ဘောလုံး ပွဲစဉ်ပြီးလို့ အကိုနှင့် နှစ်ယောက်အတူတူ ကားထားတဲ့နေရာကိုပြန်လာခဲ့ကြသည်။ ရှင်းသန့်ကတော့ သူ့ဖေဖေလာကြိုလို့ အရင်ပြန်နှင့်သွား၏။
ဘောလုံးပွဲကြည့်လာတဲ့တောက်လျှောက် ရတု ဒီနေ့လိုမျိုး တခါမှမဖြစ်။ အကိုကဘေးနားရှိနေတော့ အနေကြုံ့သည့်အပြင် သူ့ကိုပဲတောက်လျှောက် မျက်စိဒေါက်ထောက်ကြည့်နေတော့ သူမနေတတ်။
"မောင် အကို ၆နာရီလောက် patient နဲ့ချိန်းထားလို့လေ....မောင်အကိုနဲ့ ဆေးရုံခဏလိုက်ခဲ့မလား...."
အကိုနှင့်နှစ်ယောက်တည်း အားကစားကွင်းကနေ ကားပါကင်ထိ လမ်းဖောက်ထားတဲ့ စိန်ခြယ်လမ်းအတိုင်းတူတူလျှောက်လာသည်။ ရတုခြေထောက်က နည်းနည်းနာနေသေးသောကြောင့် ဖြည့်းဖြည်းသာ လျှောက်နိုင်သည်။
"အကို....ကျွန်တော့်ကို ဘာလို့ဂရုစိုက်တာလဲ"
ထိုအခါ အကို့ခြေလှမ်းတွေက ရပ်တန့်သွားတော့သည်။
"ဘာလို့လဲ .... တကယ်သိချင်တာလား...မောင်"
လမ်းတောက်လျှောက် ပိတောက်ပင်များမှ အဖူးအပွင့်အနံ့များက သင်းပျံ့ပျံ့နှင့်။ အကို့ရဲ့ဟန်ချက်ညီညီ ထွက်ကျလာတဲ့စကားသံတို့က ထိုပန်းရနံ့များနှင့်အတူ စည်းချက်ကျလှ၏။ အကို့ဆီက စကားများကို ရတု နားထောင်ဖို့မဝံ့ရဲ။ နှလုံးသားရဲ့တစ်ထောင့်တစ်နေရာက အကိုကရတုကိုသဘောကျနေကြောင်း ရတုကလည်းအကို့ကိုသဘောကျနေကြောင်းကို ရတု တစ်ထစ်ချသိနေလေသည်။
"ဟို....ဘာမှမဟုတ်တော့ဘူးအကို..ကျွန်တော်လည်း အကို့ဆေးရုံကိုရောက်ဖူးချင်နေတာ လိုက်ခဲ့မယ်နော်...."
စကားစပြတ်သွားလေတော့ အကိုက ခပ်ရဲ့ရဲ့လေးပြုံးနေပြီး ရတုကို ခနရပ်ဖို့ပြောလာသည်။
"ခဏ ...အဲ့အတိုင်းလေးရပ်နေပေး...မောင်"
"ကလစ်..."
အကိုက သူ့လက်ထဲမှာကိုင်ထားတဲ့ဖုန်းနှင့်ရတုကိုဓာတ်ပုံရိုက်လိုက်သည်။ ရတု မထင်မှတ်ထားတော့ မတ်တပ်ရပ်သားလေးနှင့်ပင်ကြောင်နေမိသည်။
"မောင်...မောင့်ပုံလေးအကိုသိမ်းထားချင်လို့... မောင်ကဒီဝတ်စုံလေးနဲ့သိပ်လိုက်တာပဲ....ဒီမှာကြည့်ပါဦး"