နွေဦးရာသီ ဖြစ်သော်လည်း မနက်ခင်းစောစောမို့ အအေးဓာတ်က စိမ့်သလိုလို...
လေတစ်ချက် ပြင်းပြင်းဖြတ်တိုက်သွားတော့
ကိုယ်ကို ကျုံ့ကာ
Hoddie အမဲ ရောင်ရဲ့ ခေါင်းစွပ်ကို
ခေါင်းပေါ်ထိ ဆွဲပြီးအုပ်လိုက်ရင်း
ရင်ဘတ်က ဇစ်ကို မေးဖျားထိ ဆွဲတင်လိုက်သည်။အိမ်ဘေးက ပေါင်းမိုးသေးသေး အောက်မှာ
တီလေး ရဲ့ စကူတာ နဲ့ ကျကျနန စည်းနှောင်ထားပေးတဲ့ ပန်းစည်းကြီးက အဆင်သင့်...ပန်းဆိုင်ကို တီလေးကိုယ်စား ပန်းပို့ ပေးမယ် ဆိုတဲ့ လောကွတ်နဲ့ ကြိုးစားပမ်းစား မနက်အစောကြီး အိပ်ရာထခဲ့ခြင်း...
အင်း ကိုယ့်အတွက်က သာ အစောကြီး ဆိုပေမယ့်...တကယ်တမ်းတော့ သတင်းစာပို့တဲ့ ဦးလေးကြီးတောင် တစ်ရပ်ကွက်လုံးအနှံ့ ရောက်ပြီးလို့ ဘွား ဆီကို သတင်းစာ နောက်ဆုံးပို့ခဲ့ပြီး ပြန်သွားလေပြီ....
ဟိုဟိုဒီဒီ သွားဖို့ ပေးစီးခိုင်းရင်တောင်
..စတိုင်မကျ ဘူးဆိုပြီး ...မစီးခဲ့တဲ့ တီလေးရဲ့ စကူတာ နဲ့ ဒီနေ့တော့ နှစ်ပါးသွားရလိမ့်မည်...
ပို့ပေးရမယ့်
ပန်းဆိုင်က အနည်းငယ် အလှမ်းဝေးသည်မို့
ပန်းစည်းကြီး ထမ်းပြီး ခြေလျင်လျှောက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးမဟုတ်လား...စကူတာပေါ် ထိုင်ကာ ..
တီလေး သပ်သပ်ရပ်ရပ် စည်းပေးထားတဲ့
Baby's breathတွေကို ဒူးနှစ်ဖက်ကြားထဲမှာ မှီထောင်လိုက်တော့ အံဝင်ခွင်ကျ..."ဘွားရေ....ကျွန်တော် သွားပြီ"
အိမ်ဖက်ကို တစ်ချက်လှည့်ကာ အော်ခဲ့လိုက်ပြီး
Baby's breath တွေကို မထိခိုက်မိအောင် သတိထားကာ စကူတာ လေးကို မောင်းထွက်ခဲ့လိုက်သည်။လတ်ဆတ်နေတဲ့ လေတွေ ရင်ဘတ်နဲ့အပြည့်
တစ်ဝကြီးရှုပစ်လိုက်ရင်း..
လမ်းမထက် လူရှင်းနေသေးတာကြောင့်
တောင်ကုန်း အဆင်းလမ်းတွေမှာ တမင်အရှိန်မလျှော့ပဲ ထိုးဆင်းကာ ကြောက်စိတ်ဝင်လာတိုင်း
ဟေးခနဲ အော်ပစ်လိုက်... တစ်ခါတစ်ခါ အကျယ်ကြီး အော်ရယ်ပစ်လိုက်...