ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၇၂၁ ..... တစ်ဖက်က လူဘယ်လောက်များများ ပါလာလို့လဲ?
ရှောင်လုံက အဆုံးအစမဲ့ နက်ရှိုင်းဟန်ရသည့် ဘော်ငွေရောင် ရေအဆင်းကိုကြည့်ရင်း သူ့မျက်ခုံးငို တွန့်ကြုတ်လိုက်မိသည်။ သူ့အရှေ့တွင် ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာ၌ အကျယ်ပြောဆုံးသော အနက်ရောင်မြောက်ဘက်ပင်လယ် ရှိပြီး အနက်ရောင်လိပ်ကြယ်စင်စု၏ အအေးစက်ဆုံးသော ပင်လယ်များထဲမှ တစ်ခုလည်း ဖြစ်သည်။
သို့သော်လည်း အနက်ရောင်မြောက်ဘက်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာ ထဲ၌ လိပ်နက်နတ်မီးတောက် ရှိနေနိုင်စွမ်း အမြင့်ဆုံး ဖြစ်စေကာမူ ရှာဖွေဖို့ရာ ခက်ခဲလွန်းပြီး ဒုက္ခများလှသည်။
အနက်ရောင်မြောက်ဘက်ပင်လယ် အထက်တွင် ရေခဲနှင်းစက်များက လွင့်မျောနေကြသည်။
ရှောင်လုံက သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျဆင်းလာသည့် ရေခဲနှင်းစက်တစ်ပွင့်ကို ဖမ်းယူလိုက်သည်။ ခိုက်ခိုက်တုန်မတက် အေးစက်လှပေသည်။ ရှောင်လုံ၏ လက်တစ်ဖက်လုံးပင် ထုံကျင်သွားရသည်ထိ အေးစက်လှသည်။
သူကား နတ်ဘုရားအဆင့် ၈ သိုင်းပညာရှင် တစ်ယောက်ဖြစ်သည်။ ထို့ပြင် ရှောင်လုံသည် အစစ်အမှန်နဂါးကိုယ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထိုမျှသာမကသေး...ရှောင်လုံက နတ်ဘုရားအဆင့် ၁၀ အောက်ရှိ ကျင့်ကြံသူများအကြား အသန်မာဆုံး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သို့ဆိုလျှင်တောင်မှ သူ့၏ လက်မောင်းတစ်ခုလုံးသည် ရေခဲနှင်းစက် တစ်ပွင့်လေးကြောင့်နှင့် ထုံကျင်သွားရပေသည်။ ဤ ရေခဲနှင်းစက်သည် မည်မျှကြောက်ဖို့ကောင်းကြောင်း စိတ်ကူးကြည့်၍ ရနိုင်ပေသည်။
ရှောင်လုံ လက်ရှိရောက်နေသည့် နေရာကို အနက်ရောင်မြောက်ဘက်ပင်လယ်း အပြင်စည်းဟု ခေါ်ဆို၍ ရသည်။ သူသာ အနက်ရှိုင်းဆုံး အပိုင်းသို့ ရောက်ရှိသွားလျှင် ရှောင်လုံ၏ အစစ်အမှန်နဂါးကိုယ်နှင့်ပင် သူသည် ရေခဲတုံး ဖြစ်သွားရပေလိမ့်မည်။
