ဧကရာဇ်ပိုင်သောပန်း Part 16

1K 21 1
                                    


ဂီဠိရနမင်း၏ ကံဇာတာပြောင်းပြန်လှန်သူ

***********************************

မနက်ခင်း အရုံဦးသည် မှောင်ပျပျနှင့် မိုးကုပ်စက်ဝိုင်းအောက်ကနေ မေးမတင်သေးသော နေမင်းကြီးကြောင့် အလင်းရောင် အားနည်းနေသည်။

အရှေ့ဥယျာဥ်တော်အလယ်ခေါင် တည့်တည့်တွင် တည်ထားသော ထုံးဖြူစေတီတော်အား လွန်လေပြီသော မိဖုရား စူဠဒေဝီအား ရည်စူး၍ ရေစက်ချမည့် ရက်ကောင်းရက်မြတ်ဖြစ်ပေသည်။

မိုးမလင်းခင် ကတည်းက ပန်းအိုးများ ဆီမီးများ ဆွမ်းတော်များနှင့် လိုမယ်ရာ ဝတ္ထုအပေါင်းတို့ကို အပျိုတော်နှင့် မှူးမတ် မင်းမှုထမ်းများက ကြိုတင်ပြင်ဆင်နေကြသည်။

ဂန္ဓမာပန်းများ ဝေနေအောင် ပူဇော်ထားသော ထုံးဖြူစေတီသည် ဂန္ဓမာနန်းမြိုင်သခင်မအဖို့ တည်ထားလေသော စေတီမို့ပင်။

ဆင်စွယ်ရောင်ဝတ်ရုံ‌တော်အား ဆင်မြန်းပီး အညိုနက်ရောင် တောင်ရှည်ပိုဆိုးအား ဝတ်ဆင်ထားလေသော ခိံဏဂီဠိသည် နို့ထိန်းတော်နွယ်သူဇာက ခိံဏ၏ ဆံနွယ်များကို ဖြီးသိမ်းထုံးဆင်ပေးသည်။

မျက်ခုံးကျုံ့ကာ ငြိမ်သက်နေသော ခိံဏသည် စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။

"မင်းသား အကောင်းဆုံး လုပ်ခဲ့ပါတယ်၊ အမှန်ဆုံးမဟုတ်ခဲ့ရင်တောင်ပေါ့"

ခိံဏစိတ်အား ထိုးဖောက်မြင်နိုင်သော နို့ထိန်းတော်သည် အားပေး၍ ပြောလိုက်သည်။

"ခါတလေ......"

ခိံဏ တစ်ခုခုပြောဖို့ လုပ်ပြီးမှ စဥ်းစားနေပုံဖြင့် စကားလုံးများ ပျောက်ကွယ်သွားသည်။

"ခါတလေ..ကိုယ်တော်လဲ ဂီဠိရနမင်းနဲ့ ဘာများ ကွာသလဲလို့ အောက်မေ့မိတယ်၊ ဖခမည်းတော်ကို နန်းချပီး အာဏာလု၍ အုပ်စိုးတယ်"

ခိံဏ၏ စကားလုံးထဲတွင် မိမိကိုယ်မိမိ အပြစ်တင်နေတာ ဖြစ်သည်။

နို့ထိန်းတော်က သက်ပြင်း ဖွဖွချကာ မင်းသားလေးကို ချစ်လှစွာဖြင့် သနားမိသည်။

"ဖိနှိပ်ချုပ်ချယ်သွေးစုပ်ခံနေရတဲ့ ပြည်သူတွေကို မင်းသား ကြည့်ရက်သလား? မိဖုရား စုဠဒေဝီက ဒါတွေအားလုံးကို မနှစ်သက်၍ အလိုမကျခဲ့ဘူး၊ အဲ့သည်တော့လဲ မင်းသားအပေါ် မျှော်လင့်ခဲ့တယ်၊ တရားသောအားဖြင့်လည်းကောင်း၊ မတရားနည်းဖြင့်လည်းကောင်း မင်းသားလက်ထဲ သည်အာဏာတွေကို ချုပ်ကိုင်ထားစေခဲ့တာ၊ မတရားအဓမ္မမှုများကို တရားသော ဓမ္မများဖြင့် ပြောင်းလဲရန် အမြဲမျှော်လင့်ခဲ့တယ်၊ ဒီအာဏာဖြင့် အများလူကို ဖိနှိပ်မယ်ဆိုမှသာ မင်းသားဟာ စင်စစ် နန်းကျဘုရင်နဲ့ တူညီသွားမည်၊ ဒီအာဏာကို သုံးပြီး လူနေမှုတိုးတက်ကောင်းမူလာအောင် ပြုလုပ်မယ်ဆိုရင် မင်းသားသည် နန်းကျဘုရင်နဲ့ တူညီစရာ အကြောင်းမရှိ၊ နန်းကျဘုရင်ရဲ့ သွေးစွန်းသော တိုင်းပြည်ကို ဆေးကြောပေးနိုင်သော တစ်ဦးတည်းသောသူက မင်းသားပဲ ဖြစ်ပေမယ်လေ"

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now