အမှောင်ထုတို့ ဖုံးလွှမ်းသွားသော စိတ်ဝိဉာဉ်ဟာ ခံစားချက်ပေါင်းစုံများရောထွေးလို့နေလေသည်။
သူ့ကို အကိုတကယ်ပဲ စိတ်နာသွားလေရော့သလား။
မရပ်မနားငိုကျွေးနေမိသည်မှာ ဘားမှကိုပင် သတိမထားသည့်တိုင်။
အကို့ရဲ့အတ္တစိတ်တချို့ကြောင့်သာမဟုတ်လျှင် အကိုဟာ သူ့အတွက်အကောင်းဆုံးအဖော်ဖြစ်မည်ဆိုတာ ရတု နားလည်ပါသည်။
ရတုကိုချစ်တဲ့စိတ်ကြောင့် တခါတလေ အတ္တတို့ အရောင်စိုးသွားသော အကို့နှလုံးသားကို နားလည်ရန်လည်း ကြိုးစားခဲ့ပါသေးသည်။
ဘာကြောင့်ဖြစ်ဖြစ် အကို့ရဲ့ စိတ်သဘောထားခံယူချက်ဟာ လေးနက်တယ် ပြတ်သားတယ် တိကျတယ် ပြီးတော့ တကိုယ်ကောင်းလဲဆန်တယ် ။
သူဖြစ်စေချင်တဲ့ပုံစံကိုရအောင်လုပ်ယူတတ်တဲ့သူမို့ ရတု ကြောက်ခဲ့သည်မှာတော့အမှန်ပါ။ အိမ်ကထွက်မလာခင်ကတည်းက သူအကြိမ်ကြိမ်စဉ်းစားခဲ့ပေမယ့် လက်ထပ်ဖို့လောက်ထိတော့ သူမရူးသွပ်နိုင်ဘူးလေ...
နောက်တစ်နေ့မနက်ခင်း ရတု ပစ္စည်းဝေယာဝစ္စများသိမ်းပြီး မမဆီသို့ပြန်ရန် စီစဉ်နေခဲ့သည်။
အခုဆို အကိုနဲ့သူ့ဇာတ်လမ်းကလဲ ပြီးသွားသည်မှာ သေချာသလောက်ပင်။
မမဆီ messageတစ်ဆောင် ပို့အပြီး ရတု သက်ပြင်း ခပ်ရှည်ရှည်ချလိုက်မိ၏။
အကိုလဲ ဒီချိန်ဆို ဘယ်တွေများရောက်လို့နေမလဲ? ရတုကိုရော မုန်းသွားပြီလားအကိုရယ်...
စိတ်ထဲတွေးမိသည်နှင့် မျက်ရည်စများက အစပျိုးးလာတော့လေသည်။
ရတု ထိုအရည်များကို ထိတွေ့လိုက်ပြီး ခပ်မြန်မြန်ပင် လက်နှင့်ပွတ်လိုက်၏။
သူဒီလိုဆက်နေလို့မဖြစ်တာကြောင့် ပြန်ဖို့ကိုပင်စိတ်ထဲထည့်ထားတော့လေသည်။
***
" ဖိုးသား လှနု ဒီဒီး ကိုကို ပြန်တော့မယ်နော် နောက်မှလာလည်မယ် ...သိလား"
"ဟင့် မသွားပါနဲ့ကိုကို...မီးတို့ကို စာမသင်တော့ဘူးလား..."
ထိုသို့ကြားရတော့လဲ ရတု စိတ်မကောင်းပါ။ ကလေးဆိုချစ်တတ်တဲ့သူမို့ အချိန်ခဏလေးတွင်းမှာပင် သံယောဇဉ်ထားမိပြန်သေးသည်။
"မငိုနဲ့နော် ကိုကို ပြန်လာရင် မုန့်တွေဝယ်ခဲ့မယ်"
ဝမ်းနည်းနေသည့့်ကြားကပင် ထိုကလေးသုံးယောက်ကိုနှင့်သိမ့်ရသေး၏ ။
______
"ငြိမ်ငြိမ်နေ မလှုပ်နဲ့..."
"အ...အကို......"
ကလေးတွေနဲ့တွေ့ဆုံပြီးအပြန် ရတု အိမ်သို့ပြန်လာခဲ့လေသည်။ အချိန်ကလည်းညနေစောင်းနေပြီမို့ လမ်းကျဉ်းထဲ လူသူများများစားစားမရှိချေ။
ရုတ်တရတ် အနောက်ကနေ ဆွဲဖက်ခံလိုက်ရကာ လူတကိုယ်လုံး ကျောက်ရုပ်သဖွယ်ဖြစ်သွားချေသည်။"မင်း အိမ်လိုက်ခဲ့ရမယ် ငါအမိန့်ပေးနေတာ ..."
ရတုကျောနောက်က အကို့ရဲ့ အသံခပ်မာမာဟာ လေထုထဲကိုထိုးခွင်းလာလေတော့သည်။ အကိုပြန်သွားတာမဟုတ်ခဲ့တာလား?
"ကျွန်တော် တောင်းပန်ပါတယ် ဒီလောက်နဲ့ပဲတော်လိုက်ပါတော့.."
ရုန်းကန်နေသော ကိုယ်လေးမှာ ရုတ်ချည်းငြိမ်သက်သွားလေသည်။
လည်ပင်းသို့ ရစ်ဝဲလာသော ထိုဓားမြှောင်မှာ ရတုကိုလှောင်ရယ်နေသလိူပင်။ အကိုရောဟုတ်ရဲ့လား?သူ့ကိုချစ်တဲ့အကိုက ဒီလိုမျိုးလုပ်မှာမဟုတ်ဘူးလေ?
မေးခွန်းပေါင်းများစွာ ခေါင်းထဲရောက်လာတော့ မျက်ရည်များကလည်းအလိုလိုကျဆင်းလာတော့သည်။
"မင်း ငြိမ်ငြိမ်နေ ဒီတိုင်းလိုက်ခဲ့...လာ..."
ထို့နောက် ရတုရဲ့ကဗ္ဘာငယ်လေးတစ်ခုလုံး မဲမှောင်သွားချေပြီ.....