' 99 '
Chapter 32" ရှိုင်းထက်..."
စာသင်ချိန်အပြီး အတန်းထဲမှပြန်ထွက်လာသည့်အခိုက် မှတ်မိနေသည့်ခေါ်သံကြောင့် ရှိုင်းထက် အနောက်သို့လှည့်ကြည့်ပြီး ရပ်စောင့်နေလိုက်သည် ။ ခြေထောက်တထော့ထော့နှင့်ချမ်းငြိမ်းကို သူ အလျင်မလိုစေချင်သော်လည်း ချမ်းငြိမ်းက ကျင့်သားရနေပုံရပါ၏။
" မနက်ဖြန်ရှိုင်းထက်ရဲ့မွေးနေ့လို့ မင်းရဲကပြောလို့လေ "
သူ့ရှေ့သို့ကမ်းပေးလာသည့်ပါဆယ်လေးကနက်ပြာရောင်ကလေးဖြစ်ပြီး မထင်ထားမိသည့်အတွက် ရှိုင်းထက်မှာ ချမ်းငြိမ်းကို ကြောင်ကြည့်နေမိသည် ။
" ရှိုင်းထက်နဲ့ကျွန်တော်က ဒီမှာပဲဆုံဖြစ်တာများတော့ ဒီမှာအခွင့်အရေးရတုန်းပေးလိုက်ချင်လို့လေ ။ တန်ဖိုးမကြီးပေမဲ့ ... "
" ကျေးဇူးပါ ချမ်းငြိမ်း..."
ချမ်းငြိမ်း၏မျက်လုံးတွေထဲ ခင်မင်မှုအရိပ်အယောင်များကိုမြင်မိသဖြင့် ရှိုင်းထက် ဝမ်းသာမိပါသည် ။ ချမ်းငြိမ်းက သူ့အိမ်နှင့်တစ်ခြံကျော် သူ့တီတီတို့အဆောင်မှာနေသော်လည်း အိမ်မှာနေလျှင် ဆုံဖြစ်သည်ကခပ်ရှားရှားဖြစ်သည် ။ ချမ်းငြိမ်းနှင့်သူက စတင်တွေ့ဆုံခဲ့သည်မှာသိပ်မကြာသေးသော်လည်း Summer Program တွင် volunteer အဖြစ်လုပ်ကိုင်ခဲ့ခြင်းက ချမ်းငြိမ်းနှင့်သူ့ကိုပိုမိုရင်းနှီးခဲ့စေသည် ။
ကိုကိုကြီး၏လက်ထောက်လိုဖြစ်နေသည့်ချမ်းငြိမ်းက ကိုကိုကြီး၏ရုံးခန်းထဲမှာ တစ်ချိန်လုံးအလုပ်ရှုပ်နေတတ်ပြီး အဆောက်အအုံတစ်ခုလုံးကို တက်လိုက်ဆင်းလိုက်နှင့် အလုပ်လည်းတအားလုပ်နိုင်ပါ၏။ သူ့ကိုနေရာထိုင်ခင်းပါပေးထားသည့် ကိုကိုကြီးတို့မိသားစုက သူ့အပေါ်ကျေးဇူးတွေအများကြီးရှိသည်ဟုပြောဖူးသည့်အတိုင်း Language Center တွင် လခစားဝန်ထမ်းအနေဖြင့်ဝင်လုပ်နေသည့် ချမ်းငြိမ်းက တာဝန်ကျေသည်ထက်ပိုသည် ။ ကိုကိုကြီးကလည်း ချမ်းငြိမ်းအပေါ်အားကိုးသည်ကို သူမြင်ရပါ၏။
" ချမ်းငြိမ်း ဘယ်နေ့အားလဲ မုန့်လိုက်ကျွေးမယ်လေ ။ ဒါမှမဟုတ် မနက်ဖြန် အိမ်ကိုလာခဲ့မလား ။ ငါတို့တွေ ပါတီလုပ်ဖြစ်ကြမှာ။"
