ရှောင်းကျန့်ခြံထဲကို လိုက်လာခဲ့တော့ အိမ်ရှေ့က ပန်းရုံလေးနဲ့ပနံသင့်နေသော အလှစီးဒန်းလေးဘေးမှာ မတ်တပ်လေးရပ်နေသော ရိပေါ်ကိုတွေ့လိုက်ရသည်။
ညလေအေးအေးမှာ သင်းပျံ့သောပန်းရနံ့ခပ်သင်းသင်း.....လင်းဖြာနေသော ရွှန်းမြမြလရောင်နဲ့အတူ ခြံထဲက နီယွန်မီးတွေရဲ့အလင်းရောင် တချို့တဝက်က ရိပေါ်ရဲ့ကိုယ်ပေါ်သို့ ဖြာကျနေ၏။ကျောက်ဆစ်ရုပ်လေးတရုပ်လို တောင့်တောင့်မတ်မတ်လေးရပ်နေသော ကျောပြင်ငယ်လေးက ထွေးပွေ့ချင်စဖွယ်။ရှောင်းကျန့်မှာ တမေ့တမောနဲ့ မြတ်နိုးစွာ အနောက်ကငေးကြည့်နေမိသည်။
"ကိုယ်ရောက်ပြီ...."
သူ့ဘေးရောက်လာသည့် ရှောင်းကျန့်ကို တချက်လေးတောင်လှည့်မကြည့်ဘဲ လက်ပိုက်ရက်သားလေးကနေ ဒန်းဘက်ကို မျက်စပစ်လို့
"ထိုင်ပါဦး....."
ထိုသို့ဆိုတော့လဲ ချစ်သူအလိုကျ ရှောင်းကျန့်ကခေါင်းညိတ်ပြပြီး ဝင်ထိုင်လိုက်ရင်း
"ဘာအရေးကြီးကိစ္စမို့လဲ baby...ပြောလေ...."
"အရေးကြီးကိစ္စမရှိရင် ခင်ဗျားနဲ့စကားပြောလို့မရဘူးလား....."
မျက်မှောင်ကျုံ့လေးနဲ့ ဆတ်ခနဲလှည့်ကြည့်လာသလို အသံလေးကအစ ခပ်စွာစွာ။ဖြူနုဝင်းမွတ်နေသည့်မျက်နှာလေးက အခြယ်အသကင်းကင်းနဲ့ ရှင်းသန့်နေသလို တိုစိတ်စိတ်မျက်တောင်လေးတွေကို မျက်နှာအောက်ကနေမြင်နေရတာက ပိုလှနေသလိုပင်။
ဆူထော်ထော်နှုတ်ခမ်းပြည့်ပြည့်လေးရဲ့ အရိပ်က မေးဖျားချွန်ချွန်လေးထက်မှာ အချိုင့်လေးထင်အောင် ဖူးရွနေသည်။နှုတ်ခမ်းသားတွေက ဆိုးဆေးမလိုဘဲ နီထွေးနေကာ ခြောက်သွေ့ခြင်းကင်းပြီး နုအိပြည့်တင်းနေခြင်းက ပိုလှစေသည်ထင်။တနေရာမှ အပစ်ဆိုဖွယ်မရှိအောင်လှလွန်းသည့် ပစ်မျိုးမှဲ့မထင်အလှတရားလေးအား ရှောင်းကျန့်ငေးကြည့်နေမိရင်း
"မဟုတ်ပါဘူး....မင်းဘာပြောမလဲ ကိုယ်သိချင်နေလို့ပါ....."
စူးနစ်စွာငေးကြည့်နေခဲ့ပြီးမှ ရှောင်းကျန့်ကပဲ မျက်ဝန်းတွေကို ပြန်ရုပ်သိမ်းလိုက်ရင်း ဖြေရှင်းချက်ထုတ်ရသည်။