သူ့စိတ်ထဲ၌ ဖြစ်နိုင်ချေများစွာကို စဉ်းစားလိုက်ပြီးနောက် ရှောင်လုံက နတ်ဘုရားရွှမ်းမီနတ်တောင်ကို ဆင့်ခေါ်လိုက်ပြီး အထဲသို့ ဝင်လိုက်သည်။ ရွှမ်းမီနတ်တောင်ကို အနက်ရှိုင်းဆုံးနေရာထိ ရောက်အောင် ပျံသန်း မောင်းနှင်လိုက်လေသည်။ သို့သော် တစ်နာရီမျှအကြာတွင် သူ့ကို အံ့အားသင့်သွားစေသည်မှာကား ရွှမ်းမီနတ်တောင်သည်ပင် အနက်ရောင်မြောက်ဘက်ပင်လယ်၏ ရေခဲအပူချိန်ကို အပြည့်အဝ တောင့်ခံနိုင်စွမ်း မရှိပေ။
ရွှမ်းမီနတ်တောင်သည် ဗုဒ္ဓကမ္ဘာ၏ ရတနာတစ်ခု ဖြစ်သော်လည်း ၎င်း၏ အဓိက လုပ်ဆောင်နိင်စွမ်းသည် နတ်ဆိုးဝိညာဉ်များနှင့် မကောင်းဆိုးဝါးများကို ဖမ်းချုပ်ခြင်း ဖြစ်သည်။
တစ်နာရီမျှ ကြာပြီးနောက် ရှောင်လုံ မည်သည့် ရွေးချယ်စရာ အခွင့်အရေးမှ မရှိဘဲ ရွှမ်းမီနတ်တောင်ကို ပြန်သိမ်းကာ လူသူကင်းမဲ့ရာ ကျွန်းတစ်ခုပေါ်သို့ ခြေချလိုက်လေသည်။
"မိုးသီးကျောက်တုံး နဲ့ ရွှမ်ကျီးရတနာသိုက်တွေထဲမှာ မီးတောက်နဂါး မီးခတ်ကျောက်တွေနဲ့ ယန်ဖီးနစ်ကျောက်တုံးတွေ အများကြီး ရှိတယ်...မင်း အဲ့ဒါတွေကို ယန်ဒြပ်စင်နတ်ဘုရားအသုံးအဆောင်ဖြစ်အောင် သွန်းလုပ်တဲ့နေရာမှာ သုံးလို့ရတယ်"
နဂါးအင်ပါယာ အောင်းတိုင်ရီက အကြံပြုလိုက်သည်။
"ကျွန်တော်ကိုယ်တိုင် သွန်းလုပ်ရမှာလား?"
ရှောင်လုံ ကြောင်အသွားမိသည်။ သူကား ကိုယ်တိုင်ကိုယ်ကျ နတ်ဘုရားအသုံးအဆောင်ကို သွန်းလုပ်ရလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့မိပေ။
"ဆေးဖော်စပ်ခြင်းနဲ့ လက်နက်သွန်းလုပ်ခြင်းကြားမှာ တူညီမှုတွေ ရှိတယ်...မင်းရဲ့ အစစ်အမှန်အင်မော်တယ် အဆီအနှစ် မီးတောက် နဲ့သာ ဆိုရင် ယန်ဒြပ်စင် နတ်ဘုရားအသုံးအဆောင်တစ်ခု သွန်းလုပ်ဖို့ ဆိုတာ လွယ်လွယ်လေးပဲ!"
နဂါးအင်ပါယာအောင်းတိုင်ရီက ထပ်ပြောလိုက်သည်။
ရှောင်လုံက သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ချက်ချင်းပင် ရှောင်လုံက ကမ္ဘာတစ်ထောင် နတ်ဆေးမီးဖိုကို ထုတ်ယူလိုက်သည်။ ထို့နောက် မိုးသီးကျောက်တုံး နှင့် ရွှမ်ကျီးရတနာသိုက်များမှ မီးတောက်နဂါး မီးခတ်ကျောက်များနှင့် ယန်ဖီးနစ်ကျောက်တုံးများ၊ အခြား သတ္ထုပစ္စည်းအမြောက်အမြားနှင့် နတ်ဘုံကမ္ဘာမှ သံမဏိငါးမျိုးကိုပါ ထုတ်ယူလိုက်လေသည်။
