ရတု ကျောင်းက ပြန်ရောက်သည်နှင့် အိမ်ရဲ့ဝေယျာဝစ္စလုပ်ဖို့ ပြင်ဆင်လိုက်သည်။ ယခင်နေ့တွေလိုမဟုတ် ဒီနေ့က ရတုရဲ့ မမ ခရီးထွက်သွားတာမို့ သူနဲ့ ဖွားဖွားနှစ်ယောက်ထဲသာ အိမ်မှာ ရှိလေ၏။ ဖွားဖွားကအထိုင်အထသိပ်မလုပ်နိုင်တာကြောင့် ရတုလိုအပ်တဲ့ ဟာလေးတွေ လုပ်ရသည်။
"မြေး.....မြေးလေးမမ ဘယ်နေ့ပြန်ရောက်မယ်ပြောလဲ....ဖုန်းဆက်ကြည့်ပါဦး...."
ဖွားကစိုးရိမ်တတ်သည်။ မောင်နှစ်မနှစ်ယောက်လုံးကို ငယ်စဉ်တည်းကပြုစုစောင့်ရှောက်လာရတော့ သံယောဇဉ်ကြီး၏။ သူ့မြေးမ ပြန်မရောက်သေးတာကိုပင်စိတ်ပူနေသေးသည်။ မမကကလေးမဟုတ်တော့တဲ့အရွယ်ဖြစ်နေတာတာင် မမခရီးတစ်ခုခုထွက်ပြီဆို ဖွားဖွားမနေနိုင်။ဖုန်းကိုခနခနဆက်ခိုင်းလေသည်။
"ဟုတ်ကဲ့ပါဖွားဖွားရဲ့...သားဆက်လိုက်မယ်"
ရတုလည်း အိမ်ရှေ့ခြံထဲမှာ တံမြတ်စည်းလှည်းနေတုန်း မမကိုဖုန်းဆက်ဖို့ လုပ်လက်စကိုရပ်ပြီး ဖုန်းကိုကိုင်လိုက်သည်။ ထိုစဉ် ...ဖုန်းကောလ်တစ်ခုဝင်လာ၏။ contact listထဲမရှိတဲ့နံပါတ်ကြောင့် ရတုကိုင်ဖို့ ခဏ တွေဝေသွားမိ၏။ ဖုန်းကျသွားသည့်တိုင် သူကိုင်ဖို့ မဆုံးဖြတ်မိလိုက်ပါ။ နောက်တစ်ခေါက်ထပ်ခေါ်လာမှသာ သူကိုင်လိုက်သည်။
"ဟယ်လို...."
အသံလေးမရဲတရဲနှင့် ရတုပြန်ဖြေလိုက်သည်။ ပုံမှန်ဆို သူငယ်ချင်းတွေနဲ့ဆရာတွေလောက်ပဲ သူ့ဖုန်းနံပါတ်သိတာမို့ သူ့ဆီဖုန်းစိမ်းသိပ်မဝင်တတ်တာကြောင့်ဖြစ်သည်။
"ကိုင်တောင်ကိုင်ပါ့မလားတွေးနေတာ ...."
ဖုန်းထဲကအသံကို ရတုမှတ်မိသည်။ သို့ပေမယ့် အရင်လိုတော့မဟုတ် ဒီတစ်ခါ အကို့အသံကအနည်းငယ် ပင်ပန်းနေဟန်ရှိသည်။
"ဘယ်...ဘယ်သူလဲမသိဘူးဗျ"
ရတု အကို့အသံကို မှတ်မိပါသည်။ သို့ပေမယ့် သူမှတ်မိနေတာကို မသိစေချင်။
"အကို့အသံကို မမှတ်မိဘူးဆိုတော့.. နောက်နေ့ များများခေါ်မှရတော့မယ်ထင်တယ်..."
"ဗျာ...အကိုမော်ကွန်းထင်ရှားလား"
"ဟုတ်ပါတယ်...ခင်ဗျာ"