"ဦးလေး....ကျနော်ဘာကူညီပေးရဦးမလဲ....."
ဆေးရွက်တွေကို တခွပ်ခွပ်ထောင်းနေရင်းမှနောက်လှည့်ကြည့်လာပြီး ရိပေါ်မေးတာကိုဘာမှပြန်မဖြေဘဲ ပြန်လှည့်သွားသည်မို့ ကြောင်တောင်တောင်လေးသာ ရပ်နေမိသည်။
စတွေ့ထဲက ဖော်ရွေမှုနည်းပါးသော မျက်နှာမှာ လှိုက်လှဲသောအပြုံးတွေမရှိပေမဲ့ နွဲ့မင်ကြွယ်ဆိူသောဦးလေးကြီးက ဖြောင့်မတ်တည်ကြည်သူမှန်းသိသာသည်။မျက်နှာထားခပ်တည်တည်၊အရပ်ရှည်ရှည်၊နှုတ်ခမ်းမွှေးစစနဲ့ အနှီလူကြီးကို ကြည့်ရသည်မှာ လောကကြီးကိုစိတ်ကုန်ပြီး တကိုယ်တည်းအထီးကျန်နေပုံပေါ်သည်။
တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ တောထဲတောင်ထဲ၌မြေစိုက်အိမ်လေးတလူံးနဲ့ တယောက်ထဲနေပြီး ဆေးဘက်ဝင်သစ်ဥသစ်ဖုများရှာဖွေရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ဒီလူကြီးကို ရိပေါ်နားမလည်ပါ။
"အားကျန့်က အိပ်နေတုန်းလား...."
သူ့အကြောင်းစဉ်းစားနေတုန်းမှာပဲ အသံထွက်လာတာမို့ ရိပေါ်လန့်သွားရပေမဲ့ ခပ်မြန်မြန်ပဲ ပြန်ဖြေလိုက်သည်။
"သူအိပ်တုန်းထင်တယ် ဦးလေး...."
ဆေးရွက်ထောင်းမပြတ်ဘဲ ရိပေါ်ကိုခေါင်းငြိမ့်ပြလာသည့် နွဲ့မင်ကြွယ်က ရှောင်းကျန့်နဲ့ဘယ်လိုတော်စပ်သည်တော့မသိ။မိဘနဲ့သားသမီးလို သေချာဂရုစိုက်ပေးတာတော့ မြင်နေရသည်။
ဒီတဲအိမ်လေးကို ခပ်ဝေးဝေးကလှမ်းမြင်ရသည်အထိ ရှောင်းကျန့်က ဇွဲမလျော့ဘဲ ကြိုးစားပြီးလာခဲ့သည်။တောစပ်နားမှာပဲ နွမ်းခွေကျသွားခဲ့ကာ
*ကျုပ်အင်္ကျီထဲက ဓားကိုယူပြီ အရှေ့ကမြင်နေရတဲ့ အိမ်ကိုသွား....အကိုကြီးရှိလိမ့်မယ်....*
*ဘာ....ငါကဓားပြပြီးအဲ့လူကို....*
*ကျွတ်...မင်းကို ကျုပ်က ဓားပြတိုက်ခိုင်းပါ့မလား....ဒီဓားမြင်ရင် သူလိုက်လာလိမ့်မယ်လို့ပြောတာ....မြန်မြန်သွား.....*
ထိုနည်းဖြင့် နွဲ့မင်ကြွယ်ဆိုသော လူကြီးကို ရိပေါ်ခေါ်ခဲ့ရသည်။လူကြီးဆိုပေမဲ့ တအားတော့ အသက်မကြီးသေးပါ။အလွန်ဆုံးရှိ လေးဆယ်ကျော်ကျော်လောက်ပေါ့။ရှောင်းကျန့်လိုသန်သန်မာမာကြီးကိုတောင် ပေါ့ပေါ့ပါးပါးတွဲခေါ်သွားနိုင်သည်။