ထိုသို့ ဒါဇင်မကသည့် ပစ္စည်းများစွာကို ရှောင်လုံက ထုတ်ယူလိုက်ပေသည်။ ၎င်းတို့ တစ်ခုချင်းစီတိုင်းသည် အနက်ရောင်လိပ် ကြယ်စင်စုအတွင်း၌ ယန်ဓာတ်အများဆုံး သဘာဝပစ္စည်းများ ဖြစ်ပြီး အလွန်အမင်း ရှားပါးလှသည်။
လက်တစ်ဝါးစာမျှ မီးတောက်နဂါးမီးခတ်ကျောက်သည် လေလံတင်လိုက်လျှင် ရွှမ်းဝူဒင်္ဂါး တစ်သန်းကျော် ရရှိနိုင်ပေသည်။ သို့သော် ရှောင်လုံအတွက်မူ မီးတောက်နဂါးမီးခတ်ကျောက်များနှင့် ယန်ဖီးနစ်ကျောက်တုံးများသည် သာမန် သတ္ထုများနှင့် မခြားနားသွားပေ။
နဂါးအင်ပါယာ အောင်းတိုင်ရီ၏ ညွှန်ကြားပြသမှုအောက်၌ ရှောင်လုံ၏ လက်အစုံသည် စတင် လှုပ်ရှားလာသည်။ မီးတောက်နဂါးမီးခတ်ကျောက်များနှင့် နတ်ဘုံကမ္ဘာမှ သံမဏိများအပါအဝင် သတ္ထုများစွာသည် မီးနဂါးတစ်ကောင်အသီက် ပြောင်းလဲသွားလေပြီး ကမ္ဘာတစ်ထောင် နတ်ဆေးမီးဖိုထဲသို့ ဝင်ရောက်သွားသည်။
ထို့နောက်မှ သူ့၏ အစစ်အမှန်အင်မော်တယ်အဆီအနှစ် မီးတောက် နှင့် ကျွမ်းကျင်စွာ ထိန်းချုပ်လိုက်သည်။ သူက ကမ္ဘာတစ်ထောင် နတ်ဆေးမီးဖိုထဲရှိ သံမဏိများ နှင့် သတ္ထုများကို ဖြည်းဖြည်းချင်း အရည်ပျော်စေပြီးနောက် ၎င်းတို့ကို တစ်ခုတည်းဖြစ်သည်ထိ ရောနှောပစ်လိုက်သည်။
နာရီပေါင်းများစွာ ကြာပြီးနောက် နတ်ဆေးဖိုသည် တောက်ပသည့် အလင်းတန်းများ ဖြာထွက်လာလေပြီး ၎င်းအထဲမှ မီးခဲရဲရဲအသွင်တောက်ပနေသည့် အရာတစ်ခု ပျံထွက်လာလေသည်။ ၎င်းသည် လေထဲတွင်တည်ကာ ကြီးသထက် ကြီးမားလာလေပြီး မီတာ ခြောက်ဆယ် ရှည်ကာ မီတာသုံးဆယ် ကျယ်ဝန်းနေပေသည်။ မီတာသုံးဆယ် မြင့်မားပြီး လှေကြီးနှင့် တူသလို လို မတူသလိုလို ရှိနေလေသည်။
"အဲ့တာ ဘာလဲ?"
နဂါးအင်ပါယာအောင်းတိုင်ရီက လေထဲရှိ အရာကို ကြည့်ရင်း အံ့အားသင့်စွာ မေးလိုက်မိသည်။
ရှောင်လုံက ခဏမျှ တွေးလိုက်ပြီးနောက် ဖြေလိုက်သည်။
"အမ်...ရေငုပ်လှေလေ"
"ရေငုပ်လှေတဲ့လား?"
