'99'
Chapter 29ရှပ်အင်္ကျီအဖြူကိုတံတောင်ဆစ်အထိလက်ခေါက်တင်လိုက်ပြီး ပြည့်လျှံ မှန်ထဲမှကိုယ့်ပုံစံကိုယ်ပြန်စစ်ဆေးမိသည် ။ ပုံကျနေပြီးသားဆံပင်တွေက နဖူးပေါ်ဟိုတစ်စသည်တစ်စဝဲကျနေပြီး ဘောင်းဘီရှည်အနက်နှင့်ရှပ်အင်္ကျီအဖြူက သူ့ကိုသေသေသပ်သပ်ဖြစ်စေမည်ဟု ပြည့်လျှံထင်ပါ၏။
နောက်ဆုံးအနေနှင့် ကျောပိုးအိတ်ထဲမှာပစ္စည်းအစုံပါရဲ့လားစစ်ပြီးသည့်နောက် ပြည့်လျှံ သူ့ခုတင်ဘေးနားရှိစားပွဲပေါ်တွင်တင်ထားသောဆိုင်ကယ်ဦးထုပ်ကိုဆွဲ၍ ဘုရားခန်းသို့အရင်ဝင်လိုက်သည်။ အပြင်မသွားခင် မေမေသင်ထားသည့်အတိုင်း ဘုရားဦးချလေ့ရှိသည့်သူက ယနေ့လည်းဘုရားရှိခိုးပြီးမှ အောက်ထပ်သို့ဆင်းခဲ့သည်။
" မေမေ သားသွားတော့မယ် "
" အေး... သားလေး အဆင်ပြေပါစေရှင့် "
" ကျေးဇူး မေမေ တာ့တာနော် "
မေမေ့ကိုနှုတ်ဆက်ပြီးသည်နှင့် ပြည့်လျှံ ကားဂိုဒေါင်ထဲသို့ဝင်လာလိုက်ပြီး ဆိုင်ကယ်ဦးထုပ်ကို အလျင် ဆောင်းလိုက်သည် ။ ထို့နောက် ဆိုင်ကယ်ပေါ်တက်လိုက်ပြီး ခြံထဲမှဆိုင်ကယ်မောင်းထွက်ခဲ့သည့်နောက် သူ့ဦးတည်ရာက မှော်ဘီသို့။
~~~~~
ရှိုင်းထက်,လမ်းညွှန်ထားသည့်အတိုင်း ရုပ်ရှင်ရုံဟောင်းလမ်းကြားထဲကွေ့ဝင်လိုက်ပြီး Kyaw Swar Language Centre ဟုအုတ်တံတိုင်းနံရံတွင်ရေးထိုးထားသည့်ဝင်းထဲသို့ကွေ့ဝင်လိုက်သည့်အခါ ခပ်လှမ်းလှမ်းကတည်းကထီးထီးမားမားမြင်နေရသည့် ၅ ထပ်တိုက်ကြီးဟာ အနီးကပ်မြင်ရတော့လည်းတစ်မျိုးလှပါ၏။
အဆောက်အအုံရှေ့တွင် သူ့ကိုစောင့်နေသည့်ရှိုင်းထက်က သူ့ကိုမြင်သည်နှင့်လက်လှမ်းပြသည် ။ ဆိုင်ကယ်များတန်းစီရပ်ထားသည့်နေရာမှာ သူ့ဆိုင်ကယ်ကိုထိုးရပ်လိုက်သည့်အခါ ဟိုဟိုသည်သည်ပြတင်းများမှသင်တန်းသားသင်တန်းသူတွေ တကြည့်ကြည့်လုပ်နေတာကို မျက်လုံးလျင်သည့်ပြည့်လျှံတစ်ယောက် သတိထားလိုက်မိပါ၏ ။
" နောက်မကျပါဘူးနော် "
ရှိုင်းထက် သူ့အနားသို့ရောက်လာသည်နှင့် ဆိုင်ကယ်ဦးထုပ်ချွတ်ရင်းမေးလိုက်သည့်အခါ ရှိုင်းထက်က ခေါင်းခါသည်။ သူဆိုင်ကယ်ပေါ်မှဆင်းလိုက်သည့်နောက် ရှိုင်းထက်က သူ့ကိုအဆောက်အအုံထဲသို့ခေါ်သွားပြီး ပထမထပ်ရှိ ကိုကြီးစည်သူ၏ရုံးခန်းကိုဦးစွာခေါ်သွားပေးသည်။