Complicated 23
မကြာသေးခင်ကမှ ဆယ်တန်းစာမေးပွဲဖြေပြီးထားသည့်ရှိုင်းထက်တစ်ယောက် မှော်ဘီကတီတီတို့အိမ်မှာ လုပ်စရာများများစားစားမရှိလှပါ ။ တီတီ့ကို အိမ်မှာရောဆိုင်မှာပါကူလုပ်လိုက် အပြင်ကိုထွက်ပြီး မုန့်စားလိုက်နှင့် အစ်ကိုတွေအလုပ်မှပြန်လာလျှင်တော့ သူတို့နှင့် စကားပြောဖြစ်ပါသည် ။ တစ်ယောက်တည်းရှိနေလျှင် အထီးကျန်သလိုလို ရင်ထဲဟာသလိုလိုနှင့်ဖြစ်၍ ရှိုင်းထက်ကတော့ တီတီ့ဆိုင်မှာသာအနေများ၏။
" ကိုကိုကြီးရဲ့ရုံးမှာ အပျင်းပြေလာနေပါ့လား ရှိုင်းလေး ။ ဟိုဟိုဒီဒီနည်းနည်းကူပေါ့ ။ လကုန်ရင်တော့ ကိုကိုကြီးတို့ညီအစ်ကိုတွေ ခရီးသွားမလားတွေးမိတယ် ။ "
" ကိုကြီးက အလုပ်ဒီလောက်များတာကို အလုပ်တွေထားခဲ့လို့ရပါ့မလား "
ကိုကိုလတ်က ဝင်ပူပန်ပေးသည့်အခါ ကိုကိုကြီးက ပြုံးပါ၏ ။ ညစာစားပြီးကတည်းက အပေါ်ထပ်က Living Room မှာ သူတို့ညီအစ်ကိုတွေ စကားဝိုင်းဖွဲ့နေကြခြင်း ။ မင်းရဲကတော့ စာကြည့်ရင်း အစ်ကိုသုံးယောက်ပြောစကားများကိုသာ တမော့ကြည့်ကြည့်နှင့်နားထောင်နေ၏။
" အလုပ်ကကိစ္စမရှိပါဘူး ။ ကိုကြီးကိုင်တွယ်နိုင်ပါတယ် ။ ရှိုင်းလေးလည်းရှိတုန်း ကိုကြီးတို့ညီအစ်ကိုတွေအတူတူအချိန်မဖြုန်းရတာကြာပြီမလား ။ "
" ဒါဆိုလည်းကိုကြီးပြောသလိုလုပ်ကြတာပေါ့ "
သူ သဘောတူလိုက်သည့်အခါ ကိုကိုကြီးက ခရီးသွားဖို့စီစဉ်လိုက်ပါ့မယ်ဟုဆိုပြီး ရောက်တတ်ရာရာတွေပြောရာမှ ကိုကိုကြီး၏ Language Centre ဆီရောက်သွားပြန်သည်။ ကိုကိုကြီး၏ Kyaw Swar Language Centre ၌ မြန်မာနိုင်ငံတွင်အသုံးများသည့် အင်္ဂလိပ် ၊ ဂျပန် ၊ တရုတ် ၊ ကိုရီးယားဘာသာစကားများအပြင် ထိုင်း ၊ ပြင်သစ် ၊ ရုရှား ၊ စပိန်နှင့်ဂျာမန်ဘာသာစကားသင်တန်းများကိုပါဖွင့်လှစ်ပေးထားပြီး တော်တော်လည်းနာမည်ရှိပါ၏။
တီတီ၏သားသုံးယောက်ထဲမှာမှ အကြီးဆုံးသားကိုကိုကြီးက ထက်လည်းထက်သလို ရုပ်လည်းအတော်ဖြောင့်သည် ။ ငယ်စဉ်ကတည်းက သွက်လက်ပြီး ဘက်စုံတော်သည့်ကိုကိုကြီးက ထူးချွန်ဆုများတင်မကဘဲ အားကစားဆုများကိုပါရရှိထားကာ ရန်ကုန်တက္ကသိုလ်မှအင်္ဂလိပ်စာမေဂျာနှင့်ကျောင်းပြီးထားပြီး ကိုယ့်မွေးရပ်မြေမှာပင် Language Centre တည်ထောင်ထားသည်မှာ သုံးနှစ်ကျော်ပြီဖြစ်၏ ။