နဂါးအင်ပါယာအောင်းတိုင်ရီသည် ဤစကားလုံးကို တစ်ခါမှ မကြားဖူးခဲ့ပေ။
ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။ ဤသည်မှာ သူ့၏ အရင်ဘဝက ကမ္ဘာမြေပေါ်ရှိ ရေငုပ်လှေများကို အတုယူပြီး ပြန်လည် ဆန်းသစ်ထားခြင်း ဖြစ်သည်။ ဤ ရေငုပ်လှေသည် ကမ္ဘာပေါ်မှ ရေငုပ်လှေများနှင့် နှိုင်းယှဉ်ပါက အဆင့်တစ်ခုထိ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့နောက် ရှောင်လုံက လှေ၏ကိုယ်ထည်ပေါ်တွင် များပြားလှသည့် မီးစွမ်းအင်အစီအရင်များ ၊ ကာကွယ်ခြင်းနှင့် တိုက်ခိုက်ခြင်းအစီအရင်များနှင့် လေအလျင်နှုန်းမြှင့်သည့် အစီအရင်များကိုလည်း ရေးဆွဲခဲ့လေသည်။ သူက မီးတောက်နဂါး ၊ ဖီးနစ်၊ မီးခြသ္လေ့ နှင့် အခြားသားရဲများ ကဲ့သို့ မီးစွမ်းအင်နှင့် ဆက်နွယ်နေသည့် နတ်ဘုရားသားရဲ ပုံများကို ရေးဆွဲခဲ့သေးသည်။
တစ်ရက်ကြာပြီးနောက် ရှောင်လုံသည် သူ့၏လက်ရာကို လုံးဝ စိတ်ကျေနပ်သွားသည်။ ဤ အသစ်စက်စက် ရေငုပ်လှေကို မီးတောက်နဂါးလှေ အဖြစ် အမည်ပေးလိုက်သည်။
"နောက်ဆုံးတော့ ပြီးသွားပြီ ပဲ...အခု ကျွန်တော် လှေရဲ့ အမြန်နှုန်းအတွက်ပဲ တွေးဖို့ လိုတော့တယ်"
ရှောင်လုံက မြေပြင်ထက်ဆီမှ ခြေတစ်ချက် ဖော့လိုက်ပြီး မီးတောက်နဂါးလှေ၏ ကုန်းပတ်ပေါ်သို့ အသာအယာ ခုန်တက်လိုက်သည်။ ထိပ်တန်း နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာကျော်ကို ထုတ်ယူလိုက်ပြီးနောက် သူက ၎င်းတို့ကို အစီအရင်၏ အလယ်တည့်တည့်တွင် ထားလိုက်သည်။
ချက်ချင်းပင် မီးတောက်နဂါးလှေသည် လူသူကင်းမဲ့ရာ ကျွန်းဆီမှ မြင့်တက်လာပြီး အနက်ရောင်မြောက်ဘက်ပင်လယ်၏ ရေပြင်ဆီသို့ ဝင်ရောက်ကာ မကြုံစဖူး ထူးသည့် အမြန်နှုန်းဖြင့် ရှေ့သို့ အဟုန်ဖြင့် သွားလေတော့သည်။
မီးတောက်နဂါးလှေက ရှေ့သို့ အမြန်နှုန်းဖြင့် သွားနေသောကြောင့် မီးတောက်နဂါး၊ ဖီးနစ်၊ မီးခြသ္လေ့၊ နှင့် အခြား မီးဒြပ်စင် နတ်ဘုရားသားရဲများ၏ ပုံရိပ်များသည် ဉာဏ်စဉ်အလင်းများ တောက်ပလာပေသည်။ နတ်ဘုရားသားရဲ ပန်းချီပုံများသည် ရေငုပ်လှေကို စက်ဝိုင်းသဏ္ဍာန် ဝန်းရံထားသည်။ အဝေးမှ ကြည့်ပါက မီးဒြပ်စင် နတ်ဘုရားသားရဲများသည် လှေကို ကာကွယ်နေသည်နှင့်ပင် တူနေပေသည်။
ရှောင်လုံရေးဆွဲထားသည့် မီးစွမ်းအင်အစီအရင်များသည် အလိုအလျောက် အသက်ဝင်လာပြီး မီးတောက်တံတိုင်းတစ်ခု ဖြစ်ပေါ်လာကာ ရေငုပ်လှေကို ကာကွယ်ထားပေသည်။
မီးတောက်တံတိုင်းက ကျဆင်းလာသည့် ရေခဲနှင်းစက်များကို အဝေးသို့ ဖယ်ရှားပစ်သည်။
