"ဂျွန်မြောင် လျှောက်မကိုင်နဲ့ အဲ့ဒါတွေက ပိုးသတ်ထားတာ"စတီးဗူးလေးနဲ့ ကျကျနန ထည့်ထားတဲ့ ပစ္စည်းတွေနားရောက်သွားတော့ နောက်ကလှမ်းပြောလိုက်တဲ့ တီလေးအသံ...
"မထိဘူး စိတ်ချ တီလေးရဲ့ ဂွင်းတွေ ဂွ တွေကို"
Mask အုပ်ထားရင်း အလုပ်လုပ်နေတဲ့ တီလေးက မျက်စောင်းတစ်ချက်တော့ ပစ်ကျွေးသွားသေးသည်။ မဟုတ်ဘူးလား..သွားတွေ ချွတ်ပစ်ဖို့ သုံးတဲ့ ဟာ တွေက ဂွင်းတွေ ဂွ တွေ နဲ့ တူတာပဲကို...
"နာတယ်...."
အော်သံ နောက်မှာ ငိုသံက ဗြဲခနဲ...
နားတစ်ဖက်တောင် ကျဉ်သွားသည်အထိ.."ပြီးပြီ ကလေးရေ ခဏလေး နော်"
"မအော်ရဘူးလေ သားရဲ့"
ပါးစပ်ကို ဆွဲဟ ထားတာတောင်မှ
ကယ်ပါ ယူပါ နဲ့ ပီပီသသ အော်ဟစ်နေသေးသည်။တော်တော်ဆိုးတဲ့ ကလေးလို့ ကောက်ချက်ချ ပြီးမှ ..ကိုယ်ငယ်ငယ်က တီလေးသွားနှုတ်ပေးခဲ့တုန်းကလဲ ဒီလောက်နီးနီး သောင်းကျန်း ခဲ့ဖူးတာကို သတိရသည်။
စိတ်ပြေလက်ပျောက် မြို့ထဲမှာ တီလေး ဆေးခန်းထိုင်တဲ့ နောက် လိုက်လာမိ ခါမှ ..အာရုံတွေပါနောက်သည်။ကလေးသံ တွေရော အမေရဲ့အသံတွေ ရော တီလေးအသံရော ကြွက်ကြွက်ကိုညံ
လို့...စိတ်ရှုပ်လာတာကြောင့် ဆေးခန်နောက်ပေါက်တံခါးကို ဖွင့်ထွက်ခဲ့လိုက်သည်...
တောင်ကုန်းလေးပေါ်မှာ ရှိနေတဲ့ တိုက်ခန်းလေးမို့ အနည်းငယ်နိမ့်ကျန်ခဲ့တဲ့ ဆင်ခြေဖုံးရပ်ကွက် လေးတွေကို လှမ်းမြင်နေရသည်။
ပြီးတော့ အရစ်လိုက် အတန်းလိုက် အပင်တွေ
စိုက်ထားတဲ့ စိုက်ခင်းတချို့ ရှိနေသည့် တောင်စောင်းတွေ.....နေရာတော်တော်များများမှာ တွေ့ရတတ်သည့်
ဖုန်ထူထူမြေနီလမ်း လေးတွေကိုလဲ တကယ်သဘောကျပါသည်....