အချိန်ဘယ်လောက်ကြာသွားသည်မသိ။သူ့ကိုယ်ပေါ်မှာလေးလံသောခံစားချက်နဲ့အတူ ကျောဘက်ဆီကစူးအောင့်သောနာကြင်မှုတို့ဖြင့် ရှောင်းကျန့်နိုးလာသည်။သူနောက်ဆုံးသိတဲ့အသိက ရိပေါ်နဲ့အတူ ကားပေါ်ကခုန်ဆင်းခဲ့ပြီး လျိုထဲကိုလုံးထွေးလျောကျခဲ့ရာမှ သစ်ပင်ကြီးနဲ့ သူ့ကျောဝင်ဆောင့်ခဲ့မိတာပဲဖြစ်သည်။ဘေးလွတ်ရာရောက်သွားပြီဆိုတဲ့အသိနဲ့ အရာအားလူံးအမှောင်ကျသွားခဲ့သည်။
"ရိပေါ်....ဟေ့ ရိပေါ်.....အား ကျွတ် ကျွတ်...."
သူ့ကိုယ်ပေါ်တက်ဖိထားသလိုဖြစ်နေသည့် ရိပေါ်ကို ခေါ်ရင်း သတိလက်လွတ်နဲ့ဒဏ်ရာရထားတဲ့လက်ကိုမြှောက်လိုက်မိသဖြင့် နာကြင်မှုက အသည်းခိုက်လုလု။တခြမ်းကွေးလလေးရဲ့ အလင်းရောင်မှိန်ပြပြလေးကိုအားပြု၍ ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်မိတော့ ပကတိမဲမှောင်နေသည်မှအပ ဘာမှသဲကွဲအောင်မမြင်ရပါ။
စမ်းတဝါးဝါးနဲ့ ရိပေါ်မျက်နှာလေးကိုစမ်းကြည့်ကာ နှာခေါင်းလေးနား လက်နဲ့တိုးကပ်ကြည့်တော့ အသက်ရှုနေတဲ့ လေငွေ့နွေးနွေးလေးကို ခံစားလိုက်မိလိုက်၍ စိတ်တဝက်အေးသွားရကာ ထိခိုက်ဒဏ်ရာရှိနေသေးလားဆိုတဲ့စိုးရိမ်စိတ်နဲ့ တကိုယ်လူံးကို ထိကိုင်စမ်းသပ်ကြည့်ရသေးသည်။
"တောင်းပန်ပါတယ် ပေါက်စီလူံးရယ်.....ဒီလောက်ထိ မင်းကိုဒုက္ခဖြစ်စေဖို့ မရည်ရွယ်ခဲ့ပါဘူး....တကယ်ကိူတောင်းပန်ပါတယ်ကွာ....."
သူတို့လိုတောထဲတောင်ထဲမှာ ကြမ်းကြမ်းတမ်းတမ်းနေခဲ့တဲ့လူတောင် ခနတာမျှ လောကကြီးနဲ့အဆက်ပြတ်သွားခဲ့လျှင် တသက်လုံးရွှေဘုံစံမင်းသားတပါးလို နေလာခဲ့တဲ့ ရိပေါ်အတွက်တော့ သေနတ်သံတဒိုင်းဒိုင်းနဲ့ ချောက်ထဲထိုးဆင်းသွားတဲ့ကားပေါ်ကနေ ခုန်ဆင်းခဲ့ရခြင်းက မဟာ့မဟာစွန့်စားခန်းတရပ်ဖြစ်နေ၍ ကြောက်ရွံ့ကာ မေ့မျောသွားခြင်းက သိပ်တော့မထူးဆန်းပါ။
"အား....ကျစ်...."
လက်တဖက်က ရိပေါ်ကိုယ်လေးကို ပွေ့ပိုက်ထားရင်း ဒဏ်ရာရနေသည့်လက်နဲ့ သူ့ကျောဘက်က သစ်ပင်ကြီးကိုကိုင်ကာ အားပြုလို့ ထထိုင်ဖို့ကြိုးစားပေမဲ့ နာကြင်မှုကြောင့် ပြန်လှဲကြသွားရသည်။တယောက်ထဲဆို ကောင်းနေတဲ့လက်ကိုအားပြုလို့ရပေမဲ့ နှစ်ယောက်ဆိုတော့ ဘယ်လိုမှ မစွမ်းသာ။ထို့ကြောင့် ဒီအတိုင်းပဲဆက်လှဲနေမိကာ ရိပေါ်နိုးလာမှပဲ တမျိုးစဉ်းစားရမည်။