"ဟိုမှာ ....ဟိုနှစ်ကောင်....”
ရှင်းသန့် လက်ညှိုးထိုးပြတဲ့နေရာကို ရတုကြည့်တော့ လင်းထွန်းနဲ့စွမ်း နှစ်ေယာက်သား ကွင်းထဲမရောက်ခင်လေ့ကျင့်ခန်းလုပ်နေသည်ကိုတွေ့၏။
ပုံမှန်ဆိုလျှင် မေဂျာချင်းကန်လျှင် လူသိပ်မများပေမယ့် ဒီနေ့တော့ အရင်ကထက်လူပိုစည်နေသည်။ မေဂျာပြိုင်ပွဲဆိုလျှင် ကိုယ့်မေဂျာ အသီးသီးက ကျောင်းသားလူနည်းစုပဲ လာလေ့ရှိသည်။ ကျောင်းပေါင်းစုံပြိုင်ပွဲမှသာ ကျောင်းသားများ ခုံအစိလာအားပေးတတ်ကြ၏။
ရတုနဲ့ ရှင်းသန့်နှစ်ယောက် ကွင်းရဲ့ ဘယ်ဘက်ခြမ်းက အပေါ်ဆုံးခုံမှာထိုင်ပြီး ပြိုင်ပွဲအခြေနေကိုအကဲခတ်နေကြသည်။ ပုံမှန်ဆိုလျှင် Emajorအသင်းကဘောပွဲဆိုလျှင် ရှုံးတာများသည်။ သို့ပေမယ့် ဒီတစ်ခေါက် မေဂျာပြိုင်ပွဲမှာတော့ semi final ထိပါလာလေ၏။
“ဒီနေ့တော့ လူကလည်း များတယ်ဆိုတော့ အားတက်စရာပဲ ”
“အေး ဟဲဟဲ....မြန်မာစာဘက်က ကောင်တွေကချောတယ်ဟ...Emajorကဟာတွေအလကား...ဂျပုတွေ....”
ရှင်းသန့်ပြောမှ ရတု သတိထားမိသည်။ မြန်မာစာမေဂျာဘက်ကကျောင်းသားတွေကိုကြည့်တော့ အရပ်မြင့်မြင့်ထောင်ထောင်မောင်းမောင်းပုံစံ များကြသည်။ Emajorမှာတော့ သူ့သူငယ်ချင်းနှစ်ယောက်ကလွဲ၍ ကျန်တဲ့ကျောင်းသားများကအရပ်ပုကြသည်။ ထိုကျောင်းသားများကိုငေးကြည့်နေတုန်း ရတု အတွေးထဲ အကို့အကြောင်းဝင်လာလေ၏။ အကို့အရပ်လောက်ရှည်တဲ့သူကျောင်းသားတွေထဲသူမတွေ့ချေ.....။
“ဟို .....ရတုသက်မောင်လား.....”
“ဗျာ....ဟုတ်...”
“အမကိုမှတ်မိလား ....”
ရှင်းသန့် နဲ့ရတု အတူတူထိုင်နေတုန်း မိန်းကလေး သုံးယောက်က သူတို့နှစ်ယောက်ဘေးနား ရောက်လာသည်။
ရတု ချက်ချင်းခေါင်းထဲမပေါ် ထိုေကာင်မလေးရဲ့မျက်နှာကို သူတွေ့တော့တွေ့ဖူးပေမယ့် သေချာမသိ။“အာ.....အမ ကိုတကယ် မမှတ်မိတာလား .... THIRD YEAR က ကွင်းလေအမက ....ဟိုတစ်ခါမောင်လေးတို့ King Selection ရွေးတုန်းကတွေ့ကြတာ ....နှစ်ပတ်လောက်တော့ရှိပြီထင်တယ် ...Fresher welcome အတွက် အစည်းဝေးတုန်းကလည်းတွေ့ပါသေးတယ်...”