Complicated 24
Kris Liang တွင် မွေးချင်းလေးယောက်ရှိသည့်အနက်သူကအငယ်ဆုံးဖြစ်ပြီး အစ်ကိုအကြီးဆုံး James ၊ အစ်ကိုလတ် William နှင့် အစ်မငယ် Emma ဟူ၍ အစ်ကိုနှစ်ယောက်၊ အစ်မတစ်ယောက်ရှိသည် ။ အမေရိကန်လူမျိုးအဖေနှင့် ချင်းလူမျိုးအမေမှမွေးဖွားလာသူဖြစ်ပြီး Kris ၏အဖေဖြစ်သူ Michael မြန်မာနိုင်ငံကိုလာရောက်စဉ် ပထမဦးဆုံးအကြိမ်အဖြစ်တွေ့ဆုံခဲ့ကြခြင်းပင်။
Kris Liang ၏အစ်ကိုနှစ်ယောက်ဟာ ဘွဲ့ရပြီးကတည်းက အဖိုးနှင့်အဖေဖြစ်သူ၏လုပ်ငန်းများကို ကူညီလုပ်ကိုင်ပေးနေပြီး အစ်မဖြစ်သူ Emma ကတော့ NYU မှာ ကျောင်းတက်နေဆဲဖြစ်၏။ အစ်ကိုအကြီးဆုံး James က အဖေဖြစ်သူ Michael မြန်မာနိုင်ငံတွင် စီးပွားရေးစတင်လုပ်ကိုင်ချိန်၌ အဖိုးအဖွားနှင့်အတူ New York တွင်နေခဲ့ပြီး Harvard University မှ PhD In Economics ဘွဲ့ရထားကာ ယခု အဖိုးဖြစ်သူ၏လုပ်ငန်းစု၌ CEO အဖြစ်လုပ်ကိုင်နေ၏။
Stanford University မှ Computer science နှင့်ဘွဲ့ရထားပြီး ၊ Diploma In Economics ပါရယူထားသည့် အစ်ကိုလတ် William ကတော့ မြန်မာပြည်ရှိ အဖေဖြစ်သူ၏လုပ်ငန်းများကို ဦးစီးလုပ်ကိုင်ပေးလျှက်ရှိပါသည်။ NYU မှာကျောင်းတက်နေဆဲဖြစ်သည့် Emma ကလည်း Law Major ကိုသင်ယူနေသူဖြစ်၏။
အစ်ကိုအစ်မများက အမေရိကန်တွင်တက္ကသိုလ်တက်ပြီးဘွဲ့ရခဲ့ကြသူများသာဖြစ်သည့်အတွက် Kris ကိုလည်း အဖိုးအဖွားနှင့်မိသားစုတွေက အမေရိကန်ရှိတက္ကသိုလ်တစ်ခုခုတွင်သာ တက်စေချင်ကြသည်မှာလည်း အမှန်တရားပင်။
" သား မြန်မာမှာပဲ Archi တက်မှာ "
သုံးထပ်တိုက်၏ဒုတိယထပ်တွင်ရှိသည့် မိသားစု,စုဝေးခန်းတွင် Kris နှုတ်မှထွက်လာသောစကားနောက် သက်ပြင်းချသံများသာတိုးဖွဖွထွက်လာခဲ့ပါသည် ။ Kris ၏အဖေဘက်မှ အဖိုးအဖွားနှင့် မိဘများ ၊ မွေးချင်းများအပြင် Kris အဖေ၏ တစ်ဦးတည်းသောအစ်ကို ဦးလေးဖြစ်သူပါရှိနေခြင်းက Kris အပေါ် ဘယ်လောက်အထိချစ်ပြီး အလေးအနက်ထားသလဲဆိုတာ ပေါ်လွင်နေ၏။
" မြန်မာမှာပဲ ကျောင်းဆက်တက်ချင်နေတာက ဟိုကလေးကြောင့်မလား "
" ဟုတ်ကဲ့ ဖိုးဖိုး "
Kris အဖြေကို သူ့အဖိုးက ခေါင်းတညိတ်ညိတ်လုပ်နေပြီး တွေးဆဆလုပ်နေသည် ။