မြင်းစီးသူရဲကောင်း
******************************
အရှင်ဖိတ်ခေါ်မှုဖြင့် တောစပ်နား အစိမ်းရောင် ကတ္တီပါခင်းထားသလို လွှင်ပြင်ကျယ်ကြီးထက် ညနေစောင်း ရွှေအိုရောင် နေရောင်ခြည်ဖြာ ကုမုဒြာသည် အနက်ရောင် ဂုသရမြင်းကြီးကျောပြင်ထက် ဘေးတစ်စောင်းထိုင်ကာ တောင်ကမုတ်ထက်မှ တန့်ရပ်နေသည်။
မျက်စိတစ်ဆုံး ကျယ်ပြန့်သော လွင်ပြင်ကြီးသည် မိုးကုတ်စက်ဝိုင်းနှင့်ဆုံကာ နစ်ကွယ်တော့မည့် နေလုံးကြီးသည် နီမှိန်မှိန်ဖြင့် မျက်လုံးမကျိန်းစေတော့ပါ။
ကုမုဒြာနောက်ကျောတွင် မြင်းဇက်ကြိုးအား ထိန်းချုပ်ပေးနေသူက သုတခိံဏဩဇာတက္ကမမင်း ဖြစ်ပေသည်။
ဘုရင်းစီးတော် မြင်းအား စီးခွင့်ရလိမ့်မည်လို့ ဘယ်တုန်းကမှ ကုမုဒြာ စိတ်ကူးမယဥ်ဖူးပါ။
ညနေချမ်း တဖြူးဖြူး ဖြတ်တိုက်လာသော လေညင်းသည် ဘဝ၏ နွမ်းနယ်မှုများကို လေထုနှင့်အတူ အဝေးသို့ သယ်ဆောင်သွားစေသည်။
ကုမုဒြာ လေကောင်းလေသန့်အား တဝရှိုက်ရှူပြီးနောက် ပေါ့ပါးသော အပြုံးကြည်ကြည်လေးက နှုတ်ခမ်းထက် ပေါ်လွှင်လာသည်။
အဝေးမှ လှမ်းမြင်ရသော မြင်းနှစ်ကောင်သည် ဒုန်းစိုင်းစွာဖြင့် အပြိုင်ပြန်ပြေးလာပုံမှာ ပင်လယ်ပြာထဲ ပြိုင်တူကူးခတ်နေသော လင်းပိုင်ငါးစုံတွဲနှင့် တူသည်။
"တတိယမိဖုရားက ဒီလွင်ပြင်ကြီးမှာ မြင်းလာစီးလေ့ရှိတယ်တဲ့လား?"
ရင်ဖိုစွာ လှမ်းမျှော်နေသော ကုမုဒြာက အနောက်မှ အရှင်အား လှမ်းမေးသည်။
"မှန်တယ်၊ တတိယမိဖုရားက နန်းတော်ထဲ အိပ်အိပ်စားစား နေရသည်က ပျင်းရိဖွယ်ကောင်းတယ်ဆိုလို့ ကိုယ်တော့်ဆီ မြင်းစီးခွင့် တောင်းပန်လာတယ်လေ၊ ကိုယ်တော့် မိဖုရားဆိုတော့ အလေးထား ဂရုစိုက်မှု ပေးရမည်လေ...ဒါကြောင့်လဲ လက်ယာရံ ကိုယ်ရံတော်ကို မိဖုရားကို မြင်းစီးတဲ့အချိန် ထိန်းကွပ်ပေးဖို့ လွှတ်ပေးရတယ်လေ"
"အရှင့်ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်သင့်တဲ့အမှုကို ဘယ့်နှယ် ကိုယ်ရံတော်ဒွါရံအပေါ် ဖိချရသလဲ? အထက်စီးမိုးလွန်းတယ်"
YOU ARE READING
ဧကရာဇ်ပိုင်သောပန်း
Romance-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...