"စိတ်ချပါ ဖွား ကျွန်တော်သေချာကိုယ်ဖိရင်ဖိစောင့်ရှောက်ပေးပါမယ်"
နောက်ရက် ရတုအိမ်သို့ နှစ်ယောက်သားပြန်လာခဲ့သည်။ မမကတော့မျက်နှာမကောင်းပေ။ ရတုဘယ်ကနေဘယ်လိုစပြောရမယ်မှန်းမသိ။
"မြေးလေးကို သေချာဂရုစိုက်နော် ဖွားနဲ့ကတစ်ခါမှ ခွဲဖူးတာမဟုတ်ဘူးရယ် သူနာပြုသင်တန်းတက်ချင်တယ်ဆိုလို့သာ လွှတ်ရတာ ဖွားစိတ်မချဘူး"
သူနာပြုသင်တန်းအကြောင်းပြကာ အကို့အိမ်မှာ သင်တန်းအတွက်အထောက်အကူရအောင် သွားနေမည်ဟူ၍သာ အဖွားကို ပြောရသည်။
"စိတ်ချပါ...ဖွား...ဒီက ညီမရော စိတ်ချပါနော် ကျွန်တော့်အိမ်မှာက တစ်ယောက်တည်းနေတာမို့ ရတုတစ်ယောက်တည်း စာလုပ်လို့ရတယ်"
ရတု မမကိုကြည့်တော့ ခေါင်းသာတစ်ချက်ညိမ့်ပြသည်။ မမပုံစံက အရင်ကနှင့်မတူ တက်တက်ကြွကြွသိပ်မရှိတော့ချေ။
"အကို....ကားထဲကခဏစောင့်နော် ...စကားပြောလိုက်ဦးမယ်..."
"ဟုတ်ပြီ"
အကို့မျက်နှာကတော့ မည်သူ့ကိုမှ ဂရုမစိုက်သည့်ပုံနှယ်။ အေးအေးဆေးဆေးလေးထွက်သွားသည်။
"မမ .... အဆင်ပြေရဲ့လား...စကားမေပြာဖြစ်တာတောင်ကြာပြီ..."
"သက်မောင် အဲ့လူနဲ့က ဘယ်အဆင့်ထိရောက်နေတာလဲ"
မမမျက်လုံးများက ဒေါသတချို့ကြီးစိုးနေဟန်။
ရတု မမကိုတော့အမှန်တိုင်းဝန်ခံချင်ပါသည်။ သူမငြင်းလိုပါ။
"မမသတိထားမိမယ်ထင်တယ် သားတို့နှစ်ယောက် ချစ်သူတွေဖြစ်နေကျပြီ မမ..မမကို..."
"သက်မောင်....မမသိပါတယ်..."
မမလက်များက ရတုလက်ပေါ်အုပ်မိုးလာတော့သည်။
"သက်မောင်အတွက် အဆင်ပြေရင် မမကျေနပ်ပါတယ်...."
ထိုသို့ပြောတော့ ရတုစိတ်ထဲ ဝမ်းနည်းမှုကြီး ကြီးစိုးသွားတော့သည်။ ဘာကြောင့်ရယ်တော့ သေချာမသိပါ မမကသူ့ရဲ့အခြေအနေကို လက်ခံတယ်တဲ့လား။
"စိတ်ချပါ မမ အကိုက သားကိုအရမ်းချစ်ပါတယ်"
"အင်းပါ....အိမ်ကိုတော့ ပြန်လာမှာမလား..."