အခန်း (၁၀၇) မင်းအဖေကဒီကိစ္စရဲ့ တရားခံလို့ ဘယ်သူကထင်မှာလဲ ?
"နတ်ဘုရားဝိညာဉ်ကိုအသုံးပြုရမှာလား?" 'နှလုံးသားဖြင့် လှုပ်ရှားခြင်း' သည် အမှန်တကယ်တော့ နှလုံးသားကိုအသုံးပြုခြင်းမဟုတ်ဘဲ နတ်ဘုရားဝိညာဉ်၏ စွမ်းအားကို အသုံးပြုရခြင်းဖြစ်သည်။ လီဟမ်ရှန်း အနည်းငယ် အံ့ဩသွားခဲ့၏။ သူ ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်လျှောက်လှမ်းကတည်းက နတ်ဘုရားဝိညာဉ်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို အာရုံမစိုက်ခဲ့ပေ၊ သူ၏ နတ်ဘုရားဝိညာဉ်ကိုပင် ဂရုတစိုက်မလေ့လာခဲ့ဖူးပေ။
"ဆရာ၊ ကျွန်တော်တို့လို သိုင်းကျင့်ကြံသူတွေကလည်း ကိုယ့်ရဲ့ နတ်ဘုရားဝိညာဉ်ကိုပါ ကျင့်ကြံဖို့လိုသေးတာလား။ ပန်းချီဆရာတွေပဲ နတ်ဘုရားဝိဉာဉ်ကို ကျင့်ကြံနိုင်ကြတာမဟုတ်ဘူးလား" လီဟမ်ရှန်း သိပ်တော့ နားမလည်ပေ။
သူ ငယ်စဉ်က သူ့အဖေ ထံမှ ကြားသိခဲ့ရသည်များမှာ- သိုင်းကျင့်ကြံသူများသည် ခန္ဓာကိုယ်ကို လေ့ကျင့်ပျိုးထောင်ပြီး ပန်းချီဆရာများကတော့ နတ်ဘုရားဝိညာဉ်ကို ပြုစုပျိုးထောင်ကြသည်။ နတ်ဘုရားဝိညာဉ်က သန်မာလေ၊ ပိုမိုကောင်းမွန်သော ပန်းချီကားများကို ဖန်တီးနိုင်လေဖြစ်သည်။ နတ်ဘုရားဝိညာဉ်ကို သန်မာလာအောင်ကျင့်ကြံဖို့ အကောင်းဆုံးနည်းလမ်းမှာ ပန်းချီဆွဲခြင်းသာဖြစ်၏။ ထို့ကြောင့်ပင် သူ့အဖေ သည် ပန်းချီဆွဲရန်အတွက် ငွေကြေးမြောက်များစွာသုံးစွဲခဲ့ခြင်းဖြစ်သည်။
ကံမကောင်းစွာဖြင့်ပင်၊ ပန်းချီဆရာများမှာလည်း အရည်အချင်းကန့်သတ်ချက်များရှိပုံရသည်။ သူ့ရဲ့ သိုင်းပညာကျင့်ကြံခြင်း စွမ်းရည်က ညံ့ဖျင်းပြီး သူ့အဖေရဲ့ ပန်းချီစွမ်းရည်ကလည်း သိပ်မကောင်းခဲ့။ တကယ်တော့ သူတို့ နှစ်ယောက်က အသုံးမကျတဲ့ ငတုံးသားအဖနှစ်ယောက်သာလျှင်ဖြစ်ပေသည်။
" နတ်ဘုရားဝိညာဉ်က လူတိုင်းမှာ ရှိတယ်။ ဒါပေမယ့်လို့ ငါတို့လိုသိုင်းကျင့်ကြံသူတွေနဲ့ပန်းချီဆရာတွေ နတ်ဘုရားဝိညာဉ်ကို အသုံးပြုပုံခြင်းကတော့မတူကြဘူး။ ပန်းချီဆရာတွေက နတ်ဘုရားဝိညာဉ်ကို ကိုယ်တိုင်ပြုစုပျိုးထောင်ကြပြီး၊ ငါတို့လို သိုင်းကျင့်ကြံသူတွေကတော့ နတ်ဘုရားဝိညာဉ်ကို ယာယီငှားရမ်းအသုံးပြုကြရတယ်။ အတိအကျပြောရရင် ငါတို့ရဲ့နတ်ဘုရားဝိညာဉ်ကို အသုံးချနိုင်စွမ်းက သိပ်ပြီးကြီးမားတာမဟုတ်ဘူး၊ သိုင်းကျင့်ကြံသူအများစုမှာ ပန်းချီဆရာတွေလို အရည်အချင်းမျိုး မရှိကြဘူးလေ။ နတ်ဘုရားဝိညာဉ်ကိုကျင့်ကြံဖို့ ပန်းချီဆွဲတာကို အတင်းအကြပ် သင်ယူမယ်ဆိုရင်တောင် အသုံးမဝင်ဘူး။ ဒါကြောင့်ပဲ သိုင်းကျင့်ကြံသူ အများစုဟာ နတ်ဘုရားဝိညာဉ်ရဲ့ ကျွမ်းကျင်အဆင့်တွေကို တစ်သက်လုံး ဘယ်တော့မှ မရောက်နိုင်ကြတာပဲ "
VOUS LISEZ
သူ ဘယ်သူလဲ
Fantasyမိတ်ဆက် "စုတ်ချက်တိုင်းမှာ မြစ်ချောင်းနဲ့ ပင်လယ်ကို ရေးဆွဲတယ်..ပြီးတော့ စုတ်တံနဲ့ပဲ တောင်နဲ့ မြစ်တွေကို အဆုံးအဖြတ်ပေးတယ်" တချို့လူတွေကတော့ တောင်ထိပ်ပေါ်မှာ မာန်ကြွနေတဲ့ ကျွဲတကောင်ပုံကို ရေးဆွဲထားတဲ့ ပန်းချီကားချပ်ကို ကြည့်ပြီးတော့ စွမ်းအားကြီးမားလှ...