"ဂျီဆိုး""ပြော"
ခေါ်သံကို ပြန်တော့ထူးပေမယ့် Show case ထဲက အလှကုန်ပစ္စည်းတွေဆီက အကြည့်မခွာ...
"မင်း မပြီးသေးဘူးလား ငါခြေထောက်တွေညောင်းနေပြီ"
"ဟိုမှာ ထိုင်ခုံတွေ့လား အဲ့နားမှာထိုင်စောင့်"
တကယ်ကို ညောင်းနေပြီမို့ တွေ့ရာထိုင်ခုံမှာထိုင်ချပစ်လိုက်သည်။ဂျီဆိုး အတင်းကပ်ခေါ်နေတာကြောင့် အတန်းချိန်လစ်ပြီး
ကျောင်းနဲ့ တော်တော်လေးဝေးတဲ့ Minimart ဆီ ခြေလျင် လျှောက်ခဲ့ရသည်..အကြောင်းပြချက်က Valentine Dayမှာ သူ့ရည်းစားကိုပေးဖို့ လက်ဆောင်ရန် အတွက်တဲ့...အနည်းဆုံးတော့ နှစ်ယောက်လောက် တပြိုင်တည်းတွဲတတ်တဲ့ကောင်က ....အခုလက်ရှိဘယ်နှယောက်တွဲနေပြီး..ဘယ်နှယောက်စာလောက်များ
ရည်ရွယ်ပြီး ဝယ်နေသည်လဲမသိ..နာရီဝက်လောက်ကြာသည်အထိ ဈေးဝယ်ခြင်းက မပြီးဆုံးနိုင်...အကြောင်းမရှိအကြောင်းရှာကာ ဖုန်းထဲက ဂိမ်းတချို့ကို ရှာဖွေ ဆော့ရင်းနောက်ထပ် ဆယ့်ငါးမိနစ်လောက်ကြာတော့ အထုပ်တစ်ထုပ်နဲ့ ဆိုင်ထဲကပြန်ထွက်လာသည်။
"ပြီးပြီ ဂျွန်...သွားမယ်"
"ဘာဝယ်ခဲ့လဲ"
"ရေမွှေးဝယ်ခဲ့တယ်..ချောကလက်တွေ ပန်းစည်းတွေက ရိုးပါတယ်ကွာ ..ရေမွှေးလေးပေးပြီး မင်းရဲ့ ဘယ်ဘတ်ရင်ခွင်လေးထက်မှာ ကိုယ့်ရဲ့ ရနံလေးနဲ့ သင်းပျံ့ စေချင်လို့ပါ ဘာညာ တော်ကီလေးထည့်လိုက်မယ်...မိုက်တယ်မလား"
မေးစေ့ကို လက်နဲ့သပ်ရင်း ပြုံးတုန့်တုန့်လုပ်ကာ
မျက်ခုံးတွေပင့်ရင်းမေးလာတဲ့ ဂျီဆိုးက တကယ်ကို မိန်းမကျမ်းကျေတဲ့သူ...ရင်းရင်းနှီးနှီး တွဲလာခဲ့မိတဲ့အခါ ကိုယ့်အပေါ် ခင်မင်ပွင့်လင်းသလောက် တဖက်မှာတော့ ခပ်ပွေပွေလေး နေတတ်သူ...သူ့ ရဲ့ပြုံးရွှင်နေတဲ့ မျက်နှာထားကြောင့် စန်းပွင့်တယ်ပဲပြောရမလား..လူချစ်လူခင်ပေါတယ်လိုပဲ ဆိုရလိမ့်မလား...