30 [Z+U]

99 5 5
                                    

'99'
Chapter 30

သင်တန်းမှပေးလိုက်သည့်အိမ်စာများကို ပြည့်လျှံလုပ်ပြီးသည့်အချိန် ည ၉ နာရီခွဲပြီဖြစ်သည် ။ စာအုပ်တွေကိုနေရာတကျသိမ်းဆည်းပြီးသည့်နောက် ထိုင်ခုံနောက်မှီကိုအားပြုမှီလိုက်မိသည်နှင့်တစ်ပြိုင်နက် ပြည့်လျှံ၏လက်တွေက လည်ပင်းရှိဆွဲကြိုးလေးကိုအလိုလိုစမ်းမိသွားသည်။

' မင်း သူ့ကိုသဘောကျကြောင်း မပြောဘူးလား ' ဟူသော ရှိုင်းထက်၏စကားက သူ့ခေါင်းထဲမှာအချက်ပေးသံလိုဖြစ်နေခဲ့တာ တစ်ပတ်ကျော်ခဲ့ပါပြီ ။ ရာရာ့ကိုနေ့တိုင်းတွေ့ချင်မိသည့်သူ့စိတ်ကိုထိန်းချုပ်ထားရတာလည်းခံရခက်သည် ။ သွားတွေ့မိပါကလည်း ရာရာ့မျက်နှာအေးအေးကိုမြင်သည်နှင့် သူ့စိတ်ခံစားချက်တွေပွင့်အံချင်လာ၍ ပြည့်လျှံမှာ တွေ့ချင်တိုင်းသွားမတွေ့ရဲပါ။

အမှန်တိုင်းဝန်ခံရပါလျှင်  သူ ရာရာ့ကိုဖွင့်ပြောချင်ပါသည် ။ သို့သော် သူနှင့်ရာရာက လူကြီးမိဘတွေသဘောတူရာမှစတွေ့သူများဖြစ်ကြသလို ငယ်လည်းငယ်သေးသည် ။ တစ်ဆယ့်ခြောက်နှစ်ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားခါစအရွယ်ဖြစ်သလို ရာရာက သဘောရိုးသူဖြစ်သည် ။ ရာရာ့မျက်ဝန်းတွေထဲ သူ့ကိုခင်မင်သည့်အရိပ်အယောင်များကိုမြင်ရပြီး သူ့အပေါ်သဘောကျသည့်ခံစားချက်များကိုပါ ပြည့်လျှံခံစားရသည့်တိုင် ထိုသဘောကျသည့်ခံစားချက်က မည်သည့်အတိုင်းအတာအထိမြင့်သလဲဆိုတာ သူမှန်းဆနိုင်စွမ်းမရှိပါ။

မင်းဘုန်းပြည့်လျှံဟူသောသူက အရာရာကို ကြိုတင်ပြင်ဆင်တတ်သလို မသေချာသည့်အရာများကိုမနှစ်သက်ပေ ။ မိမိကိုယ်တိုင်က  ကိစ္စတစ်ခုခုအပေါ်မှန်းဆနိုင်စွမ်းမရှိလျှင် အချိန်ယူစောင့်ဆိုင်းပြီးမှသာ စိတ်ရှည်လက်ရှည်နှင့် လိုချင်သည်ကို အရယူတတ်သည့်သူမျိုးပင် ။

ဥပမာပေးရလျှင် အနာဂတ်မှာ ကျွမ်းကျင်ပိုင်နိုင်သည့်အင်္ဂလိပ်စာဆရာတစ်ယောက်ဖြစ်ချင်သောသူက ယခုကတည်းက သေသေချာချာလေ့လာပြီး ပညာအိုးကိုဖြည့်နေသလို ရာရာနှင့်ပတ်သက်သည့်သူ့ခံစားချက်များကိုလည်း တစ်သက်တာအတွက်ခိုင်မာသည်အထိ ပျိုးထားချင်သည် ။ တစ်ဖက်မှာလည်း ရာရာ့စိတ်ထဲ ၊ နှလုံးသားထဲမှာ မင်းဘုန်းပြည့်လျှံဟူသောသူက နေရာအပြည့်ယူထားနိုင်ရန် အချိန်ယူချင်ပါ၏ ။

99 Where stories live. Discover now