နံနက်အာရုဏ်ဦးနေခြည်လေးက အရှေ့ရပ်မှဖျဖျလေးအလင်းရောင်သမ်းလာသည်နှင့် ပတ်ဝန်းကျင်တခုလုံးက သက်ဝင်လှုပ်ရှားလာသည်။သစ်လွင်အေးချမ်းလှတဲ့မနက်ခင်းမှာ အိမ်ပေါ်ထပ် ဘုရားခန်းဆီမှ ဖေဖေရဲ့ ဘုရားရှိခိုးသံ မှန်မှန်လေးကြားနေရသည်။
တညလုံးနီးပါး နွေးထွေးသည့်ရင်ခွင်ကျယ်ကြီးထဲမှာ နားခိုရင်း မူးမူးမေ့မေ့အနမ်းတွေကြားမှာ နိုးတဝက်အိမ်မက်တွေနဲ့ လူံးချာလည်နေခဲ့ရပြီး ရိပေါ်အိပ်ယာနိုးလာခဲ့သည်။ ဘေးကိုလှည့်လိုက်တော့ ဦးလေးကြီးကရှိမနေ။အစောကြီးထသွားပုံရကာ ဦးလေးကြီးအိပ်သည့်နေရာမှာ အနွေးဓာတ်ကမရှိတော့ပါ။းဖေဖေလဲဘုရားရှိခိုးနေပြီမို့လို့ ရိပေါ်အိပ်ယာထကာ တကိုယ်ရေသန့်ရှင်းရေးကို စတင်လိုက်သည်။
ရိပေါ်အောက်ကို ဆင်းလာခဲ့တော့ တအိမ်လုံးတိတ်ဆိတ်နေကြပုံက အပ်ကျသံတောင်မကြားရ။ခြံထဲများရောက်နေသလားဆိူသည့်အတွေးဖြင့် အိမ်တံခါးမကြီးကို ရိပေါ်ဆွဲဖွင့်လိုက်တော့
"အယ်.....လှလိုက်တာ....."
တံခါးအစကနေ ဆင်ဝင်အောက်ထိ နီဆွေးနေသော နှင်းဆီပွင့်ဖတ်တွေကို လမ်းသဖွယ်ခင်းကျင်းထားသည်မို့ ရိပေါ်အံ့ဩသွားရသည်။
နူးညံ့သည့်ပွင့်လွှာလေးတွေကို မနင်းရက်တာကြောင့် ဖိနပ်လေးကို ချွတ်ထားခဲ့ကာ နှင်းဆီပွင့်ဖတ်တွေဖြင့်ခင်းထားသည့်လမ်းလေးအတိုင်း ခပ်ဖွဖွလေးနင်းလျှောက်လာရင်း ရင်ထဲမှာလဲ ကြည်နူးရင်ခုန်မှုတွေက တရိပ်ရိပ်တိုးလာရသည်က ရိပေါ်ပင်။
ဦးလေးကြီးရဲ့လုပ်ဆောင်ချက်တွေမှန်းသိနေတာတောင် ခြေဖဝါးနုနုနဲ့ထိတွေ့နေရသော နူးညံ့သောပွင့်ဖတ်တွေဆီမှတဆင့် နွေးထွေးလှိုက်မောလာရသည်။
ခြံနောက်ဖေးက ပန်းရုံကြီးနားအရောက်ထိ ပန်းခင်းလမ်းလေးက ခေါ်ဆောင်သွားသည်။သူတို့ပထမဆူံးစတင်တွေ့ဆုံခဲ့သည့်နေရာလေး....ထို့အပြင် လက်ထဲမှာ ရဲရဲနီသောနှင်းဆီပန်းစည်းကြီးကိုကိုင်ထားသည့် လူတယောက်ကိုကြည့်ရင်း ရိပေါ်ရင်ခုန်နှုန်းတွေမြန်ဆန်လာရသည်။