ကုန်းပတ်ပေါ်၌ ရပ်တန့်နေရင်း ရှောင်လုံသည် မည်သည့် အေးစက်စက်လေကိုမျှ မခံစားရပေ။ အမှန်တွင်မူ နွေဦးကာလကဲ့သို့ နွေးထွေးကာ သက်သောင့်သက်သာ ရှိမှုကိုသာ ခံစားရပေသည်။ ရှောင်လုံသည် ရလဒ်ကြောင့် ပျော်ရွှင်နေပေသည်။ အပြစ်ပြောစရာဟူ၍ မီးတောက်နဂါးလှေသည် သူမျှော်လင့်ထားသလောက် မမြန်ဆန်သည်သာ ရှိပေသည်။
သူက ရေငုပ်လှေ၏ ကိုယ်ထည်ပေါ်တွင် အဆင့်မြင့် လေအလျင်နှုန်းမြင့် အစီအရင်ကို ရေးဆွဲထားသော်ငြား ရှောင်လုံကိုယ်တိုင် ပျံသန်းသည်နှင့် ယှဉ်လျှင် အလွန်နှေးကွေးပေသည်။ အများဆုံးအနေဖြင့် ၎င်းသည် နတ်ဘုရားအဆင့် ၇ ကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းနှင့်သာ ယှဉ်နိုင်စွမ်းရှိပေသည်။
ထိုအမြန်နှုန်းနှင့်သာ ဆိုလျှင် အနက်ရောင်မြောက်ဘက်ပင်လယ်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်ရန် လဝက်မျှ ကြာပေလိမ့်မည်။
တကယ်တမ်းတွင်တော့ ဤအချိန်၌ ရှောင်လုံသည် အလျင်လိုမနေပေ။ ထို့ကြောင့် အမြန်နှုန်း ပြဿနာကို လျစ်လျူရှုထား၍ ရပေသည်။
ခဏကြာပြီးနောက် ရှောင်လုံက ကုန်းပတ်ပေါ်တွင် တင်ပလ္လင်ခွေထိုင်လိုက်ပြီး အဆင့်ခြောက် နတ်ဘုရားဦးခေါင်းကို ထုတ်ကာ စတင် သန့်စင်စုပ်ယူလိုက်လေသည်။
နတ်ဘုရားအဆင့် ၈သို့ ချိုးဖျက်ဝင်ရောက်သွားပြီးနောက် ရှောင်လုံ၏ ကျင့်ကြံမှုအမြန်နှုန်းသည် အရင်ကထက် နှေးကွေးသွားဟန် ရသည်။ သို့သော် သူ့၏ ကျင့်စဉ်သည် အဆင့်ခြောက်နတ်ဘုရားဦးခေါင်း ကို သန့်စင်ပြီး ရွှေရောင်နဂါးတောင်ထွတ်မှ ထွက်လာကာစနှင့် ယှဉ်ပါက များစွာ တိုးတက်သွားပြီ ဖြစ်သည်။
အနက်ရောင်မြောက်ဘက်ပင်လယ်သည် အလွန်အမင်း အေးစက်လှသော်လည်း ရေခဲမျိုးနွယ်သားရဲပေါင်းများစွာသည် ပင်လယ်ထဲ၌ ကျင်လည်ကျက်စားကြသည်။
မီးတောက်နဂါးလှေက ရှေ့သို့ ရွေ့လျားနေသည်မို့ ကြောက်မက်ဖွယ် သားရဲများ၏ တိုက်ခိုက်မှုမှ ရှောင်လွဲမရပေ။ သို့သော် သားရဲများ၏ စွမ်းအားသည် အားနည်းလှကာ အများစုသည် နတ်ဘုရားအဆင့်အောက်သာ ရှိပြီး အနက်ရောင်မြောက်ဘက်ပင်လယ်၏ အစွန်အဖျားနား၌သာ ကျက်စားကြသည်။ မီးတောက်နဂါးလှေပေါ်သို့ ကျဆင်းလာသည့် သူတို့၏ တိုက်ခိုက်မှုများသည် ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကြီးကို လှုပ်ခါရန်ကြိုးပမ်းနေသည်နှင့် တူပေသည်။ ရေငုပ်လှေသည်ကား တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက် ခရီးနှင်နေလေသည်။
ရှောင်လုံသည်လည်း ငြိမ်းချမ်းစွာ ကျင့်ကြံနေနိုင်ပေသည်။
