"ဟဲ့ ရတု နင်ကြိုပြောတာမဟုတ်ဘူး ဒီလိုဟိုတယ်လ်မျိုးလာမယ်မှန်းသိရရင် ပြင်ဆင်လာမှာပေါ့"
ရှင်းသန့်ကတတွတ်တွတ်နဲ့ပင် ရတုကို လက်တို့ပြီး ပြောနေလေ၏။ ရတုကိုယ်တိုင်ပင် steakကျွေးမည်ဆိုသည်ကိုပဲသိထားတာမို့ ဒီလိုမျိုး ဟိုတယ်လ်ထိ လိုက်ကျွေးမည်ဟု သူမထင်။ ကျန်တဲ့ လင်းထွန်းနဲ့စွမ်းကပါ ကျီးကန်းတောင်းမှောက်ကြည့်ပြီး ရတုကိုအနောက်ကနေ မျက်စပစ်ပြနေလေ၏။
သူတို့လေးယောက်ပုံစံကလည်း ကျောင်းဆင်းချိန်တန်းလာတာမို့ အနည်းငယ်တော့ ဂွမ်းနေသည်မှာအမှန်ပင်။ ရတုကတော့ လုံချည်နဲ့ shirt လက်ရှည်ရှည်လေးဝတ်ထားပြီး လွယ်အိတ်လေးကိုလွယ်ကာ ခြေထောက်က သိပ်မထောက်နိုင်သေးတာမို့ အကို့လက်ကို့တွဲပြီး သွားရ၏။
"အကို..ကျွန်တော်တို့ပုံစံအဆင်ပြေပါတယ်နော်"
မျက်စိလေးပေကလပ်ပေကလပ်နှင့် ရတုကိုကြည့်ရသည်မှာ တကယ်ကိုကလေးလေးပင် ။ အခုမှရောက်ဖူးသည့်နေရာမို့ထင်သည် ။ မောင့်ပုံစံလေးက အနည်းငယ်နေရခက်နေဟန်ရှိ၏။ ကျန်တဲ့သုံးယောက်ကလည်း သူတို့နှစ်ယောက်ကိုသာ စိုက်ကြည့်နေလေသည်။
"ပြေပါတယ် မောင်ရဲ့ ... restaurant က rooftop မှာ အကိုကဒီဟိုတယ်လ်ပိုင်ရှင်နဲ့သူငယ်ချင်းမို့ လာနေကျ"
ဝါး....ဒီဟိုတယ်ပိုင်ရှင်နဲ့တောင်သူငယ်ချင်းဆိုတော့ ရတု အံ့ဩသွားသည်မှာအမှန်ပင်။ ခမ်းနားထည်ဝါတဲ့ ဟိုလ်တယ်ကြီးကိုသူတစ်ခါမျှပင်မရောက်ဖူး။ အကိုခေါ်လာမှသာ ပထမဆုံးရောက်ဖူးခြင်းဖြစ်၏။ steak ဆိုင်လေးသွားဖို့ကိုပင် vip cardနှင့်ဝင်ရသည့်နေရာဆိုတော့ တော်ရုံလူဆို ဒီလိုနေရာမျိုး တည်းနိုင်မည်မဟုတ်။
"ညီတို့ရော steakစားတယ်နော် အကိုက သေချာမမေးမိဘဲခေါ်လာလိုက်တာ"
မော်ကွန်းက နောက်ကနေ ကုပ်ချောင်းချောင်းနဲ့ လိုက်လာတဲ့ သုံးယောက်ကိုမေးလိုက်တော့ ...
"ရတယ်...အကို....အကုန်စားတယ် ကျွန်တော်တို့က"
"အိုခေ ....ကောင်းပြီ"
လေးယောက်သားဆိုင်ထဲရောက်လာသည့်တိုင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်နှင့် ရှိန်နေသည်မှာအမှန်။ ရတုမျက်နှာကိုကြည့်တော့လည်း အကို့ကိုသာ ကြည့်နေသည်။ လမ်းတစ်လျှောက်လုံး ရတုကို အကိုကသာ ဂရုတစိုက်တွဲလာပေးသည်။