"ဖြေနိုင်တယ် မေမေ..""......"
"အင်း.. ကျွန်တော် စာမေးပွဲပြီးရင် တစ်ရက်လောက်ထပ်နေပြီးမှ ပြန်ခဲ့မယ်လေ"
"......."
"ဟုတ်ကဲ့ မေမေ"
မေမေနဲ့ စကားပြောပြီးတော့လက်ထဲကဖုန်းကို စာကြည့်စားပွဲ ပေါ် ချလိုက်ရင်း အနားလာရပ်တဲ့အရိပ်ကြောင့်မော့ကြည့်လိုက်မိသည်။
"ရော့"
လက်ထဲက ဖန်ခွက်ရှည်နဲ့ ကိုယ့်ဘေးနားချထားတဲ့ ကော်ဖီပန်းကန်ကို လဲယူလိုက်ရင်း...
"ပင်မှည့်သီးဖျော်ရည်..ချဉ်ချဉ်လေးဖျော်ပေးထားတယ်..သောက်လိုက်..ကော်ဖီကို ငါပြန်သိမ်းလိုက်မယ်..ညဖက်တွေလဲ အိပ်ရေးမဝဘဲ ကော်ဖီတွေရက်ဆက်သောက်နေရင် ရင်တုန်တာတွေဖြစ်လာလိမ့်မယ်"
"အင်း ကျေးဇူး ဟွန်း"
စာမေးပွဲ ကြောက်တယ်ရယ် လို့တော့မဟုတ်ပေမယ့် .. အနည်းနဲ့အများတော့ စိတ်ဖိစီးမှုရှိသည်မို့ စာမေးပွဲရက်ရှည်သည့်အခါ နောက်ပိုင်းရက်တွေမှာ လူက ခြေကုန်လက်ပမ်းကျလာခဲ့သည်။နောက်ဆုံးကျန်တဲ့ဘာသာတွေကလဲ ကိုယ်အားနည်းသည့် ဘာသာတွေ ဖြစ်တာကြောင့် သောကတွေများပြီး မအိပ်နိုင်ခဲ့ခြင်း..
"စိတ်ပူမနေနဲ့ လုံးလေး .. အောင်ပါတယ် ... မင်းက တော်ပြီးသားပဲ..မင်းလိုလူကမှ စာမေးပွဲကျရင် ဘယ်သူ တွေက အောင်အုံးမှာလဲ"
"အေးပါ... မင်းရော...မနက်ဖြန် ဖြေမယ့် paper အတွက် အဆင်သင့်ဖြစ်ပြီလား"
"အဆင်သင့်ဖြစ်ပြီပဲ ဆိုပါတော့ ငါကအောင်ရုံပဲမှန်းတဲ့ကောင်ဆိုတော့ အေးဆေးပါ..အခုတော့ မင်းဖျော်ထားတဲ့ ကော်ဖီလေး သောက်ရင်း Choice questions တွေပြန်ကြည့်လိုက်အုံးမယ်"
လက်ထဲက ကော်ဖီပန်းကန်ကို မြှောက်ပြရင်း တစ်ငုံသောက်သည်။ကိုယ်သောက်ဖို့ဖျော်ထားတဲ့ ကော်ဖီကို သူ့အတွက်ဖျော်ပေးလိုက်သလို စိတ်ကြီးဝင်နေတဲ့ မျက်နှာထားနဲ့ ပြုံးတုန့်တုန့်လုပ်ကာ လှည့်ထွက်သွားလေသည်။