"တီ!!"ကားထွက်ချိန်ကို သတိပေးသလို..
ဟွန်းသံ တစ်ချက်ဆွဲဆွဲငင်ငင် ကြားလိုက်ပြီးနောက်..
ကားဂိတ်ဝန်းထဲက လူတွေ လှုပ်လှုပ်ရှားရှားဖြစ်လာတော့ ခေါင်းပေါ်က ဦးထုပ်အနက်ရောင်ကို သေချာနေရာတကျ ပြင်လိုက်ပြီး
အနားက Luggage ကို ဆွဲရင်း ထိုင်နေရာက ထရပ်လိုက်သည်။"ဂရုစိုက်ပြီးသွား သား...ရုံးပိတ်ရက်ရှည်တွေရောက်ရင် ဖေဖေ လာခဲ့မယ့်အကြောင်းလည်း မင်းရဲ့ ဘွားကို သေချာပြောပြလိုက်အုံး.."
"ဟုတ်ကဲ့.."
ကားပေါ်မှာ ထိုင်ပြီးတဲ့ အထိ ရပ်စောင့်ကြည့်နေသေးသည့် ဖေဖေ့ကို လက်ပြနှုတ်ဆက်တော့
ဖေဖေက ပြုံးရင်းခေါင်းညိတ်သည်။ဆေးရုံဆင်းပြီး တဲ့အခါ စိတ်ပြေလက်ပျောက် ခရီးထွက်ချင်တယ် လို့ အကြောင်းပြချိန်တုန်းက ဖေဖေရော မေမေရော ခွင့်ပြုခဲ့ ပေမယ့်...
ဆေးရုံကနေ ဆင်းဆင်းချင်း အိမ်ကိုတောင်
မပြန်ဘဲ ကားဂိတ်ကိုတန်းဆင်း ခဲ့တာကိုတော့
မေမေက တားသည်။နောက်တော့ ဖေဖေ ဘာမှ ဝင်မပြောတာကို
အခွင့်ကောင်းယူပြီး ခေါင်းကြောမာ နေခဲ့တဲ့
ကိုယ့်ကို မေမေ လက်လျှော့လိုက်ရသည်။ကားဂိတ်ရောက်တဲ့ အထိ လိုက်ပို့ပေးခဲ့တဲ့ ဖေဖေကတော့ "မင်း ဘွားလဲ သတိရနေမှာပေါ့..သွားတွေ့လိုက်"တဲ့...
နောက်ဆုံးတန်းက
ကားထိုင်ခုံ တွေကို တမင် ရွေးပြီး နှစ်ယောက်စာ ဝယ်ပစ်လိုက်တော့ ....
ချောင်ကျကျ နေရာမှာ တစ်ယောက်တည်းအေးအေးဆေးဆေး...မိနစ်အတန်ကြာတဲ့အခါ..မြို့ပြမြင်ကွင်းတွေ လွန်မြောက်ပြီး.... စိမ်းညို့ညို့အပင်ငယ်လေးတွေ ဆောက်အဦး သေးသေးတွေကြားမှာ ကြိုကြားကြိုကြားမြင်တွေ့လာရသည်။
ရှုပ်ထွေး မွန်းကျပ်တဲ့ လူနေမှု ပတ်ဝန်းကျင်နဲ့ ခြားနားစွာ သစ်ရွက်ငယ်တို့ ပါဝင်တဲ့ စိမ်းရောင်သန်းသည့်မြင်ကွင်းတို့က စိတ်ကို ကုစားသည့်
ဆေးမြီးတို တစ်ခု သဖွယ်...