"ဖွား ..... သားရေချိုးမို့လေ.....အကိုမော်ကွန်းရောက်လာနေရင် အိမ်ထဲခေါ်ထားလိုက်ပါနော် သားနိုးတာနောက်ကျသွားလို့"
"အေး ...မြေးလေး..ချိုးချိုး..."
ရတု အကိုမော်ကွန်းလာခေါ်မယ်ဆိုတဲ့နေ့မှပင် အိပ်ရာထနောက်ကျလေတော့သည်။ အရင်ကဖြင့်သူတစ်ခါမှထိုသို့နောက်မကျဖူးပါ။ ညဘက်ကလည်း သိပ်အိပ်မပျော်တာနှင့် အိပ်ရာဝင်နောက်ကျသွားတာကြောင့်လည်းဖြစ်မည်။ အကိုကလာနေပြီလို့ဖုန်းဆက်မှ ရတုနိုးသည်။
"ဖွား.....ကျွန်တော်...ရောက်ပြီနော် ...."
"အေး မြေးလာထိုင်...ခုနလေးတင်မြေးတော်မောင်က ရေးချိုးလို့ပြီးတာ...ကလေးတွေလည်းခက်တယ် ....အလုပ်လုပ်တာနှေးတိနှေးတုံ့နဲ့"
"အာ...ဟုတ်...ဖွား ကျွန်တော်စောင့်နိုင်ပါတယ်ဗျ...ခြေထောက်ထိထားတော့ သူလည်း လုပ်ရကိုင်ရ အဆင်မပြေဖြစ်တာနေမယ်ဖွား "
"ဟုတ်ပါ့ မြေးရေ ခဏစောင့်နော် ဖွားလည်းဘုရားပန်းသွားလဲလိုက်ဉီးမယ်"
"ဟုတ်ကဲ့ဗျ ဖွား"
ရတုအခန်းထဲကနေ အကို့သံကြားတော့ အားနာနာနှင့်ပင်ခပ်သွက်သွက်လေးပုဆိုးတစ်ထည်ယူပြီးလဲဝတ်လိုက်သည်။ အကို့စောင့်နေရမှာစိုး၍ပင် မနေ့ကပတ်ထားတဲ့ပတ်တီးစများကို အသစ်မလဲမိတော့။
"အား....သေပါပြီ"
ရတု မြန်မြန်မြန်မြန်လုပ်နေတာ အကျီယူဖို့ဘီရိုတံခါးအဖွင့် တံခါးဘောင်နှင့် မျက်နှာကိုစောင့်မိသွားလေ၏။ မျက်နှာတစ်ခြမ်းပင်အတော်လေးရဲတက်သွားလေ၏။
"အဆင်ပြေလား....မောင်...အော်သံကြားလို့..."
ရတုအခန်းထဲကိုအပြေးရောက်လာသူသည် ရတုရဲ့ အပေါ်ကိုယ်လုံးတီးပုံနှင့် ဘီရိုရှေ့ရပ်နေတာကိုမြင်သွားတော့သည်။
"ဟာ...ရလား ...အကိုခြေထောက်တစ်ခုခုဖြစ်ပြီထင်လို့ ...ဝင်လာလို့ရတယ်မလား"
အကိုက ရတုကိုမြင်တော့ ချက်ချင်းမျက်နှာလွှဲသွားသေး၏။ အခန်းထဲရောက်နေသည့်တိုင် ဝင်ခွင့်ပေးဖို့လည်းခွင့်တောင်းနေသေးသည်။ ရတုလည်း အရှေ့မှာရှိတဲ့အကျီတစ်ထည်ကိုမြန်မြန်ကောက်ဝတ်ပြီး ဖရိုဖရဲဖြစ်နေတဲ့ အခန်းအခြေအနေကို ရှင်းလင်းဖို့လုပ်၏။ အခုအခြေအနေအရ သူစိမ်းတစ်ယောက်ကအခန်းထဲရောက်နေတာဆိုတော့ သူ့အခန်းထဲဖရိုဖရဲဖြစ်နေတာကိုမမြင်စေချင်။ အကိုဖြစ်နေတော့ ပိုလို့ပင်စိုးသည်။