖြင့် နယ်ချဲ့ကာ တိုင်းပြည်များစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဇမ္ဗူဒီပပြည်အား ဝန်းရံခြံရံတဲ့ အရပ်ငါးမျက်နှာမ တိုင်းပြည်အသီးသီးကို ဘုရင်ခံဖြင့် အုပ်ချုပ်စေသည်။

ကိုယ့်ဒေသ ကိုယ့်နယ်မြေကို ဆက်လက်အုပ်ချုပ်ခွင့်ရသော စစ်ရှုံးဘုရင်များကို ကြည့်ပီး ဂီဠိရနမင်းဟာ အင်မတန်မှ သဘောထားပြည့်ဝတယ်လို့ မြင်ရင် မှားပေလိမ့်မည်။

အရှေ့တိုင်း၊ အရှေ့တောင်တိုင်း၊ တောင်တိုင်း၊ အနောက်တိုင်း၊ မြောက်တိုင်းဟူသော အရပ်မျက်နှာအသီးသီးက တိုင်းပြည်တို့ဟာ တစ်နည်းအားဖြင့် ဇမ္ဗူဒီပပြည်ရဲ့ သစ္စာတော်ခံ ကျွန်နိုင်ငံများလို့ ခေါ်ရင် ပိုမှန်ပေမည်။

စစ်ရှုံးဘုရင်များ၏ လက်အောက်ခံစစ်တပ်အင်အားများကို ဇမ္ဗူဒီပပြည်အား အပီးအပိုင် အာဏာလွှဲပေးလိုက်ရခြင်း၊ စစ်ရှုံးတိုင်းပြည်များမှ နှစ်စဥ်ထွက်ကုန်များနှင့် သယံဇာတတစ်ဝက်ကို ဇမ္ဗူဒီပပြည်မ,အား ဆက်သရခြင်း၊ သမီးတော်များ ဆက်သရခြင်း၊ နှစ်စဥ်နှစ်တိုင်း အခြွေရံတိုင်းသူပြည်သားထဲမှ ဗဟိုပြည်မ(ဇမ္ဗူဒီပပြည်)သို့ စစ်မှုထမ်းရန် လူအင်အား ဆက်သရခြင်း စသော ခေါင်းပုံဖြတ်မှုကို ခံရသည်။

စစ်တပ်အင်းအားကြီး တစ်ခုလုံးက ဇမ္ဗူဒီပဘုရင်ကြီး၏ လက်ထဲတွင် ဆုတ်ကိုင်ထားပြီး ဂီဠိရနမင်းကသာ အာဏာအရှိဆုံးဖြစ်သည်။

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now