"ပြန်ကြမလား"
"ဟင့်အင်း"
မေးသူနဲ့ဖြေသူ မျက်နှာချင်းဆိုင်မိတော့ သဘောတကျရယ်ဖြစ်သည်။ပြန်ကြဖို့ တစ်ယောက်ကမေးရင် တစ်ယောက်က ငြင်းနဲ့ တစ်နေရာပြီးတစ်နေရာ ခြေဆန့်ရင်း ကစားကွင်းအရောက်ရောက် ချွေးထုတ်ခန်း အရောက်ရောက်ကနေ နောက်ဆုံး ညရှစ်နာရီလောက်အထိ တံတားပေါ်မှာ သောင်တင်နေကြခြင်း။
တံတားတိုင်တွေကြားကနေ ခြေထောက်တွေထုတ်ကာ တွဲလောင်းချ ထိုင်ရင်း ဟိုးငေးသည်ငေး...အမြဲရောက်ဖြစ်နေကျ နေရာမဟုတ်လေတော့ ခပ်ဝေးဝေးမြစ်ကမ်းပေါ်အိမ်တွေဆီက မီးရောင်တွေ..ရွေ့လျားနေတဲ့ကားမီးရောင်တွေကပင်
အမြင်ဆန်းနေသည့်အလား..."ငါ မာမီ့ကို အပူကပ်ထားတယ် လုံးလေး"
"ဟင်..ဘာကိုလဲ"
"မာမီ့ လို ဆိုင်တစ်ဆိုင်လောက်ဖွင့်ပေးဖို့ပေါ့...ငါပိုက်ဆံရှာတော့မယ်"
"အမယ်.. ဆေးတွေဘာတွေ မှားပြီးစားမိတာလား"
ကိုယ်ကသာရယ်ရယ်မောမော စနောက်လိုက်ပေမယ့် ဟွန်းမျက်နှာက တကယ်ကိုလေးလေးနက်နက်မို့ ကိုယ့်မျက်နှာကိုယ်ပြန်အရှိန်ထိန်းလိုက်ရသည်။
"မာမီ့ဆီက လက်ဖြန့်တောင်းနေရမယ့်အချိန်မဟုတ်တော့ဘူးလို့ တွေးမိလို့..ငါ့အကျင့် ငါ့ပုံစံနဲ့ သူများလက်အောက်မှာ အလုပ်ဝင်လုပ်ရင်လဲ နှစ်ဆယ့်လေးနာရီပြည့်အောင်တောင် ခံမှာမဟုတ်ဘူးဆိုတော့ ..မိဘလက်ငုတ်လက်ရင်းလေးကိုပဲ မိတ္တကူးရမှာပေါ့ ဂျွန်ရာ..တစ်ခုခုအခက်အခဲ ဆိုရင် မာမီ့အကူအညီယူလို့ရတယ်လေ"
"အင်း"
မကြာသေးခင်ကတင် စနောက်ရယ်မော အရွှန်းတွေဖောက်နေခဲ့သေးသည့် ဟွန်းကို ဒီလို တည်တည်ကြည်ကြည်ပုံစံမျိုးနဲ့ မြင်လိုက်ရတော့ အထူးအဆန်းဖြစ်နေတဲ့ကိုယ့်မှာ အလိုက်အထိုက်ခေါင်းညိတ်ရုံအပြင် ပြောစရာစကားရှာမတွေ့...
"ဒါပဲလား ..လိမ္မာပြနေတဲ့ ငါ့ကို မချီးကျူးတော့ဘူးလား..အားပေးစကားလေးဘာလေးရော"