ရဲရင့်ဆေးရုံတက်ရပြီး နောက်တစ်နေ့မှာတော့ မိဘတွေရောက်လာကြပြီး စိုးရိမ်စရာမရှိတော့သည့် အနေအထားကိုမြင်မှ သက်ပြင်းချသွားနိုင်ကြတာဖြစ်သည်။
သူငယ်ချင်းလည်းဖြစ်၊ခယ်မလည်းဖြစ်တဲ့ ဟေမာန်ကတော့ တစ်ပတ်တာနေပြီးနောက် မြန်မာပြည်ပြန်သွားရပြီး အမေနှစ်ယောက်ကတော့ တစ်လလောက်နေပြီးမှ ပြန်သွားကြတာဖြစ်ပြီး မွေးရက်နီးရင်တော့ သူတို့လည်း ပြန်လာကြရဦးမည်။ရဲရင့်ရဲ့ဒဏ်ရာတွေ အရှင်းပျောက်သည်အထိ လိမ္မာနေခဲ့သည့် နွေအရုဏ်ဦးကတော့ ၁လပြည့်ပြီးချိန်မှာ မူလအကျင့်လေးအတိုင်း ဆိုးသွမ်းစရာကိစ္စက အလိုလိုပေါ်ပေါက်လို့လာ၏။
ဒါက တခြားတော့မဟုတ်၊ အမှတ်အသားပေးဖို့ ပူဆာနေတာကို ကိုယ်ဝန်ဆောင်ချိန်မို့ဆိုကာ ငြင်းဆန်နေသည့် ခင်ပွန်းဖြစ်သူကြောင့်ပင်။စိတ်ကောက်နေသော အိုမီဂါက စကားမပြောဘဲ ဆန္ဒပြနေရာကနေ ဒီနေ့မှာတော့ ခင်ပွန်းဖြစ်သူ မသိလိုက်ဘဲ တစ်ယောက်တည်း အပြင်သို့အလည်ထွက်လာသည်။
နားနေရသည့်အချိန်အတွင်း ပုံသွားသည့်အလုပ်တွေရယ်၊ကျောင်းစာတွေရယ်နဲ့ ခင်ပွန်းဖြစ်သူ စားပွဲမှာ ခေါင်းစိုက်နေချိန် သူလစ်ထွက်လာခဲ့ခြင်းပင်။
သူ့နောက်ကို ဘယ်သူမှလိုက်လို့မရအောင် အားလုံးကို အလုပ်ကိုယ်စီပေးပြီး အကွက်ချထားခဲ့သည်မို့ သူထွက်လာတယ်ဆိုတာ ခြံတံခါးက CCTVကလွဲရင် ဘယ်သူမှသိနိုင်မည်မဟုတ်ပေ။လက်ရှိကတော့ shopping mallတစ်ခုထဲမှာ ဈေးဝယ်နေတာဖြစ်ပြီး တတီတီမြည်နေသည့် ဖုန်းသံကို လျစ်လျူရှုထားကာ ကလေးပစ္စည်းအသုံးအဆောင်တွေကို လိုက်ကြည့်နေတာဖြစ်၏။
၇လကျော်လာပြီဖြစ်သည့်ဗိုက်လုံးက အတော်ပူလာပြီဖြစ်သလို သယ်ထားရသည့် အလေးချိန်သည်လည်း တဖြည်းဖြည်းပိုလေးလာပေမဲ့ အနှီအိုမီဂါလေးကတော့ တတောက်တောက်နဲ့ လျှောက်သွားနေဆဲပင်။
Vshapeပုံ အညိုရောင်ဆွယ်တာအပါးအပွနှင့် ချည်သားဘောင်းဘီကို တွဲဝတ်ထားပြီး ဆံပင်ဂုတ်ထောက်လေးဖြင့် လှချင်တိုင်းလှနေသည့် ကိုယ်ဝန်ဆောင်လေးကို ငေးကြည့်သွားကြသူတွေကလည်း မနည်းမနော။
