'99'
Chapter 28" ဒါက ရာရာ သားကြီးတို့ "
ပြည့်လျှံက ရာရာဟူသောဘုရားလမ်းသားလေးကို သူတို့တစ်ယောက်ချင်းစီနှင့်မိတ်ဆက်ပေးလာသည် ။ အေးချမ်းတည်ငြိမ်သည့်မျက်နှာနှင့်ကောင်လေးက သူတို့တစ်ယောက်ချင်းစီကိုပြုံးပြလာတာများ အေးအေးမြမြ ။
" ကျွန်တော်က လင်းတာရာပါဗျ ။ "
မျက်နှာထားမှအစ မျက်ဝန်းများအဆုံး ၊ အသံခပ်ဩဩအထိ ကြည်လင်အေးမြသည့်ထိုကောင်လေးက ပြည့်လျှံစိတ်ကိုစိုးမိုးထားနိုင်တာလည်း ထူးဆန်းတာတော့မဟုတ်ပါ ။
" ဒါဆို ရာရာ့ကိုပို့ပေးပြီးပြန်လာခဲ့မယ် ။ ရှိုင်းထက် မင်းဆိုင်ကယ်ဦးထုပ် ခဏယူသွားမယ် "
" အေး..."
" ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦးဗျ ။ နောက် လျှံ ဘုရားလမ်းကိုလာတဲ့အခါလည်း လိုက်လည်ကြပါ ။ "
" စိတ်ချ ရာရာ "
သူတို့အားလုံးတစ်ပြိုင်တည်းဖြေမိသည့်အခါ ဖော်ရွေသည့်ရာရာက ခပ်အေးအေးအပြုံးနှင့် နှုတ်ဆက်ပါ၏။
ရာရာနှင့်အတူ ဆိုင်အပြင်သို့ယှဉ်လျှောက်သွားပြီး ပြည့်လျှံက ထိုကောင်လေးကိုဆိုင်ကယ်ဦးထုပ် ကိုယ်တိုင်ဆောင်းပေးပြီးသည့်နောက် ဆိုင်ရှေ့မှဆိုင်ကယ်မောင်းထွက်သွားသည်အထိ Kris တို့တွေ မျက်ခြည်မပြတ်လိုက်ကြည့်မိရင်း ပြုံးမိကြသည်မှာလည်း မထိန်းမသိမ်းနိုင်။
လူကြီးမိဘစကားနားထောင်လျှင် မတိမ်ကောဘူးဟု Kris ကြားဖူးသည့်အတိုင်း ပြည့်လျှံကတော့ သူများသား ကောင်းကောင်းမွန်မွန်လေးနှင့်တွေ့ဆုံရပြီး ရှေ့လျှောက်လည်း အနာဂတ်လမ်းဟာ ချောမွေ့နေလိမ့်ဦးမည်။
Kris မှာတော့ ကလေးဘဝကတည်းက သူများသားလေးနှင့်ဆုံခဲ့ရတာတောင် ငယ်သူငယ်ချင်းမို့ ၊ ရည်းစားထားရမဲ့အရွယ်မဟုတ်သေးလို့ ၊ ကြောက်လို့ဟူသော အကြောင်းပြချက်များနှင့် အငြင်းခံရမည်စိုး၍ တရိပ်ရိပ်တိုးလာသည့်မေတ္တာတွေကို ရင်ထဲမှာမြိုသိပ်ထားရပါသေးသည် ။
သူခံစားရသမျှကိုမသိရှာသည့် မှော်ဘီသားလေးကတော့ ကြည်သာနှင့်ခပ်တိုးတိုးစကားပြောနေတာများ ပြုံးလို့ရွှင်လို့ပင် ။