နှစ်ရက်တာကာလက အလျှင်အမြန် ကုန်ဆုံးသွားသည်။
နှစ်ရက်ကြာခရီးသည် အေးချမ်းငြိမ်သက်လှသည်။
မီးတောက်နဂါးလှေသည် အနက်ရောင်မြောက်ဘက်ပင်လယ် ရေမျက်နှာပြင်တစ်လျှောက် ခရီးနှင်နေပြီး အနက်ရှိုင်းဆုံးအပိုင်းဆီသို့ ဦးတည်နေလေသည်။ ထိုအချိန်တွင် ကြီးမားလှသည့် ကျွန်းတစ်ခုတွင် ရေခဲစိုင်များဖြင့် တည်ဆောက်ထားသော ခမ်းနားလှသည့် အဆောက်အဦကြီး ရှိပေသည်။
ဖို ရေခဲအဆောက်အဦသည် အောက်ပိုင်းရေခဲနန်းတော် ၏ ဋ္ဌာနခွဲ ဖြစ်သည်။
"နန်းတော်သခင်လေး...လှေနဲ့တူတဲ့ ထူးထူးဆန်းဆန်း အရာတစ်ခုက ကျွန်တော်တို့ဘက်ကို ဦးတည်ပြီး လာနေကြောင်း တွေ့ရပါတယ်ခင်ဗျာ"
အောက်ပိုင်းရေခဲနန်းတော် ဋ္ဌာနခွဲခေါင်းဆောင် ဂိုဟိုင်မင်းက အောက်ပိုင်းရေခဲနန်းတော်၏ သခင်လေး လုလွေပင်းကို အစီအရင်ခံလိုက်သည်။
အောက်ပိုင်းရေခဲနန်းတော် သခင်လေး လုလွေပင်းက သံသယများဖြင့် ပြည့်နှက်သွားသည်။
"လှေနဲ့တူတဲ့ ထူးဆန်းတဲ့အရာကြီး ဟုတ်လား?"
ဤမျှ ကိစ္စလေးကို သူ့အား အစီအရင်လာခံရန် လိုအပ်ပါ၏လော။
ဂိုဟိုင်မင်းက ဆက်ပြောလိုက်သည်။
"အဲ့ဒီ ထူးဆန်းတဲ့ အရာဝတ္ထုက နတ်ဘုရားအဆင့် အသုံးအဆောင်တစ်ခုနဲ့ တူပါတယ်...ဒါ့အပြင် ထူးကဲယန် နတ်ဘုရားအဆင့် အသုံးအဆောင်ပါ...အဲ့တာက အမြန်ဆုံးနှုန်းနဲ့ ရွေ့လျားနေပြီးတော့ နတ်ဘုရားအဆင့် ၇ သိုင်းပညာရှင် ရဲ့ အမြန်နှုန်းနဲ့ နှိုင်းယှဉ်လို့ရပါတယ်ဗျ"
လုလွေပင်း၏ မျက်လုံးက တောက်ပသွားသည်။
"သဘာဝ ထူးကဲယန် နတ်ဘုရားအဆင့် အသုံးအဆောင်လား!"
ထူးကဲယန် နတ်ဘုရားအဆင့် အသုံးအဆောင်တစ်ခုသည် သူတို့ အောက်ပိုင်းရေခဲနန်းတော် အတွက် မည်သို့သော အဓိပ္ပာယ် ရှိသည်ဆိုသည်ကို လုလွေပင်း ကောင်းစွာ သိရှိပေသည်။
အတိတ်တစ်ချိန်က သူ့မိဘများသည် ထူးကဲယန်နတ်ဘုရားအဆင့် အသုံးအဆောင် တစ်ခုရရှိရန် နည်းလမ်းပေါင်းစုံသုံးခဲ့သော်လည်း သူတို့ ဆန္ဒများ မပြည့်ဝခဲ့ပေ။
"တစ်ဖက်က လူဘယ်လောက်များများ ပါလာလဲ?"
လုလွေပင်း သူ့အသံထဲမှ စိတ်လှုပ်ရှားမှုကို မနည်း ဖုံးဖိထားရသည်။
"နန်းတော်သခင်လေးကို လျှောက်တင်ပါတယ်...တစ်ဖက်က လူတစ်ယောက် ပဲ ရှိတာပါ"
ဂိုဟိုင်မင်းက ပြန်ဖြေလိုက်သည်။
"တစ်ယောက်တည်းလား?!"
လုလွေပင်းက တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီး ရူးသွပ်မတတ် ပျော်ရွှင်သွားလေသည်။
![](https://img.wattpad.com/cover/346859668-288-k498887.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Adventureပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...