'99'
Chapter 26ရှိုင်းထက်တို့လေးယောက်လုံး Kris Liang ကို ရန်ကုန်လေဆိပ်မှာ လာကြိုဖြစ်ကြသည် ။ ကြည်သာက ' Welcome To Myanmar , Mrs.Johnson ' ဟူသော ဘုတ်ပြားကြီးကိုကိုင်ထားသည်မှာ ခပ်တည်တည်နှင့် ။
သူ့မူပိုင်အတိုင်း မိမိမိုက်မိုက်လျှောက်လာသည့် ဂီတာအိတ်လွယ် Kris ကလည်း ထိုဆိုင်းဘုတ်ကြီးကိုမြင်ချိန် မြန်မာနိုင်ငံကိုပထမဆုံးလာဖူးသူကဲ့သို့ဟန်ပန်လုပ်၍ သူတို့ကို တအံ့တဩနှင့်ဝမ်းသာအားရလက်ပြပြီး ' မင်္ဂလာပါဗျ ' ဟူသောစကားကိုတောင် ယိမ်းသည့်လေသံလုပ်ယူလို့ပြောသေး၏ ။ သူတို့တစ်ယောက်ချင်းစီကို ' glad to meet you ' ဟုပြောရင်း ပွေ့ဖက်နှုတ်ဆက်ပုံကလည်း တကယ့်နိုင်ငံခြားသားဟန်ပန်နှင့် ။
" သတိရနေတာ..."
အသံခပ်ဩဩက သူ့နားထဲမှာ နားဝင်ပီယံရှိလှသည် ။ သူ့ကိုမှ တခြားသူငယ်ချင်းတွေထက်အချိန်ကြာကြာပိုဖက်ထားသည့် Kris က သူ့ခန္ဓာကိုယ်ကိုဖျစ်ညှစ်မတတ် ။ လစ်ဟာနေသည့်တစ်နေရာက ပြီးပြည့်စုံသွားသလိုခံစားလိုက်ရသည့်ရှိုင်းထက်မှာ Kris မျက်နှာခပ်ပြုံးပြုံးကို သူကြည့်မဝပါ။
" ကဲ ကဲ သွားကြမယ် "
Kris နှင့်အတူပြန်လိုက်လာသည့် အစ်ကို William က နှိုးဆော်ပါမှ သူတို့အားလုံးလေဆိပ်မှထွက်လာခဲ့သည် ။ ပါပါးက ကားနှင့်ဒရိုင်ဘာထည့်ပေးလိုက်ခြင်းဖြစ်၍ သူတို့အကုန်လုံး လေဆိပ်ကိုလာရအဆင်ပြေခဲ့ပြီး ယခုပြန်တော့လည်း သက်သောင့်သက်သာပြန်ရ၏ ။ သူငယ်ချင်းတွေကို အိမ်အရောက်လိုက်ပို့ပြီးမှ သူတို့စီးလာသည့်ကားလေး နောက်ဆုံးရပ်သည့်နေရာဟာ Kris တို့အိမ်ဖြစ်သည် ။
Kris တို့ခြံကကျယ်ဝန်းလှပြီး ခြံဝမှအိမ်မကြီးသို့ရောက်ရန် သစ်ပင်သစ်ရိပ်များအုံ့အုံ့ဆိုင်းဆိုင်းရှိသည့်လမ်းလေးကိုဖြတ်လို့ စက္ကန့်ဝက်ခန့် ကားမောင်းဝင်ရသည် ။ နှစ်ထပ်တိုက်အိမ်ကြီးက Modern Design သုံးကာဆောက်ထားပြီး ကျယ်ဝန်းသလိုလှလည်းလှ၏ ။ ခြံရှေ့တွင် မြက်ခင်းပြင်စိမ်းနှင့် ပန်းပင်များကို ပုံပန်းသေချာဖော်၍စိုက်ပျိုးထားကာ ခြံအနောက်ဘက်၌ ရေကူးကန်ရှိပြီး မြက်ခင်းစိမ်းစိမ်းနှင့် ပန်းပင်ပေါင်းစုံကိုစိုက်ပျိုးထားပုံက ပန်းဥယျာဉ်သဖွယ်ပြင်ဆင်ထားသည်။
