(3) အံ့ဖွယ်ကျောပိုးအိတ်ကြီး

744 114 6
                                    

(3) အံ့ဖွယ်ကျောပိုးအိတ်ကြီး

သူမ ထိုစာအုပ်ကို ဖတ်တဲ့အချိန်တုန်းက ဘာမှမခံစားခဲ့ရဘူး။ ပြောရရင် အမျိုးသားအရံဇာတ်ကောင်ရဲ့ အခန်းကဏ္ဍဆိုတာက ဇာတ်လိုက်နဲ့ဇာတ်လိုက်မတို့ရဲ့ကြားမှ ဆက်ဆံရေးတွေတိုးမြှင့်နိုင်စေဖို့ တက်နင်းခံရမဲ့ ကျောက်တုံးတစ်တုံးဖြစ်လာမှာ သဘာဝပဲလေ။

ထပ်ပြောရရင် သူက အိမ်မှာ မရှိတဲ့အချိန်က များနေတာကြောင့် ဇာတ်လမ်းထဲမှာ သူ့ရဲ့ပါဝင်ဖော်ပြခံရမှုက သိပ်မရှိဘဲ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ရဲ့ ချိုမြိန်စရာအချစ်ရေးကို ဖတ်ရှုရင်း သူ့ကိုလျစ်လျူရှုလိုက်မိပြီး အရံဇာတ်ကောင် လင်းချွမ်က မေ့ပျောက်ခံရလုနီးပါးဖြစ်သွားခဲ့တယ်။

ဒါပေမဲ့ အခုချိန်မှာတော့ ထိုအမျိုးသားအရံဇာတ်ကောင်က သူမကို ကယ်တင်ပေးခဲ့တာကြောင့် သူမအနေနဲ့ သူ့အပေါ်ကို ပိုပြီး အလေးမသာပဲမနေနိုင်တော့ဘူး။

တကယ်တော့ သူမနိုးနေခဲ့တာ မိနစ်အနည်းငယ်လောက်ရှိနေပြီ။ ဒါကြောင့် လင်းချွမ်ရဲ့ သူမအတွက် ယာဂုသွားချက်မဲ့စကားကိုလည်း ကြားလိုက်ရသလို သူ့မိဘတွေရဲ့ သူမအတွက် အခန်းသန့်ရှင်းရေးလုပ်ပေးပြီး ဒီမှာပဲ အိပ်စက်ခိုင်းမယ်ဆိုတဲ့အကြောင်း ပြောနေတာကိုလည်း ကြားခဲ့ရတယ်။

သူမအနေနဲ့ဒီစာအုပ်ထဲကို ဘာကြောင့်အခုလို ကူးပြောင်းလာခဲ့ရတာလဲဆိုတာကိုမသိပေမဲ့ နှင်းထဲမှာရောက်နေတဲ့အချိန် မီးသွေးလာပေးတဲ့ခံစားချက်ကြောင့် တကယ့်ကိုနွေးထွေးမှုကို ခံစားနေရတယ်။

ဒါကြောင့် သူမ နိုးလာပြီးနောက် ဒီအိမ်ရဲ့အခြေအနေကို မြင်လိုက်ရချိန်တော့  အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်မိတော့တယ်။ သူတို့က တကယ်ကို ဆင်းရဲလွန်းတာပဲ။

ပထမဆုံးမျက်လုံးထဲကိုဝင်လာတဲ့အရာက မှန်ထည်နဲ့လုပ်ထားတဲ့ ဘောင်ခတ်ပြတင်းပေါက်ငယ်လေးတွေဖြစ်ပြီး အချို့ကိုတော့စက္ကူတွေဖြင့် ကာရံထားကာ လေပြင်းတိုက်တဲ့အချိန်မှာ တဖြတ်ဖြတ်လွင့်နေခဲ့တယ်။ ပြီးနောက် ပြတင်းပေါက်ရဲ့အောက်မှာရှိနေတဲ့ အနီရောင်သစ်ဆေးသုတ်ထားတဲ့ နှစ်ထပ်ဘီဒိုရှိနေခဲ့တယ်။ သူ့ရဲ့ တည်ရှိနေတဲ့အချိန်ကာလက ဘယ်လောက်တောင်ကြာမြင့်နေပြီလဲဆိုတာကိုမသိနိုင်တော့ဘဲ သစ်ဆေးအနီရောင်တွေက ကွက်တိကွက်ကြား နေရာအနည်းငယ်လောက်ပဲ ကျန်ရှိနေတော့တယ်။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now