'99'
Chapter 36သူ့မွေးနေ့ပြီးကတည်းကပြန်သွားကြသည့်သူ့သူငယ်ချင်းတွေက သင်္ကြန်အပြီးဘုရားလမ်း၏ဘုရားပွဲမှသာ ပြန်ဆုံဖြစ်ကြလောက်မည် ။ သင်တန်းအသီးသီး၊ လုပ်စရာအသီးသီးရှိနေကြသည့်သူတို့ငါးယောက်မှာ သူနှင့် Kris ကသာ အနည်းငယ်အားချိန်ရပါ၏။ သို့သော် စာသင်ချိန်မရှိသည့်နေ့ဆိုလျှင် Jewellery Design ကို ထဲထဲဝင်ဝင်လေ့လာနေသည့် Kris က အန်တီမေရီ၏ရတနာပန်းထိမ်ဋ္ဌာနတွင် အချိန်ကုန်ဆုံးတတ်သည် ။ လက်ဝတ်ရတနာပန်းထိမ်ပညာကိုပါ ကြိုးကြိုးစားစားသင်ယူနေသည့် Kris က ၁၄ နှစ်လောက်ကတည်းကလလည်း လက်ဝတ်ရတနာဒီဇိုင်းတွေကိုဆွဲလာသူဖြစ်ပြီး ဆောက်ချလုပ်နေသည့်ဝါသနာဆိုလည်းမမှားပါ ။
" ရှိုင်း သွားမယ်လေ "
" အေး လာပြီ "
လွယ်အိတ်ထဲ လိုအပ်တာအကုန်ပါပြီလား သေချာစစ်ဆေးပြီးမှ ရှိုင်းထက် အောက်သို့ဆင်းသွားသည့်အခါ ခြံပြင်တွင် Kris က ဆိုင်ကယ်ပေါ်ထိုင်၍ မြေပြင်ပေါ်ခြေထောက်ထားကာဖြင့် စောင့်နေပါ၏။ ခြံတံခါးပါပိတ်ပြီး သူ အနားသို့ရောက်သွားသည့်အခါ ထုံးစံအတိုင်း သူ့ကိုဆိုင်ကယ်ဦးထုပ်ဆောင်းပေးသူ Kris က နဂိုထက် မျက်နှာပိုရွှင်နေသလိုရယ်ပါ ။
" သေချာတက် "
ဆိုင်ကယ်ပေါ်တက်စဉ် သူ့လက်ကိုထိန်းထားပေးရန်လည်းမမေ့စေရသူခါးကို ခပ်တင်းတင်းဖက်လိုက်ပါမှ ဆိုင်ကယ်မောင်းထွက်သည့် Kris က သူ့ကို Language Centre သို့အရင်ပို့ပေးသည် ။
" ပြန်ရင်ဝင်ခေါ်မယ်လေ "
" အင်း ရောက်ရင်ဖုန်းဆက်ဦး "
သူ့ဆိုင်ကယ်ဦးထုပ်ကိုချွတ်ပေးရင်းခေါင်းညိတ်သည့် Kris က စိုက်ကြည့်နေမိသူ,သူနှင့် အကြည့်ချင်းဆုံပြီး ပြုံးပြတာလည်း ကြည်ကြည်နူးနူးနှင့် ။
" သွားပြီနော် "
" အင်း "
သူ့လက်ဖဝါးကိုခပ်ဖွဖွတစ်ချက်ကိုင်ပြီးကာမှ ဆိုင်ကယ်မောင်းထွက်သွားသည့် Kris ကျောင်းဝန်းထဲကထွက်သွားမှ ရှိုင်းထက် ကျောင်းဆောင်ထဲသို့ဝင်ခဲ့ပြီး ကိုကိုကြီး၏ရုံးခန်းထဲမှာ ဆိုင်ကယ်ဦးထုပ်အရင်ဝင်ထားလိုက်သည် ။ ရုံးခန်းထဲမှာဘယ်သူမှမရှိ၍ ရှိုင်းထက်လည်း သူသင်ရမည့်အတန်းသို့ထွက်လာလိုက်သည့်အခါ ချမ်းငြိမ်းနှင့်တွေ့၏။
