'99'
Chapter 27Kris Liang နှင့်သူ စတင်တွေ့ဆုံခဲ့ချိန်က မူကြိုကျောင်းမှာဖြစ်သည်။ သူတက်နေသည့်မူကြိုသို့ Kris စတင်ပြောင်းလာစဉ် Kris ကိုစမြင်ကတည်းက ရှိုင်းထက် မျက်လုံးပြူးပြီး တအံ့တဩကြည့်နေခဲ့မိတာကိုတော့မှတ်မိပါသေး၏ ။ အညိုဖျော့ဖျော့ဆံပင်တိုတိုက ကောက်ကောက်လေးတွေနှင့် Kris ၏မျက်ဝန်းများကလည်း အညိုဖျော့ထင်းလင်းနေပုံက သူ့ကိုမျက်တောင်မခတ်တမ်းငေးစေမိသည်အထိ လှနေခဲ့တာ။
စကားနည်းသည့် Kris Liang ကို သိပ်လှသည့်ကပြားလေးဟူသောအကြောင်းပြချက်နှင့် တွယ်ကပ်နေခဲ့သည့်သူက Kris Liang ကိုမြင်ရုံနှင့်ပျော်နေတတ်ပြီး တက်ကြွနေခဲ့တာဖြစ်သည် ။ Kris ကိုမြင်သည်နှင့် ' Kris Liang Kris Liang ' ဟုအော်ခေါ်ပြီး သူ့မှာ လက်တယမ်းယမ်းပြရသည့်တိုင် Kris ကတော့ အရွယ်နှင့်မလိုက်အောင် တည်ငြိမ်အေးစက်လွန်းခဲ့၏။
သူ့ကိုမြင်လျှင် အမူအရာမဲ့သည့်မျက်နှာနှင့်တစ်ချက်သာကြည့်ပြီး သူစကားပြောလျှင် ' အင်း ' ' ဟင့်အင်း ' နှင့် ခေါင်းညိတ်ခေါင်းခါသာလုပ်တတ်သည့် Kris ကို သူ့မျက်စိထဲကြည့်လို့အကောင်းဆုံးသူဟုထင်မိသည့်ထင်မြင်ချက်တစ်ခုတည်းနှင့် ရှိုင်းထက် တွယ်ကပ်နေခဲ့တာဖြစ်သည် ။ အဲသည်နောက်တော့ အိမ်ချင်းလည်းနီးသည့်သူတို့နှစ်ယောက်က သူငယ်တန်းစတက်တော့ နှစ်ဦးသဘောတူသူငယ်ချင်းတွေဖြစ်ခဲ့ပါ၏။
ကလေးဘဝတည်းက တသီးတသန့်ဆန်ဆန်နေတတ်သူ Kris က သူ့နေရာမှာသာ ငြိမ်ငြိမ်ကလေးတစ်ခုခုလုပ်နေတတ်ပြီး ရှိုင်းထက်မှလွဲဘယ်သူနှင့်မှအပေါင်းအသင်းမလုပ်ပါ ။ အငယ်ဆုံးသားဖြစ်၍ အိမ်မှာတော့ အနည်းငယ်သွက်သည့် Kris က ငယ်ငယ်လေးကတည်းက ဘက်စုံတော်သူဖြစ်ပြီး သူ့စံပြဟုဆိုလည်းမမှားပေ ။ တစ်ခုခုကိုလုပ်နေလျှင် အပြည့်အဝအာရုံစိုက်ထားတတ်သူ Kris ကိုထိုင်ငေးရခြင်းဟာ သူအကြိုက်ဆုံးအလုပ်တွေထဲကတစ်ခုဖြစ်သလို Kris Piano တီးနေလျှင် သူ့မှာ တမေ့တမော ။
သူနှင့်သူငယ်ချင်းဖြစ်ခဲ့ကြရာမှာလည်း သူ့ဘက်မှအတင်းတွယ်ကပ်နေမိ၍သာဟု ရှိုင်းထက် ထင်မိသမျှဟာ သူ့အသက် ၇ နှစ် မာမားလောကကြီးမှထွက်ခွာသွားစဉ်၌ တက်တက်စင်အောင်လွဲနေမှန်းသိခဲ့ရသည်။ လူကွယ်ရာမှာမှ တရှိုက်ရှိုက်ငိုနေသည့်သူ့လက်ဖဝါးကို နွေးထွေးခိုင်မြဲစွာဆုပ်ကိုင်ပေးထားခဲ့ပြီး ကျန်လက်တစ်ဖက်နှင့် သူ့ကျောကိုခပ်ဖွဖွပုတ်ပေးလို့ နှစ်သိမ့်နေခဲ့သူ Kris ရှေ့မှာ သူ ဘယ်လောက်တောင်ရှိုက်ကြီးတငင်ငိုခဲ့မိသလဲ ။ Kris ၏လက်ဖဝါးတစ်စုံက သူ့မှာ Kris ရှိသေးကြောင်း ပြောနေသယောင်ယောင်။
