"ဟေ့ရောင် ဟိုမှာကားလာနေပြီ မြန်မြန်လာ"
"အေးအေး မင်းမှာအကြွေပါတယ်မလား...ဟီး...ငါအကြွေမပါလို့...."
ရတုသက်မောင် ဆိုသည်မှာ အမြဲတမ်း နမော်နမဲ့နှင့်ပင်။ Bus ကားစီးခါနီးဆို အကြွေမပါတာနှင့် ပိုက်ဆံအိတ်ကျန်ခဲ့တာနှင့် မလွဲရမနေနိုင်။
သူ့ကို သူငယ်ချင်းများက ရတုမောင်ဟု အတိုကောက်ခေါ်လေ၏။ နာမည်လေးလုံးမို့ သူငယ်ချင်းများက လျှာထောက်သည်ဟုဆိုကာထိုသို့ ခေါ်ခြင်းဖြစ်သည်။
ပထမနှစ်ကျောင်းသားလေးမို့ ရတုမောင် မုန့်ဖိုးကလည်းများများစားစား မရသည့်အတွက် တစ်ခါတစ်လေ လမ်းစရိတ်မရှိတဲ့အခြေနေထိဖြစ်ရသည်။ သူငယ်ချင်းတွေကတော့ ဘာမျှပင်မပြောပေ။ သူလိုအပ်တိုင်း မသိချင်ယောင်ဆောင်ပြီး စိုက်ပေးစမြဲ။
အင်္ဂလိပ်စာမေဂျာတူတူတက်နေတဲ့ အချစ်ဆုံးသူငယ်ချင်း သုံးယောက်ရှိ၏။ ရတုမောင်အတွက်ဆို နာသည်မနာသည်မရှိ သူလိုအပ်လျှင် အမြဲတမ်းအနစ်နာခံပေးကြ၏။ ဆယ်တန်းနှစ်ထဲက ကောင်းဖော်ဆိုးဖက်သူငယ်ချင်းတွေဖြစ်သည့်အလျောက် တက္ကသိုလ်တက်တော့လည်း မေဂျာတူအောင်ယူခဲ့ကြသည်။
"ဟဲ့...ဟဲ့...ငါထိုင်မယ်...ဖယ်ပေး...."
ရှင်းသန့်က ကားပေါ်ရောက်သည်နှင့် နေရာလုတော့၏။ ထိုင်စရာခုံကလည်း နှစ်လုံးသာကျန်သည်။ သူတို့အဖွဲ့မှာ မိန်းကလေးသူငယ်ချင်းတစ်ယောက်သာပါ၏။ မိန်းကလေးဆိုပေမယ့် မိန်းမကျားဖြစ်နေသည်ကိုတော့သူတို့သူငယ်ချင်းသုံးယောက်မှလွဲ၍ မသိကျပေ။ မိန်းကလေးဆိုပေမယ့် သူတို့ထက်ပင် အားကိုးရသည်။ နေရာတကာ သူပဲဦးဆောင်သည်။ အတန်းထဲမှာတော့ ECဖြစ်တာကြောင့် သူ့မစကားဆိုကြောက်ကြရစမြဲ။
"ဟေ့ရောင် ရတုမောင် ခရီးသွားမယ့်ကိစ္စဘယ်လိုလဲ ....မင်းအမကိုမေးပြီးပြီလား"
ထိုင်ခုံမှာထိုင်နေတဲ့ လင်းထွန်းက ရတုမောင်ကို လှမ်းပြောလိုက်၏။
"အင်း ....ငါမသိသေးဘူး...မမနဲ့ ဖွားကိုတော့ပြောထားတယ် ....သူတို့ကစရိတ်ကြီးရင်မလိုက်နဲ့တဲ့...."